လူသားတွေရဲ့တီထွင်ဖန်တီးမှုအစ- ရှေးအကျဆုံး အင်ဒိုနီးရှား ဂူပန်းချီ
- ရေးသားသူ, ပေးလက်ဘ် ဂိုရှ်
- ရာထူးတာဝန်, သိပ္ပံသတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၉
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ ကျွန်းက ဂူတစ်ခုမှာ တွေ့ရှိခဲ့တဲ့ လက်ပုံသဏ္ဍာန် ပန်းချီဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ဂူတွင်းပန်းချီဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ကောက်ချက်ချကြပါတယ်။
ဒီပန်းချီဟာ လက်ချောင်းတွေကို ပြန်လည်ပြုပြင်ထားတဲ့ အနီရောင် လက်ဖဝါးအနားသတ်ပုံစံဖြစ်ပြီး ဒီပန်းချီကို ကြည့်ရင် သင်္ကေတဆန်တဲ့စိတ်ကူးဉာဏ်မှာ အစောဆုံး အဆင့်မြင့်လာတာတစ်ခုကို ပြသနေတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
ဒီပန်းချီဟာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၇,၈၀၀ ကျော်က ဖြစ်ပါတယ်။ အရှေးအကျဆုံးမှတ်တမ်းတင်ထားတဲ့ စပိန်နိုင်ငံက လက်ပုံတူပန်းချီ ထက်ကို နှစ် ၁,၁၀၀ လောက် ပိုစောပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ လူသားမျိုးနွယ်ဝင်ဖြစ်တဲ့ ဟိုမိုဆေးပီးယန်းတွေဟာ အရင်က ဆဟူးလ်လို့ ခေါ်တဲ့ ကျယ်ပြန့်တဲ့ ဩစတြေးလျ-နယူးဂီနီ ဆက်စပ်နယ်မြေကို သုတေသနပညာရှင်တချို့ ခန့်မှန်းထားတာထက် နှစ်ပေါင်း ၁၅,၀၀၀ လောက် ပိုစောပြီး ရောက်ရှိခဲ့တယ်ဆိုတဲ့ အယူအဆကို ပိုမိုခိုင်မာစေပါတယ်။
အနုပညာလက်ရာနဲ့ စိတ်ကူးပန်းချီအတွေးအခေါ် တွေဟာ ရေခဲခေတ်ကာလ ဥရောပတိုက်ကနေ ပြန့်ပွားလာတယ်ဆိုတဲ့အတွေးအခေါ်ကို လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းက လေ့လာတွေ့ရှိချက်တွေက ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။
ဂူနံရံပန်းချီတွေက လူသားတွေ တကယ့်စိတ်ကူးယဉ်ဆန်တဲ့သင်္ကေတနဲ့ တွေးတတ်လာတဲ့ အချိန်ကို ပြတဲ့ အဓိကလက္ခဏာတစ်ခုလို့ ယူဆကြပါတယ်။ အဲဒီလိုစိတ်ကူးဉာဏ်က ဘာသာစကား၊ ဘာသာရေး၊ သိပ္ပံပညာတွေရဲ့အရင်းခံဖြစ်နေတာပဲ။
အစောပိုင်း ပန်းချီတွေနဲ့ ထွင်းထုပန်းချီတွေကိုကြည့်ရင် လူတွေဟာ ကမ္ဘာကြီးကို တုံ့ပြန်နေတာထက် ဖော်ကျူးပြသနေတာ တွေ့နိုင်ပါတယ်။ ဘယ်မျိုးစိတ်တွေမှ မဖော်ကျူးနိုင်တဲ့ဖြစ်ရပ်တွေ၊ မှတ်တမ်းမှတ်ရာတွေကို ဒါတွေက တဆင့်ပြောပြနေတာပါ။
