ဆစ်ဒနီကုန်တိုက်ထဲ ဓားနဲ့တိုက်ခိုက်ခံရလို့ အနည်းဆုံး လူ ၆ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဩစတြေးလျနိုင်ငံရဲ့ အဓိက မြို့ကြီးဖြစ်တဲ့ ဆစ်ဒနီမှာ ရှိတဲ့ လူစည်ကားရာ စျေးဝယ်စင်တာတစ်ခုမှာ ဓားနဲ့ထိုး တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅ ယောက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုနောက်ဆုံး ဝင်လာတဲ့ သတင်းတွေအရ နောက်ထပ်တစ်ဦး သေဆုံးသွားကြောင်း အတည်ပြုနိုင်တဲ့ အတွက် သေဆုံးသူ ၆ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
ဘွန်ဒီလမ်းဆုံ ဝက်စ်ဖီးလ်ဒ် ကုန်တိုက်ကြီးထဲ နေ့ခင်း ၃ နာရီကျော်အချိန်မှာ အခင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေ အပြင် ကလေးငယ်တစ်ဦး အပါအဝင် နောက်ထပ် လူတချို့လည်း ဒဏ်ရာတွေ ရခဲ့ပြီး၊ စိုးရိမ်ရဖွယ် အခြေအနေထိအောင် ဒဏ်ရာပြင်းထန် နေသူတွေ ရှိနေပါတယ်။ သူတို့ကို ဆေးရုံတင် ကုသမှုတွေ ပေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျူးလွန်သူဟာ အမျိုးသမီး ရဲမှုထမ်းတစ်ဦးနဲ့ ရင်ဆိုင်တွေ့ပြီးတဲ့နောက်၊ သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဓားသမားဟာ တခြား အပေါင်းအဖော် မပါပဲ တစ်ကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
ဒါပေမယ့် လက်ရှိ အချိန်ထိတော့ လူပေါင်း ရာဂဏန်းတချို့ထိအောင် ကယ်ထုတ်ပေးခဲ့ရတဲ့ အခင်းဖြစ်ရာ ကုန်တိုက် ရှိရာဘက် အများသူငါ မသွားလာကြဖို့ လူတွေကို ရဲတပ်ဖွဲ့ဝင်တွေက သတိပေးနေပါတယ်။
ဘာအကြောင်းကို အခြေခံပြီး အခုလို တိုက်ခိုက်ခဲ့တာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကြောင်းအရင်းကို သိရအောင် ဆက်လက်စုံစမ်းနေပါတယ်။ ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘနီးစ်က တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ကြရသူတွေရဲ့ မိသားစုကို ဝမ်းနည်းစကား ပြောပါတယ်။
ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ထောက် ရဲကော်မရှင်နာမင်းကြီး အန်ထော်နီ ကွတ်ခ်က အခုလို ပြောပါတယ်။
“တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၅ ဦးထိ ရှိကြောင်း ကျွန်တော် သိထားရပါတယ်။ လူတချို့ကိုလည်း ဆေးရုံတင်ထားရတာမှာ ဒဏ်ရာပြင်းထန်သူတွေ၊ စိုးရိမ်စရာ အခြေအနေမှာ ရှိသူတွေ ပါဝင်နေပါတယ်။ သူတို့ ဘယ်သူဘယ်ဝါတွေလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ ကျွန်တော့်ဆီ ရောက်မလာသေးပါဘူး။ ဆေးရုံ ပို့လိုက်ရသူတွေထဲ ကလေးငယ် တစ်ဦးပါဝင်တယ်လို့တော့ သိထားရပါတယ်” ဆိုပြီး ပြောသွားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုန်တိုက်တွင်း တိုက်ခိုက်မှုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ မျက်မြင်သက်သေတချို့နဲ့ ဘီဘီစီ စကားပြောခဲ့ရပါတယ်။
မျက်မြင်တစ်ဦးပြောတာက ….
“အဲဒီသူရဲ့ မျက်နှာကို သေခြာ မမြင်ခဲ့ရပါဘူး။ ကျွန်မ ကြောက်လန့်တကြားနဲ့ ထွက်ပြေးခဲ့ရတာပါ။ ကျွန်မတော့ ကိုယ့်ကိုယ်ကိုယ် သေတော့မှာပဲ ဆိုတဲ့ အတွေးနဲ့ ပြေးခဲ့ရတာပါ” လို့ ဆိုပါတယ်။
မျက်မြင်နောက်တစ်ဦးကတော့ သူပြေးရင်းလွှားရင်း ရှနဲလ် ရေမွှေးဆိုင်ထဲက ကြမ်းပြင်ပေါ် အမျိုးသမီးတစ်ဦး လဲကျနေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“လူတိုင်း ကြောက်လန့်တကြားနဲ့ ပြေးကြရတာပါ။ ကလေးတွေလည်း အများကြီး ရှိနေပါတယ်” ဆိုပြီး အင်ဒရူး ဆိုသူက ပြောပါတယ်။








