အာကာသထဲ ဆင်းလမ်းလျှောက်မယ့် ဘီလျံနာသူဌေးရဲ့ ကိုယ်ပိုင် အာကာသခရီးစဥ် စတင်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် စွန့်ဦးတီထွင် ဘီလျံနာသူဌေး ဂျာရက် အိုင်ဇက်မင်ဟာ အာကာသထဲ အစိုးရ အစီအစဉ်နဲ့ မဟုတ်ပဲ ပုဂ္ဂလိက ကိုယ်ပိုင် အစီအစဉ််နဲ့ ပထမဆုံး လမ်းလျှောက်သူ ဖြစ်လိုတဲ့ သူ့ရဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။
သူငွေကြေးမတည်တဲ့ ပိုလာရစ်ဒွန် Polaris Dawn အာကာသ ခရီးစဉ် စတင်ခဲ့ပြီ ဖြစ်တာမှာ၊ သူ ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့ လိုက်ပါသွားတဲ့ Resilience ရက်ဇေးလိယန့်စ် (အခက်အခဲတွေကို မမှုပဲ ကြံ့ကြံခံ ကျော်ဖြတ်နိုင်မှု လို့ အဓိပ္ပာယ်ရ) အာကာသယာဉ်ငယ်ကို စပေ့စ်အိတ်ဇ် SpaceX ကုမ္ပဏီရဲ့ ဖယ်လ်ကွန် ၉ ဒုံးပျံက အာကာသထဲ ခေါ်ဆောင်သွားပါတယ်။
မစ္စတာ အိုင်ဇက်မင်ဟာ တိုက်လေယာဉ်တွေက အစ လေတပ်သုံး စစ်လက်နက်ပစ္စည်းတွေ ထုတ်ပြီး ကမ္ဘာအနှံ့ တင်ပို့တဲ့ ဒရက်ကင် အင်တာနေရှင်နယ် ကုမ္ပဏီကို ထူထောင်သူ ဖြစ်သလို၊ အရောင်းအဝယ် စီးပွားရေးတွေမှာ ငွေကြေးပေးချေမှု ဝန်ဆောင်မှု ဖြစ်တဲ့ Shift4 Payments ကုမ္ပဏီရဲ့ စီအီးအို အမှုဆောင် အရာရှိချုပ်လည်းပဲ ဖြစ်ပါတယ်။
မစ္စတာ အိုင်ဇက်မင် က ကွန်မန်ဒါ အဖြစ် ဒီ ခရီးစဉ်ကို ဦးဆောင်ပြီး စကော့ ပိုတိ ဆိုတဲ့ အမေရိကန် လေတပ်က အငြိမ်းစား လေယာဉ်မှူးနဲ့အတူ Space X ကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့ ဆာရာ ဂျေးလက်စ် နဲ့ အဲနာ မီနွန် ဆိုတဲ့ အင်ဂျင်နီယာ နှစ်ယောက်လည်း လိုက်ပါ သွားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့ရဲ့ အာကာသယာဉ် ရက်ဇေးလိယန့်စ်ဟာ ကမ္ဘာပတ်လမ်းကနေ တဆင့် မြေကမ္ဘာကနေ မိုင် ၈၇၀ ဝေးတဲ့ အထိ သွားကြမှာ ဖြစ်ပါတယ်။
ဒါဟာ အနှစ် ၅၀ ကျော် အတွင်း မြေကမ္ဘာကနေ အဝေးဆုံး၊ မြေကြီးအထက် အမြင့်ဆုံး အာကာသ ခရီးကို နှင်တာ ဖြစ်ပါတယ်။
၁၉၇၀ ပြည့်ကျော်နှစ်တွေမှာ အမေရိကန် နာဆာရဲ့ အပိုလို ခရီးစဉ်တွေ ရပ်နားခဲ့ပြီးတဲ့ နောက်ပိုင်း အာကာသထဲ အဲဒီလို ဝေးတဲ့ နေရာထိ ဘယ်လူသားမှ မရောက်သေးပါဘူး။
ဒီ အဖွဲ့ ကျော်ဖြတ်သွားမယ့် နေရာထဲ အာကာသသိပ္ပံ ဘာသာရပ်မှာ ဗန်အယ်လင် ခါးပတ်လမ်း ဆိုပြီး ရည်ညွှန်း ခေါ်ကြတဲ့ စွမ်းအင်မြင့်မားတဲ့ ရေဒီယို ဓာတ်ရောင်ခြည်လှိုင်းတွေ ဖြတ်သန်းရာ နေရာလည်း ပါဝင်ပါတယ်။
အဲဒီ ခရီးလမ်းကြောင်းကို ရည်ရွယ်ပြီး ယာဉ်ပျံရော၊ အာကာသယာဉ်မှူးတွေရဲ့ ဝတ်စုံတွေကိုပါ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်လို့ အဆင့်မြှင့်ထားပါတယ်။
ISS နိုင်ငံတကာ အာကာသ စခန်း ပေါ်က သူတွေ သင့်တဲ့ ဓာတ်ရောင်ခြည် ပမာဏ ၃ လ စာ လောက် ဒီလမ်းကြောင်းက ဖြတ်သွားသူတွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီ ခရီးစဉ်ရဲ့ ဒုတိယနေ့မှာပဲ ရည်မှန်းထားတဲ့ အဝေးဆုံး အမြင့်ဆုံး အကွာအဝေးထိ အောင် ရောက်အောင်သွားမှာ ဖြစ်ပြီး၊ လက်တွေ့ စမ်းသပ်မှု အမျိုးအစားပေါင်း ၄၀ လောက် လုပ်ဆောင်ကြမယ်လို့ ဆိုပါတယ်။
သူတို့ လုပ်ဆောင်ကြမှာတွေထဲ စပေ့စ်အိတ်ဇ် Space X ရဲ့ ဒရက်ဂွန် အာကာသယာဉ်နဲ့ စပေ့စ်အိတ်ဇ်ရဲ့ စတားလင့် ဂြိုဟ်တုကြား အပြန်အလှန် လေဆာ ဆက်သွယ်ရေး အခြေအနေ အပေါ်မှာ ဆန်းစစ်သွားမယ့် အလုပ်လည်း ပါဝင်ပါတယ်။
ရည်မှန်းထားသမျှ အဆင်ပြေ ချောမွေ့တယ်ဆိုရင် တတိယနေ့မှာတော့ မစ္စတာ အိုင်ဇက်မင်နဲ့ ဆာရာ ဂျေးလက်စ် တို့ အာကာသထဲ ထွက်ပြီး လမ်းလျှောက်ကြမှာ ဖြစ်ပါတယ်။
၂ နာရီထိ ကြာအောင် အာကာသထဲ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပါတယ်။