Nature ဂျာနယ်မှာ ထုတ်ဝေတဲ့နောက်ဆုံးတွေ့ရှိချက်တွေအရ လူသားတွေရဲ့ဉာဏ်အလင်းပွင့်မှု ဟာ ဥရောပတိုက်က စတင်ခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ကို ပိုပြီးခိုင်မာစေတယ်လို့ ဒီရှာဖွေတွေ့ရှိမှုမှာ ပူးတွဲဦးဆောင်ပါဝင်တဲ့ ဩစတေးလျနိုင်ငံ၊ ဂရစ်ဖစ်တက္ကသိုလ်က ပါမောက္ခ အဒမ် ဘရမ်က ဘီဘီစီကို ပြောပါတယ်။
တီထွင်ဖန်တီးမှုတွေဟာ လူသားမျိုးနွယ်တွေရဲ့ မွေးရာပါဖြစ်တယ်ဆိုတာ ဆင့်ကဲမှုဖြစ်စဉ်စတင်ခဲ့တဲ့ အာဖရိကတိုက်က သက်သေအထောက်အထားတွေ ကြည့်ရင်သိနိုင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝ ၉၀ ခုနှစ်တွေဝန်းကျင်တုန်းက လူသားတွေရဲ့ တီထွင်ဖန်တီးမှုတွေဟာ ဥရောပတိုက်ရဲ့နေရာလေးတစ်ခုကနေ ဖြစ်လာတယ်လို့ သင်ရတယ်။ အခု ခေတ်သစ်လူတွေရဲ့အမူအကျင့်တွေ နောက်ပြီး အင်ဒိုနီးရှားက အနုပညာလက်ရာတွေဟာ ဥရောပ ဗဟိုပြုတဲ့အတွေးအခေါ်တွေ ရပ်တည်နိုင်ဖို့ ခက်ခဲသွားစေတယ်" လို့ ပါမောက္ခ အဒမ် ဘရမ် က ပြောပါတယ်။
ရှေးအကျဆုံး စပိန်ဂူဆေးရေးပန်းချီကတော့ စပိန်နိုင်ငံတောင်ပိုင်း မယ်လ်ထရာဗီယက်ဆို ဂူမှာတွေ့ခဲ့တဲ့ အနီရောင်လက်ဖဝါးပုံ ပန်းချီဖြစ်ပါတယ်။ နှစ်ပေါင်း ၆၆,၇၀၀ သက်တမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ အဲဒီပန်းချီဟာ ဒီလောက်သက်တမ်းမရှိဘူးဆိုပြီး ငြင်းဆိုကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အနည်းဆုံး နှစ်ပေါင်း ၄၀,၀၀၀ သက်တမ်းရှိတဲ့ လက်ပုံနဲ့ တိရစ္ဆာန်ပုံတွေ ရေးဆွဲတဲ့လက်ရာတွေကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းမှာ ၂၀၁၄ ခုနှစ်က တွေ့ရှိခဲ့ပါသေးတယ်။ တဆက်တည်းမှာပဲ ခန့်မှန်းခြေ နှစ် ၄၄,၀၀၀ သက်တမ်းရှိတဲ့ အမဲလိုက်မြင်ကွင်းတစ်ခု ရေးဆွဲထားတဲ့ လက်ရာကိုလည်း တွေ့ခဲ့ပါတယ်။ နောက်ပြီး အနည်းဆုံး နှစ်ပေါင်း ၅၁,၂၀၀ သက်တမ်းရှိတဲ့ ဝက်နဲ့ လူပုံစံ ဇာတ်လမ်းကို ဖော်ကျူးတဲ့လက်ရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တစ်ဆင့်ချင်း ရှာဖွေတွေ့ရှိမှုတိုင်းက ပိုရှုပ်ထွေးတဲ့ဖန်တီးမှုတွေဟာ အချိန်ကာလအားဖြင့် ပိုနောက်ပြန်ဆုတ်သွားတယ်လို့ ဂရစ်ဖစ်တက္ကသိုလ်က ပရော်ဖက်ဆာ မက်ဇင် အောဘတ်က ဆိုပါတယ်။
