လူ ၁၅ ဦးသေဆုံးတဲ့ နယူးအောလင်းတိုက်ခိုက်မှု IS အဖွဲ့ကို အားကျပြီးလုပ်တဲ့လုပ်ရပ်လို့ဆို

တိုက်ခိုက်မှုမှာ ထိခိုက်ခံစားရသူတစ်ဦးရဲ့ ဆက်စပ်သူ အမျိုးသားတစ်ဦးနဲ့ ရဲတစ်ဦးတို့ ပွေ့ဖက် အားပေးနေတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

    • ရေးသားသူ, မယ်လာရီ မွန့်ချ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

အမေရိကန် နယူးအောလင်းစ်မှာ နှစ်သစ်ကူးနေ့ မနက်အစောပိုင်းမှာ ကားတစီးက လူအုပ်ကြီးထဲ ဝင်တိုက်လို့ သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာပါတယ်။

နောက်ထပ် လူ ၃၅ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ အမျိုးသားတယောက်က လူအများအပြားကို ထိခိုက်နာကျင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဗူးဗွန်လမ်းထဲ ထရပ်ကားကို အမြန်မောင်း ဝင်လာပြီး လူအုပ်ထဲကို အရှိန်နဲ့ ဝင်လာကြောင်း နယူးအောလင်း ရဲမင်းကြီး အန်း ကာ့က်ပက်ထရစ်က ပြောပါတယ်။

ဒီလူက အတားအဆီးတွေကို ဝင်တိုက်ပြီးနောက် ရဲ အရာရှိ နှစ်ယောက်ကို ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ အကြမ်းဖက်မှု ဟုတ်မဟုတ် ပူးပေါင်း စစ်ဆေးနေကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်သူလို့ မသင်္ကာသူကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် လူတွေ ပြေးလွှားကုန်ကြတယ်လို့ မျက်မြင်သက်သေတယောက်က ပြောပြီး ဒီဖြစ်ရပ်အပြီး ဒဏ်ရာရ သေဆုံးသူတွေ အနားကနေ ဖြတ်လျှောက်ခဲ့ရကြောင်းလည်း ပြောပါတယ်။

ရဲက ပိတ်ဆို့ထားတဲ့ ဗူးဗွန်နဲ့ မြောင်းကြီးလမ်းဆုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရဲက ပိတ်ဆို့ထားတဲ့ ဗူးဗွန်နဲ့ မြောင်းကြီးလမ်းဆုံ

ဗူးဗွန်နဲ့ မြောင်းကြီးလမ်းဆုံမှာ ဒဏ်ရာတွေနဲ့ လဲနေသူတွေကို စီဘီအက်စ် သတင်းထောက်တယောက်က တွေ့ပါတယ်။

ဘီဘီစီက အတည်ပြုထားတဲ့ ဗီဒီယိုမှာတော့ လမ်းပေါ်မှာ လူတယောက် လဲနေပြီး သေနတ်သံလိုမျိုး ကြားရချိန်မှာ လူစုကွဲသွားတာကို တွေ့ရပါတယ်။

နယူးအောလင်းမှာ ဒီလောက်ဆိုးတာ တခါမှ မတွေ့ဖူးဘူးလို့လည်း အခင်းဖြစ်ပွားချိန်မှာ ဗူးဗွန်လမ်းက အရက်ဘားတခုမှာ ပိတ်မိနေတဲ့ ဝှစ် ဒေးဗီးစ်က ပြောပါတယ်။

တိုက်ခိုက်သူ ဘယ်သူလဲ သိရပြီ

တိုက်ခိုက်သူ

ဓာတ်ပုံ ရင်းမြစ်, FBI

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သတင်းဖော်ပြနေချိန်မှာပဲ တိုက်ခိုက်သူဟာ တက္ကဆက်ပြည်နယ်က အသက် ၄၂ နှစ်အရွယ် ရှမ်ဆွတ် ဒင် ဂျာဘာဆိုသူ စစ်ပြန်ဟောင်း အမေရိကန်နိုင်ငံသားဖြစ်တယ်လို့ FBI က ပြောလာပါတယ်။

အခုတော ဖယ်ရှားလိုက်ပြီဖြစ်တဲ့ သူ့ရဲ့ LinkedIn ပရိုဖိုင်အရ ဂျာဘာဟာ အမေရိကန်စစ်တပ်မှာ ရာထူး အမျိုးမျိုး တာဝန်ထမ်းခဲ့သူပါ။ စစ်တပ်ကနေ တာဝန်မပြီးခင်အထိ လူ့အရင်းအမြစ်၊ နည်းပညာ စတဲ့ ဌာန တွေမှာလုပ်ခဲ့သူပါ။ သူဟာ အာဖဂန်နစ္စတန်နိုင်ငံကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ အထိ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတယ်။

