မက်ဆီကို တွေ့ခွင့်မရလို့ အိန္ဒိယ ဘောလုံးပရိသတ်တွေ ပေါက်ကွဲ

ဒီဇင်ဘာ ၁၄ ရက်တုန်းက မွန်ဘိုင်းမြို့မှာမြင်ရတဲ့ မက်ဆီ၊ တီရှပ်အဖြူဝတ်ထားတဲ့ မက်ဆီက လက်တစ်ဖက်ကနေ ဘောလုံးကို ပစ်ပေးနေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

    • ရေးသားသူ, Tom McArthur
    • ရေးသားသူ, အီလ်မာ ဟာဆန်

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့က Salk Lake ဘောလုံးကွင်းကို လီယွန်နယ် မက်ဆီ လာရောက်ခဲ့ပြီးနောက် ဘောလုံး ပရိသတ်တွေက ဒေါသထွက်ကာ ကုလားထိုင်တွေကို ရိုက်ချိုးပြီး ကစားကွင်းထဲကိုလည်း တွေ့ရာ ပစ္စည်းတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခဲ့ကြပါတယ်။

မက်ဆီကို တွေ့ရဖို့အတွက် ဘောလုံးပရိသတ်က ရူပီး ၁၂,၀၀၀ (ပေါင် ၁၀၀၊ အမေရိကန်ဒေါ်လာ ၁၃၃) ပေးပြီး ကွင်းထဲ ဝင်ခဲ့ကြရပေမယ့် သူကစားကွင်းထဲ လျှောက်သွားစဉ် သူ့ကို ခြံရံထားတဲ့ အာဏာပိုင်တွေနဲ့ နာမည်ကျော်ကြားသူတွေကြောင့် မက်ဆီကို မမြင်ရတဲ့အတွက် ပရိသတ်က စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အင်တာမိုင်ယာမီ ကလပ်အသင်းတွေက ရှေ့တန်းဘောလုံးသမား မက်ဆီကို မိနစ် ၂၀ ခန့်အကြာမှာ လုံခြုံရေးတွေ အလျင်အမြန် ပြန်လည် ခေါ်ဆောင်သွားခဲ့တဲ့အတွက် ပရိသတ်တချို့က မကျေမနပ် ဖြစ်ခဲ့ကြတာပါ။

အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မမာတာ ဘန်နာဂျီကတော့ ဒီဖြစ်ရပ်တွေကြောင့် "အလွန်အမင်း စိတ်မသက်သာဖြစ်ပြီး တုန်လှုပ်မိတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးပရိသတ်တွေက သံဇကာကာထားတဲ့စည်းရိုးကို ဖြတ်ကျော်ပြီး ကွင်းထဲကို ဝင်ရောက်ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မက်ဆီ ကွင်းထဲက ထွက်သွားတာနဲ့ ရုန်းရင်းဆန်ခတ် စ ဖြစ်ခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်

မက်ဆီဟာ ကိုလကတ္တား၊ ဟိုက်ဒရာဘတ်၊ မွန်ဘိုင်းနှင့် ဒေလီမြို့တွေမှာ လှည့်လည်ပြီး ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်တွေလုပ်ဖို့ 'GOAT' လို့ခေါ်တဲ့ ခေတ်အဆက်ဆက်မှာ အကြီးမြတ်ဆုံးလို့ အဓိပ္ပာယ်ရတဲ့ ခရီးစဉ်အတွက် အိန္ဒိယသို့ ရောက်ရှိနေတာပါ။