"အစက ဥရောပတိုက်နဲ့ သက်တမ်းအတူတူ အနည်းဆုံး နှစ် ၄၀,၀၀၀ သက်တမ်းရှိမယ်လို့ ပဲ သတ်မှတ်ထားတာ။ ပန်းချီကို အနီးကပ်ပြီး ကြည့်လိုက်တော့ ဆူလာဝေစီက ပန်းချီက နောက်ထပ် နှစ်ပေါင်း ၂၈,၀၀၀ လောက် ရှေးကျနေတဲ့အဖြေ ထွက်လာခဲ့တယ်" သူက ပြောပါတယ်။
နောက်ဆုံးတွေ့ရှိမှုကတော့ ဆူလာဝေစီ အရှေ့တောင်ပိုင်းက မူနာ ကျွန်းမှာရှိတဲ့ လျန် မီတန်ဒူနို ထုံးကျောက်ဂူမှာ ဖြစ်ပါတယ်။
ဒါဟာ ဆေးမှုတ်တဲ့နည်းနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။ ရှေးခေတ် ပန်းချီဆရာတစ်ယောက်ဟာ ဂူနံရံမှာ လက်ကို ကပ်ထားပြီး၊ ဆိုးဆေးတွေကို ပါးစပ်ကနေ မှုတ်ထုတ်၊ ထွေးထုတ်လိုက်ပြီး လက်ကို ပြန်ဖယ်လိုက်ရင် ကျောက်နံရံပေါ်မှာ လက်ရဲ့အဖြူရောင်အနားသတ်ပုံစံ ကျန်ရစ်ခဲ့တာမျိုး ဖြစ်ပါတယ်။
တပိုင်းတစဖြစ်နေတဲ့ လက်ရဲ့အပေါ်မှာတော့ သတ္တုအပိုင်းအစတချို့ ဖုံးနေပါတယ်။ သေချာ စစ်ဆေးကြည့်တဲ့အခါ ဒီလက်ရာဟာ နှစ်ပေါင်း ၆၇,၈၀၀ သက်တမ်းရှိနေတယ်ဆိုတာတွေ့ ရပါတယ်။ ဒါဟာ မှန်မှန်ကန်ကန်စစ်ဆေးထားတဲ့ကမ္ဘာပေါ် က ဂူဆေးပန်းချီတွေအထဲ ရှေးအကျဆုံး လက်ရာ ဖြစ်လာပါတယ်။
ပိုအရေးကြီးတာက ပန်းချီဆရာဟာ နံရံပေါ်ကပ်ထားတဲ့ သူ့လက်ကို ဆေးရည်ဖြန်းရုံပဲ လုပ်ခဲ့တာ မဟုတ်လောက်ဘူးလို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ahdi Agus Oktaviana
မူရင်း လက်ပုံတူ ပန်းချီလုပ်ပြီးတဲ့အခါ လက်ချောင်းတွေကို လက်သည်းပုံပေါက်အောင် ခပ်ကျဉ်းကျဉ်းနဲ့ ခပ်ရှည်ရှည်ဖြစ်အောင် အနုစိပ် ရေးဆွဲပါတယ်။ ဒါဟာ "ကျွန်တော်တို့လို အခုခေတ်လူသားတွေ လုပ်တဲ့အရာ" လို့ ဘရမ်က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄,၀၀၀ ဝန်းကျင်က လူသားမျိုးနွယ်ဝင်ဖြစ်တဲ့ နီယန်ဒါသာလ်လူမျိုးတွေရဲ့ စပိန်နိုင်ငံက ဂူတွင်း ပန်းချီတွေမှာတောင် ဒီလိုလက်ရာမျိုးမတွေ့ရဘူးလို့ သူကပြောပါတယ်။ စပိန်က လက်ရာကို သက်တမ်း သတ်မှတ်တဲ့နည်းနာတွေကိုလည်း သုတေသီတွေက မေးခွန်းထုတ်ကြပါတယ်။
အခုလို မူနာကျွန်းမှာ ပန်းချီတွေ မတွေ့ခင်က တခြားတွေ့ရှိတဲ့ ပန်းချီတွေအားလုံးဟာ ဆူလာဝေစီ အနောက်တောင်ဘက်က မားရော့စ် ပန်ကပ် ထုံးကျေက်တောင်တန်းဒေသက ဖြစ်ပါတယ်။ ဆူလာဝေစီကျွန်းရဲ့မျက်နှာချင်းဆိုင်က ကျွန်းမှာ အသစ်ရှာတွေ့တာကို ကြည့်ရင် ဒီလက်ရာတွေကို ဒေသခံတွေက လက်တည့် စမ်းပြီး ရေးဆွဲခဲ့တာမဟုတ်ဘဲ ဒေသအတွင်း နက်နက်ရှိုင်းရှိုင်းပျံ့နှံ့နေတဲ့ယဉ်ကျေးမှုကြောင့်ဆိုတာ တွေ့ရပါတယ်။
