ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် မက်ဆီ၊ ပြင်သစ် အသင်း၊ သမိုင်းသစ်ရေးထိုးထားတဲ့ မော်ရိုကိုနဲ့ ခရိုအေးရှား အသင်းတို့ အကြောင်း

လာမယ့် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကစားကြမယ့် ဆီမီးဖိုင်နယ်ပွဲနှစ်ပွဲက ကမ္ဘာ့ဖလား ဘောလုံးပရိသတ်တွေကို စောင့်ကြိုနေပြီး၊အဲဒီ အသင်းလေးသင်း နဲ့ပတ်သက်တာတွေကို ဖော်ပြလိုက်ပါတယ်။
ဆီမီးဖိုင်နယ်မှာတွေ့ကြမယ့် အာဂျင်တီးနားနဲ့ ခရိုအေးရှား ၊ ပြင်သစ်နဲ့မော်ရိုကို အသင်းတွေထဲက ဘယ်အသင်းတွေ ဗိုလ်လုပွဲ တက်မယ်၊ ဘယ်အသင်း ချန်ပီယံဖြစ် မယ်ဆိုတဲ့အဖြေကလည်း လာမယ့်တစ်ပတ်အတွင်း သိရတော့မှာဖြစ်ပါတယ်။

မက်ဆီ အချိန်ကျပြီလား
အခုဆီမီးဖိုင်နယ်ပွဲမှာ လူတွေသိသိသာသာ စိတ်ဝင်အစားဆုံးကိစ္စက ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မလား ဆိုတဲ့ကိစ္စပါ။
မက်ဆီဟာ စပိန်လာလီဂါချန်ပီယံဆု (၁၀) ကြိမ်၊ ပြင်သစ်ပထမတန်း ချန်ပီယံဆု တစ်ကြိမ်၊ ဥရောပချန်ပီယံလိဂ် (၄) ကြိမ် ရထားတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၁ ခုနှစ် ကိုပါအမေရိက ချန်ပီယံဆုနဲ့ နှစ်စဥ်ချီးမြှင့်နေတဲ့ ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆု Ballon d'Or awards ကိုလည်း (၇)ကြိမ်တိတိ စံချိန်တင်ရရှိထားတဲ့သူ တစ်ယောက်ပါ။
ဘရာဇီးက ပီလီ၊ အာဂျင်တီးနားက မာရာဒိုနာတို့လို အခြား ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေနဲ့ အသက် ၃၅နှစ် ရှိပြီဖြစ်တဲ့ မက်ဆီနဲ့ မတူတဲ့ အချက်က ကမ္ဘာ့အားကစားလောကရဲ့ အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားဆုကို အခုအချိန်ထိ တစ်ကြိမ်မှ သူ မရဖူးသေးတာပါ။
မက်ဆီကို အားပေးတဲ့ ကမ္ဘာအနှံ့က ပရိသတ်တွေကလည်း သူ့ကို ကမ္ဘာ့ဖလားချန်ပီယံဆု ရစေချင်ကြမှာ သေချာပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆု နှစ်ကြိမ်ရထားတဲ့ အာဂျင်တီးနားအသင်းဟာ မာရာဒိုနာဦးဆောင်တဲ့ အသင်းနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံမဖြစ်တာ ၃၆ နှစ်နီးပါးရှိသွားပါပြီ။
မက်ဆီ ဝင်ကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ သူ ရခဲ့တဲ့အမြင့်ဆုံးဆုက ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲက ဒုတိယဆုပါ။
ဒီ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးမှာ ခရိုအေးရှားအသင်းကို အနိုင်ယူကျော်ဖြတ်ပြီး သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအိပ်မက်ကို မက်ဆီ အကောင်အထည်ဖော်နိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မော်ရိုကို စံချိန်သစ် ထပ်တင်နိုင်မလား
မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာနဲ့တင် သမိုင်းသစ် ရေးထိုးထားပြီးပါပြီ။
မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံက မော်ရိုကို အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ဆီမီးတက်ခွင့်ရတဲ့ ပထမဆုံး အာဖရိတိုက်က အာရပ်အသင်းအဖြစ် မှတ်တမ်းတင်ထားပါတယ်။
သူတို့အသင်းရဲ့ ကစားသမားစာရင်းမှာ ချဲလ်ဆီးက ဟာကင်ဆီရက်စ်ချ်နဲ့ ပီအက်စ်ဂျီက အာချက်ဟာကီမီတို့ ရှိပေမယ့် မော်ရိုကိုအသင်း ဒီအဆင့်ထိ ရောက်လာမယ်လို့ ဘယ်သူကမှ မခန့်မှန်းကြပါဘူး။
ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ပါတဲ့ အုပ်စုက အုပ်စုဗိုလ်၊ ၁၆သင်း ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ်မှာ စပိန်နဲ့ ပေါ်တူဂီကို အနိုင်ယူပြီး ဆီမီးတက်လာတဲ့ မော်ရိုကိုအသင်း ဗိုလ်လုပွဲမတက်နိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူး။ မော်ရိုကိုအသင်းအနေနဲ့လည်း ရတဲ့အခွင့်အရေးကို အမိအရအသုံးချပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ ကြိုးစားမှာပါ။
သူတို့ အသင်းရဲ့ အောင်မြင်မှုကို ခိုင်မာတောင့်တင်းတဲ့ နောက်တန်းအင်အား ၊ ကစားအားလုံးဝမချဘဲ တောက်လျှောက်တင်ကစားခဲ့တဲ့ လုပ်အားတွေနဲ့ တည်ဆောက်ထားတာပါ။
ပြီးတော့ သူတို့အသင်းဟာ ပြိုင်ပွဲကာလတွေမှာ စိတ်အားထက်သန်ပံ့ပိုးပေးမှုတွေ အပြည့်ရခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။
ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ အိမ်ရှင် ကာတာနိုင်ငံအတွက်သာမက အရှေ့အလယ်ပိုင်းဒေသနဲ့ မွတ်ဆလင်အားလုံးအတွက်လည်း ပါတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ ပြင်သစ်နဲ့ ကစားတဲ့ပွဲ မှာ သူတို့ အသင်း စံချိန်သစ် ထပ်တင်ပြီး ပျော်နိုင်ကြမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