သူ့ခရီးစဉ်ကို ကာလကတ္တားမြို့မှာ လူ ၄၅ ဦးပါဝင်တဲ့ အဖွဲ့က ၂၇ ရက်ကြာ တပ်ဆင်ထားရတဲ့ ပေ ၇၀ (၂၁ မီတာ) အမြင့် ရှိတဲ့ သူ့ပုံတူလို့ ဆိုနေကြတဲ့ ရုပ်တုကို ဖွင့်လှစ်ပြသပြီး စတင်ခဲ့ပါတယ်။ ဒီရုပ်တုဖွင့်ပွဲကို လုံခြုံရေးအကြောင်းပြချက်နဲ့ မက်စီ က အွန်လိုင်းကနေ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် ထောင်သောင်းချီတဲ့ လူတွေက မက်ဆီကို လူကိုယ်တိုင် တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကာလကတ္တားမြို့က ဘောလုံးကွင်းဆီကို သွားရောက်ခဲ့ကြပါတယ်။

သူတို့ဟာ သံစုံဟစ်ကြွေးပြီး ဘောလုံးအင်္ကျီ ဂျာစီတွေဝယ်ကာ "ကျွန်တော် မက်စီကို ချစ်တယ်" ဆိုတဲ့ ခေါင်းစည်းတွေကိုလည်း တပ်ထားကြပါတယ်။

မက်ဆီဟာ အစပိုင်းမှာ ပရိသတ်တွေကို လက်ဝှေ့ယမ်းကာ အားကစားကွင်းထဲကို လမ်းလျှောက်ထွက်လာခဲ့ပေမယ့် ဒီဇင်ဘာ ၁၃ ရက် စနေနေ့မှာ သူရဲ့ ရုတ်တရက် ပေါ်ထွက်မှုဟာ ခဏအတွင်းမှာ အဆုံးသတ်သွားခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ ပရိသတ်တချို့က ကစားကွင်းထဲကို ဝင်ရောက်လာကာ ဆိုင်းဘုတ်တွေနဲ့ ယာယီတဲတွေကို ဖျက်ဆီးခဲ့ကြပါတယ်။

အခြားသူတွေကလည်း ပလပ်စတစ်ထိုင်ခုံတွေ၊ ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဘောလုံးသမိုင်းမှာ အထင်ပေါ်ဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်၊ ၂၀၂၂ ကမ္ဘာ့ဖလားအနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်တဲ့ မက်ဆီ အနေနဲ့ ဘောလုံးကွင်းထဲမှာ အနည်းအကျဥ်း ကစားပြလိမ့်မယ်လို့ ပရိသတ်က မျှော်လင့်ထားကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ခေါင်းဆောင်တွေ၊ သရုပ်ဆောင်တွေပဲ မက်ဆီနားမှာ ဝိုင်းနေတယ်။ ... ဒါဆို ကျွန်တော်တို့ကို ဘာလို့ခေါ်တာလဲ။ ...ကျွန်တော်တို့ ၁၂၀၀၀ ရူပီး လက်မှတ်ဝယ်ထားတယ်၊ သူ့မျက်နှာတောင် မြင်ခွင့်မရဘူး" လို့ ဘောလုံးကွင်းထဲက ပရိသတ်တစ်ယောက်က အိန္ဒိယသတင်းဌာန ANI ကို ပြောပါတယ်။

ဒေါသထွက်နေတဲ့ ပရိသတ်တစ်ယောက်ကလည်း Press Trust of India သတင်းဌာနကို ပြောကြားရာမှာ Ballon d'Or ဆု ရှစ်ကြိမ်တိုင်တိုင် ရထားတဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် မက်ဆီကို မြင်ရဖို့ လူတွေက သူတို့ လုပ်ခ တစ်လစာနဲ့ ညီမျှသော ငွေပေးခဲ့ရတယ်လို့ ပြောပါတယ်။

"ကျွန်တော် လက်မှတ်အတွက် ရူပီး ၅၀၀၀ ပေးပြီး နိုင်ငံရေးသမားတွေကို ကြည့်ဖို့မဟုတ်ဘူး၊ မက်စီကိုကြည့်ဖို့ ကျွန်တော့် သားနဲ့လာခဲ့တာ" လို့ ပြောပါတယ်။

"ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မက်ဆီနဲ့ ဆဲလ်ဖီ ရိုက်နေကြတယ်၊ ဒီကိစ္စမှာ စီမံခန့်ခွဲသူတွေမှာ တာဝန်ရှိတယ်"လို့လည်း တချို့က ဆိုပါတယ်။

မက်ဆီဟာ သူ့ရဲ့ Inter Miami အသင်းဖော် ဥရုဂွေး လက်ရွေးစင် ဘောလုံးသမား လူးဝတ်စ် ဆန်းချက်စ်နဲ့ အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား ရော့ဒရီဂို ဒီ ပေါလ် တို့လည်း လိုက်ပါလာခဲ့ကြပါတယ်။

Reuters သတင်းဌာနအဆိုအရ ဘော်လီးဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်း ကလည်း မနေ့ မနက်အစောပိုင်းက မက်ဆီ ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။

ကွင်းထဲကို သူရောက်ကြောင်း လက်ဝှေ့ရမ်းပြနေတဲ့ မက်ဆီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွင်းထဲကို သူရောက်ကြောင်း လက်ဝှေ့ရမ်းပြနေတဲ့ မက်ဆီ
ကွင်းထဲမှာ ထောင်နဲ့ချီတဲ့ပရိသတ်တွေ စောင့်ဆိုင်းခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွင်းထဲမှာ ထောင်နဲ့ချီတဲ့ပရိသတ်တွေ စောင့်ဆိုင်းခဲ့ကြ
လူအုပ်ကြားထဲ မက်ဆီကို မြင်ရဖို့ခက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူအုပ်ကြားထဲ မက်ဆီကို မြင်ရဖို့ခက်နေ
ဒေါသထွက်နေတဲ့ ပရိသတ်တွေက ထိုင်ခုံတွေကို ဖျက်ဆီးခဲ့တဲ့မြင်ကွင်းက ပွဲကို အကျည်းတန်သွားစေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေါသထွက်နေတဲ့ ပရိသတ်တွေက ထိုင်ခုံတွေကို ဖျက်ဆီးခဲ့တဲ့မြင်ကွင်းက ပွဲကို အကျည်းတန်သွားစေ
မက်ဆီ ထွက်သွားချိန်မှာ ကွင်းထဲကိုရောက်လာတဲ့ပရိသတ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မက်ဆီ ထွက်သွားချိန်မှာ ကွင်းထဲကိုရောက်လာတဲ့ပရိသတ်
ဂိုးတိုင်ပေါ် တက်ထိုင်နေကြတဲ့ အာဂျင်တီးနား ဘောလုံးအသင်းအင်္ကျီဝတ် ပရိသတ်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂိုးတိုင်ပေါ် တက်ထိုင်နေကြတဲ့ အာဂျင်တီးနား ဘောလုံးအသင်းအင်္ကျီဝတ် ပရိသတ်တွေ

ကာလကတ္တားမြို့ဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ခရစ်ကက် ဝါသနာပါတဲ့ နိုင်ငံမှာ ဘောလုံး ပရိသတ်ကြီးကြီးမားမားရှိနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

ဒီမြို့မှာ သိန်းနဲ့ချီတဲ့ ပရိိသတ်ဟာ ဒေသခံကလပ်အသင်းတွေရဲ့ ပြိုင်ဘက် တမြို့ထဲသားချင်း ကန်တဲ့ပွဲတွေကို အားကစားကွင်းကြီးတွေမှာ စုဝေးကြည့်ကြတာ သာမန်ဖြစ်ရပ်ပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုန့်ပြန်မှု ရဖို့ လိုင်ယွန်နယ် မက်ဆီရဲ့ကိုယ်စားလှယ်ဆီကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ဘန်နာဂျီက စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အခုဖြစ်ရပ်အတွက် မက်ဆီနဲ့ ဘောလုံးပရိသတ်ကို တောင်းပန်ခဲ့ပါတယ်။