ဘရမ်ရဲ့အပြောအရ အင်ဒိုနီးရှားလုပ်ဖော်ကိုင်ဖက်တွေရဲ့ နှစ်နဲ့ချီ ကွင်းဆင်းလေ့လာမှုတွေကြောင့် ဝေးလံခေါင်ဖျားဒေသတွေမှာပါ ကျောက်ပန်းချီ ရေးဆွဲထားတဲ့နေရာတွေ ရာနဲ့ချီကိုတွေ့ရှိခဲ့ပြီး တချို့ ဂူတွေကိုဆိုရင် ပန်းချီရေးဆွဲဖို့ နှစ် သောင်းနဲ့ချီ ထပ်ခါထပ်ခါ အသုံးပြုခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လျန် မီတန်ဒူနိုမှာဆိုရင် တူညီတဲ့ နံရံပြင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀,၀၀၀ ခန့်က ရေးဆွဲခဲ့တဲ့ ပိုပြီးသက်တမ်းနုတဲ့ တခြားပန်းချီတွေကိုလည်း တွေ့ရတဲ့အတွက် ဒီဂူတစ်ခုတည်းမှာတင် အနုပညာဖန်တီးမှုတွေဟာ အနည်းဆုံး နှစ်ပေါင်း ၃၅,၀၀၀ ကြာအောင် တည်ရှိခဲ့တာကို ပြနေပါတယ်။

ဆူလာဝေစီကျွန်းက အရှေ့တောင်အာရှတိုက်နဲ့ ရှေးဟောင်း ဆဟူးလ်တိုက်ကြီးကို ဆက်သွယ်ထားတဲ့ မြောက်ဘက် ပင်လယ်ရေလမ်းကြောင်းမှာ တည်ရှိနေတာဟာ အဘော်ရီဂျင်နယ် ဩစတြေးလျလို့ခေါ်တဲ့ ဩစတြေးလျဌာနေလူမျိုးတွေရဲ့အဘိုးအဘွားတွေ ဘယ်အချိန်ကတည်းက စရောက်လာခဲ့သလဲဆိုတာ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
နှစ်တွေနဲ့ချီ ရှေးဟောင်းသုတေသနနေရာတွေနဲ့ မျိုးရိုးဗီဇတွေကို အသားပေးလေ့လာချက်တွေ အရ ဟိုမိုဆေးပီးယန်း လူသားမျိုးနွယ်တွေက ဩစတြေးလျ-နယူးဂီနီ ကုန်းမြေ ရှေးဟောင်း ဆဟူးလ်တိုက်ကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅ သောင်းဝန်းကျင်က ရောက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုတော့ ဆူလာဝေစီမှာ ဟိုမိုဆေးပီးယန်း လူသားမျိုးနွယ်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၇,၈၀၀ က အခြေချပြီး ရှုပ်ထွေးဆန်းပြားတဲ့အနုပညာတွေ ဖန်တီးခဲ့တဲ့ ခိုင်မာတဲ့သက်သေတွေရှိလာပြီဖြစ်ပါတယ်။
''ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅,၀၀၀ ဝန်းကျင်က ဩစတြေးလျနိုင်ငံမြောက်ပိုင်းမှာ လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့အငြင်းပွားစရာ တွေ့ရှိချက်တွေက အခုတော့ အမှန်ဖြစ်လာပါပြီ'' လို့ အင်ဒိုနီးရှား အမျိုးသားသုတေသနနှင့် ဆန်းသစ်တီထွင်မှု အေဂျင်စီ (BRIN) က ရှေးဟောင်း သုတေသနပညာရှင် အဒီ အဂတ် အော့တာဗီယာနာက ပြောပါတယ်။