မော်ရိုအသင်းနဲ့ ယှဥ်ပြိင်ကစားရမယ့် ပြင်သစ်အသင်းက ဥရောပအကောင်းဆုံး လက်ရွေးစင် ဘောလုံးအသင်းတွေထဲက တစ်သင်းပါ။
ဘရာဇီးအသင်း ၁၉၅၈နဲ့ ၁၉၆၂ ကမ္ဘာ့ဖလားပွဲတွေမှာ နှစ်ကြိမ်ဆက်ချန်ပီယံဖြစ်ပြီးနောက်ပိုင်း နှစ် ၆၀အတွင်းမှာ ဘယ်အသင်းမှ နှစ်ကြိမ်ဆက်ချန်ပီယံမဖြစ်ဘူးသေးတဲ့အတွက်၊ ဒီပွဲမှာတော့ လက်ရှိချန်ပီယံပြင်သစ်အသင်းက အဲ့ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။
ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ခုနှစ်ပြိုင်ပွဲ မတိုင်ခင် ၁၂ နှစ်အတွင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အီတီလီ၊ စပိန်နဲ့ ဂျာမနီအသင်းတို့ဟာလည်း ချန်ပီယံ ထပ်ဖြစ်ဖို့နေနေသာသာ အုပ်စုအဆင့်ကိုတောင် မကျော်နိုင်ခဲ့တဲ့ အသင်းတွေပါ။
အဲဒီ အသင်းတွေမရခဲ့တဲ့ ရလဒ်ကို ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ရယူနိုင်မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ပြီးတော့ စနေနေ့က အင်္ဂလန်အသင်းကို အနိုင်ရပြီး ဆီမီးတက်လာတဲ့ ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားမှာ ဆီမီးတက်ခဲ့တဲ့ လက်ရှိချန်ပီယံ ဘရာဇီးနောက်ပိုင်း ပထမဆုံး ဆီမီးတက်ခွင့်ရခဲ့တဲ့ လက်ရှိ ချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်း မန်နေဂျာ ဒီဒီယာ ကတော့ မော်ရိုကိုအသင်းနဲ့ ကစားရမယ့်ပွဲကိုပဲ ပိုအာရုံစိုက်နေတယ်လို့ ပြောပါတယ်။
ဒုတိယအကြိမ်ဗိုလ်လုပွဲ တက်နိုင်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သူ့ကို မေးကြည့်တော့ ပြောဖို့စောပါသေးတယ်လို့ ပြန်ဖြေပါတယ်။

ခရိုအေးရှား ဗိုလ်လုပွဲ ထပ်တက်ဦးမှာလား
ခရိုအေးရှားက အာဂျင်တီးနားကိုနိုင်၊ ပြင်သစ်က မော်ရိုကိုကို နိုင်ရင်တော့ ၂၀၁၈ ဗိုလ်လုပွဲမှာ တွေ့ခဲ့သလို သူတို့ နှစ်သင်း ပြန်တွေ့ကြဖို့ရှိပါတယ်။
မယုံနိုင်လောက်စရာ ခံနိုင်ရည်ရှိမှုတွေကို ခရိုအေးရှားအသင်းသားတွေက ပြသပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းလာတာပါ။
ပြီးခဲ့တဲ့လေးနှစ် ၂၀၁၈ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ်မှာ ဒိန်းမတ်နဲ့ ရုရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးတက်လာသလိုမျိုး၊ အခုကမ္ဘာ့ဖလားပွဲမှာလည်း ဂျပန်နဲ့ ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ခရိုအေးရှားအသင်း ဆီမီးတက် လာတာပါ။
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်တွေမှာ ခရိုအေးရှားအသင်း သာမန်ပွဲကစားချိန် မိနစ်၉၀အတွင်းအနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲကတော့ လွန်ခဲ့တဲ့၂၄ နှစ် ၁၉၉၈ ကမ္ဘ့ာဖလား ကွာတားဖိုင်နယ်မှာ ဂျာမနီကို ၃-၀နဲ့ အနိုင်ရတဲ့ပွဲပါ။
ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ အားထုတ်မှုအကြာင်းကို ပြောရမယ်ဆိုရင် အသက် ၃၇နှစ် ကွင်းလယ်ကစားသမား အသင်းခေါင်းဆောင် လူကာမိုဒရစ်ရဲ့ကြိုးစားမှုကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ အချိန်ပိုတွေ ကစားနေရပေမယ့်လည်း သူကစားတဲ့ကစားအားက လုံးဝမကျသွားပါဘူး။
၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲမှာ အာဂျင်တီးနားက ခရိုအေးရှားကို ၀-၃နဲ့ ရှုံးထားခဲ့ဖူးအတွက် အာဂျင်တီးနားအသင်းသားတွေအနေနဲ့ ခရိုအေးရှားအသင်းကို လျှော့တွက်လို့မရမှာတော့ သေချာပါတယ်။