၂၀၂၀ ခုနှစ်တုန်းက တင်ခဲ့တဲ့ ယူကျူ့ ဗီဒီယို တစ်ခုမှာတော့ ဂျာဘာဟာ အခုတစ်ချိန်မှာတော့ စစ်တပ်က သူ့ကို သင်ပေးခဲ့တာဟာ ''အရာအားလုံး အချိတ်အဆက်ရှိနေအောင် အားလုံးကို အလေးထားပြီး မြန်မြန်ဆန်ဆန်တုံ့ပြန်တတ်ဖို့ သင်ကြားပေးခဲ့ပြီ'' လို့ ပြောခဲ့တဲ့အကြောင်း စီဘီအက်စ်သတင်းဌာန သတင်းမှာဖော်ပြပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ကွန်ပြူတာသတင်းအချက်အလက်စနစ်များဆိုင်ရာဘာသာရပ်နဲ့ ဘွဲ့ရပါတယ်။

နှစ်ကြိမ် အိမ်ထောင်ကျဖူးပြီး ပထမအိမ်ထောင်က ၂၀၁၂ ခုနှစ်မှာ အဆုံးသတ်ခဲ့တာ ဒုတိယအိမ်ထောင်ကတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ မြဲခဲ့တယ်လို့လည်း စီဘီအက်စ်က ပြောပါတယ်။

အိမ်ခြံမြေ စျေးကွက်မှာလည်း ကျင်လည်ခဲ့ပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်တဲ့ လိုင်စင်တစ်ခုကို လက်ဝယ်ကိုင်ထားသေးတာကြောင့်ဖြစ်ပါတယ်။

ဂျာဘာမှာ ရာဇဝတ်မှုကျူးလွန်တဲ့သမိုင်းကြောင်းလည်းရှိပြီး အဲဒါတွေက ယာဥ်စည်းကမ်းချိုးဖောက်မှုနဲ့ လုယက်မှုတွေပါဝင်ပါတယ်။

တိုက်ခိုက်မှုမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းတွေလည်း ပါဝင်နေတယ်လို့ လူဝီစီယားနား ရှေ့နေချုပ် ပြော

လူဝီစီယားနားပြည်နယ် ရှေ့နေချုပ် လစ်ဇ် မာရေးကတော့ ဇန်နဝါရီလ ၁ ရက်၊ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရှေ့နေချုပ်ကတော့ နယူးအောလင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြောကြားချိန်မှာ '' လူတစ်ဦးထက်မနည်းပါဝင်နေတယ်ဆိုတယ်ဆိုတာကို အတိုင်းအတာတစ်ခုအထိ အသေအချာပြောနိုင်ပါတယ်'' လို့ NBC သတင်းကို ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ မသင်္ကာသူတိုက်ခိုက်ရေးသမားဟာ ဒီတိုက်ခိုက်မှုအတွက် ''တစ်ဦးတည်းသောလက်သည်'' ဖြစ်တယ်လို့ ယူဆထားတဲ့အကြောင်း အစောပိုင်းမှာ ပြောခဲ့တာပါ။

ရှေ့နေချုပ်ကတော့ တိုက်ခိုက်မှုနဲ့ဆက်နွှယ်နေတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို လူတစ်ဦးထက်မနည်း ငှားရမ်းနေထိုင်နေတဲ့ တိုက်ခန်းတစ်ခုအတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက သံသယ ဝင်တဲ့အကြောင်းကိုလည်း ထည့်ပြောပါတယ်။

ရှေ့နေချုပ်ကတော့ နှစ်စဥ်ကျင်းပနေကျ တက္ကသိုလ်အဆင့် အမေရိကန်ဘောလုံးပြိုင်ပွဲ Sugar Bowl ကို သောကြာနေ့အထိ ဆိုင်းထားသင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲကို ကြာသပတေးအထိ ဆိုင်းထားမယ်လို့ သိရပါတယ်။

တိုက်ခိုက်သူရဲ့ထရပ်ကားထဲကနေ ရဲက ဘာတွေ့ထားလဲ

 နှစ်သစ်ကူးနေ့ မနက်အစောပိုင်းမှာ ကားတစီးက လူအုပ်ကြီးထဲ ဝင်တိုက်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, နှစ်သစ်ကူးနေ့ မနက်အစောပိုင်းမှာ ကားတစီးက လူအုပ်ကြီးထဲ ဝင်တိုက်

နယူးအောလင်းတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ထရပ်ကားထဲနဲ့ ကားပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ သက်သေတွေအကြောင်း ရဲတပ်ဖွဲ့က ပြောလာပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်(IS) အဖွဲ့ အလံတစ်ခုကို တိုက်ခိုက်မှုဖြစ်ရပ်အပြီး ထရပ်ကားနောက်ဘက်ခန်းထဲမှာ တွေ့ခဲ့ရတယ်လို့ FBI က ပြောပါတယ်။ အခုတော့ ဒီတိုက်ခိုက်မှုကို ''အကြမ်းဖက်လုပ်ရပ်အဖြစ်'' မှတ်ယူပြီး စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။