"ဆူလာဝေစီမှာ ဒီပန်းချီတွေကို ဖန်တီးခဲ့တဲ့လူတွေဟာ နောက်ပိုင်းမှာ ဒေသအနှံ့ ပျံ့နှံ့သွားပြီး နောက်ဆုံးတော့ ဒေသအတွင်းနဲ့ ဩစတြေးလျနိုင်ငံကို ရောက်ရှိသွားတဲ့ လူစုကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ဖို့များတယ်" လို့ သူက ပြောပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်တွေက ဥရောပတိုက်က လူတွေရဲ့ အသိဉာဏ်အလင်းပွင့်မှု "ဘစ်ဘန်" ဆိုတဲ့ အယူအဆကို ငြင်းခုန်ခဲ့ကြဖူးပါတယ်။ အကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀,၀၀၀ လောက်က ဟိုမိုဆေးပီးယန်း လူသားမျိုးနွယ်တွေရောက်လာပြီး မကြာခင်မှာပဲ ဂူဆေးပန်းချီတွေ၊ ကျောက်ထွင်းလက်ရာတွေနဲ့ ပန်းပုလက်ရာတွေ ပြင်သစ်နဲ့ စပိန်မှာ ထွန်းကားခဲ့ကြလို့ပါ။
စပိန်နိုင်ငံက အယ်လ်တာမီရာဂူ နဲ့ ပိရမစ်ပုံစံရှိတဲ့ အယ်လ် ကက်စတီလိုလို ပြောင်မြောက်တဲ့ ရေခဲခေတ် လက်ရာတွေကလည်း ရေခဲခေတ် ဥရောပတိုက်မှာ အနုလက်ရာတွေ ညတွင်းချင်း တိုးတက်ခဲ့တယ်ဆိုတဲ့အယူအဆက ပိုပြီးခိုင်မာစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားက တောင်အာဖရိကရှိ ဘလွန်ဘို့စ် ဂူလို နေရာတွေကနေ ထွင်းထုထားတဲ့ မြေနီခဲတွေ၊ ပုတီးစေ့တွေနဲ့ သင်္ကေတအမှတ်အသားတွေဟာ အာဖရိကမှာ သင်္ကေတအပြုအမူတွေဟာ အဲဒီထက် အများကြီး စောစောကတည်းက ရှိနေခဲ့ကြောင်း ပြသခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ်မှာ တွေ့တဲ့ အလွန်ရှေးကျတဲ့ ထင်ထင်ရှားရှား ပန်းချီတွေ၊ ဇာတ်ကြောင်းတွေပါတဲ့ပန်းချီတွေကလည်း သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးလိုက်ပါပြီ။
လူသားတွေရဲ့ တီထွင်ဖန်တီးမှုတွေဟာ ပိုပြီး နက်ရှိုင်း၊ ကျယ်ပြန်တဲ့သမိုင်းကြောင်းရှိခဲ့တယ်လို့ ပါမောက္ခ မက်စင်း မိုဘက်က ပြောပါတယ်။
"ဒါက ဘာကို ညွှန်ပြနေလဲဆိုတော့ လူသားတွေ မှာ ဒီလို စွမ်းရည်မျိုးတွေ ဟိုးအရင်ကတည်းက ရှိနေတယ်ဆိုတာပါ။ အာဖရိကကနေ ပြောင်းလာတဲ့အချိန်က ဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီထက်လည်း စောနိုင်ပါတယ်"