"ကော်မတီက ဖြစ်ရပ်ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို နောင် ဒီလို ဖြစ်ရပ်ထပ်မဖြစ်ဖို့ ကာကွယ်ရေးအစီအမံတွေ အကြံပြုသွားမယ်" လို့ ပြည်နယ် ဝန်ကြီးချုပ်က X လူမှုကွန်ယက် ကနေ ပြောကြားခဲ့ပါတယ်။

ဒီပွဲကို "အဓိကစီစဉ်သူ" ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက AFP ကို ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိခဲ့ပါဘူး။

လက်မှတ်ဝယ်ယူခဲ့သူတွေကိုလည်း ပွဲ စီစဉ်သူတွေက ငွေပြန်အမ်းဖို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမယ်လို့လည်း အဲဒီရဲအရာရှိက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) ကတော့ သူတို့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ခြင်းမရှိကြောင်း ပြောပါတယ်။

မနေ့ စနေနေ့ မနက်စောစောအချိန်တုန်းက ထောင်ချီတဲ့ ပရိသတ်တွေဟာ မက်စီတည်းခိုတဲ့ ဟိုတယ်အပြင်ဘက်က လမ်းတွေပေါ်မှာ တန်းစီ စုဝေးကာ သူ့ကို လူချင်းတွေ့ ဆုံနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အသက်၂၄ နှစ်အရွယ် ရှေ့နေ ဟိတက်ရှ် ဟာ အိန္ဒိယတောင်ပိုင်းမြို့ဖြစ်တဲ့ ဘန်ဂလိုးမြို့ ကနေကီလိုမီတာ ၁၉၀၀ နီးပါး လေယာဉ်စီးလာခဲ့ရတာ ဖြစ်ပါတယ်။

"ကျွန်တော့် ကိုယ်ပိုင်ခံစားချက်ကို ပြောရရင် ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်က အရပ်ပုတယ်၊ ကျွန်တော် သူငယ်ချင်းတွေနဲ့ ဘောလုံးကစားရတာ ကြိုက်တယ်" လို့ ဟိတက်ရှ်က မက်ဆီ ရုပ်တုရှေ့မှာ ရပ်ပြီး ဘီဘီစီကို ပြောပါတယ်။

"မက်စီဟာ ကျွန်တော် အကြိုက်ဆုံး ကစားသမားပါ၊ သူ့ရဲ့ပါရမီကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ လောကမှာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို သူပေးတယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒါတွေဟာ ဘာစီလိုနာနဲ့ ပါရီ စိန့်-ဂျာမိန်း (PSG)အသင်းတွေမှာ ရှေ့တန်းကစားခဲ့သူ မက်ဆီအတွက် အိန္ဒိယ ပရိသတ်တွေရဲ့အားပေး ဂုဏ်ပြုမှုတွေထဲက မပြောပလောက်တဲ့ ချစ်ခင်မှုလို့ ဆိုနိုင်ပါတယ်။

ပရိသတ်တွေဟာ "Hola Messi" ရုပ်ထုရှိရာ နေရာကိုလည်း သွားရောက်လည်ပတ်နိုင်ပြီး သူ့ကိုယ်လုံးကိုယ်ထည် အရွယ်အစားအစစ်အတိုင်း ပြုလုပ်ထားသော မက်စီရုပ်တုကို ရာဇပလ္လင်ပေါ် ထိုင်နေဟန်ဖြင့် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဆုတံဆိပ်တချို့နဲ့ အလှဆင်ထားတဲ့ ခန်းမ၊ သူနဲ့ သူ့မိသားစု မိုင်ယာမီက သူ့အိမ်ဝရံတာမှာ ထိုင်နေဟန်ဖြင့် ပြုလုပ်ထားတဲ့ ပုံတူတွေကိုလည်း ကြည့်ရှုနိုင်ကြပါတယ်။