ပေါက်ကွဲစေတတ်တဲ့ပစ္စည်းလို့ ယူဆရတာတွေကို ပစ်ကပ်ထရပ်ကားထဲမှာ တင်မကဘဲ မြို့ထဲက ပြင်သစ်ရပ်ကွက်မှာ တွေ့ရှိခဲ့တာကြောင့် တိုက်ခိုက်သူဟာ တစ်ဦးတည်း လုပ်ဆောင်ခဲ့တာ ဟုတ် မဟုတ် ဆိုတဲ့မေးခွန်းတွေလည်း ရဲအတွက် ထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ပစ်ခတ်ရာမှာ အသံမထွက်အောင် လုပ်ပေးတဲ့ပစ္စည်းတပ်ထားတဲ့ ပြောင်းရှည်သေနတ်တစ်လက်ကိုလည်း ရဲက တွေ့ရှိထားပါတယ်။

အိုင်အက်စ်အဖွဲ့ဆိုတာ ဘာလဲ

တိုက်ခိုက်မှုပြုလုပ်ခဲ့သူရဲ့ ကားထဲမှာ အိုင်အက်စ်အဖွဲ့ရဲ့ အလံကို တွေ့ရတာကြောင့် တိုက်ခိုက်သူအမျိုးသားနဲ့ အိုင်အက်စ်အဖွဲ့ကြား ဆက်နွှယ်မှုရှိ မရှိဆိုတာကို စုံစမ်းနေပြီလို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ခန့်တုန်းကတော့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့က နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မြန်မြန်ဆန်ဆန်ပဲ ကြီးထွားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုတော့ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တွေဟာ ကမ္ဘာ့တိုက်ကြီး အတော်များများမှာရှိနေပါတယ်။ ဒါပေမဲ့ ဆီးရီးယားမှာ အခြေစိုက်တဲ့ခေါင်းဆောင်မှုကတော့ အားနည်း ကျဆင်းနေပါတယ်။

အိုင်အက်စ်အဖွဲ့ နာမည် အောက်ကနေ လုပ်ဆောင်တဲ့တိုက်ခိုက်မှု အများစုဟာ အာဖရိက ဆာဟာရ မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ နောက်အဖွဲ့ခွဲဖြစ်တဲ့ အိုင်အက်စ် ခိုရာဆန်ခရိုင် (ISKP) ဆိုတဲ့အဖွဲ့လည်း အရှေ့နဲ့ ဥရောပမှာဖြစ်နေပါတယ်။

အိုင်အက်စ်အဖွဲ့ ထွန်းပေါက်နေချိန်တုန်းကတော့ ဥရောပမှာ လူသေဆုံးမှုများတဲ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ လူပေါင်း ၁၃၀ သေဆုံးပြီး ၂၀၁၅ ခုနှစ်တုန်းက ပါရီမြို့မှာဖြစ်ခဲ့တဲ့ ဘာတာကလန် ဂီတရုံ တိုက်ခိုက်မှုလည်း ပါဝင်ပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ အကြမ်းဖက်မှုဖြန့်ဖို့ လူမှုကွန်ရက်ကို အသုံးချနေပြီး မကြာသေးခင်တုန်းကတောင် ဂါဇာမှာဆက်ဖြစ်လုပ်နေတဲ့ အစ္စရေးရဲ့ စစ်ပွဲအတွက် လက်တုံ့ပြန်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ အိုင်အက်စ်အဖွဲ့ရဲ့ လက်ရှိခေါင်းဆောင်ပိုင်းအခြေအနေတွေကိုတော့ သိရတာနည်းပါးနေဆဲပါ။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ စက်ဆုပ်ဖွယ်လုပ်ရပ်လို့ အခုတိုက်ခိုက်မှုကို ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်အပြီး လူထုရှေ့ ထွက်ပြောတဲ့ ရုပ်သံမှာဆိုရင်လည်း ဒီဖြစ်ရပ်မှာ ထိခိုက်ခံစားရသူတွေကို စာနာကြောင်း ကနဦးပြောပါတယ်။

"သေဆုံးခဲ့တဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေအပါအဝင် ပူဆွေးနေကြတဲ့ နယူးအောလင်းက လူထုကို ပြောချင်တာကတော့ ကျွန်တော်လည်း အားလုံးနဲ့အတူ ပူဆွေးနေပါတယ်'' လို့ သမ္မတက ထုတ်ပြောသွားပါတယ်။

ဒီဖြစ်ရပ် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဖြည့်စွက် ဖော်ပြပေးနေပါတယ်။ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။