မြင်စိုင်းနားမှာ ထုံးကျောက်တောင်တွေမိုင်းခွဲလို့ နံရံပန်းချီတွေထိခိုက်

burma

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း

ဓာတ်ပုံ ပုံစာ, မြင်စိုင်းနားမှာ ထုံးကျောက်တောင်တွေ ပေါ

ရှေးလက်ရာတွေ တည်ရှိရာ မြင်စိုင်းမြို့ဟောင်း ရှေးဟောင်းဇုန်နားမှာ ထုံးကျောက်တောင် ဖြိုတဲ့အတွက် ရှေးဟောင်း နံရံပန်းချီတွေ ပြိုကျ ပျက်စီးတာတွေ ရှိနေပြီး အမြန်ဆုံး ထိန်းသိမ်းဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင် အသင်းက တောင်းဆို လိုက်ပါတယ်။

မြင်စိုင်းဟာ ပုဂံပြီးရင် နောက်ကလာတဲ့ ပင်းယခေတ် သမိုင်းကို ဖော်ပြနိုင်တဲ့ သမိုင်းလက်ရာတွေ အဓိက တည်ရှိရာဒေသ ဖြစ်ပါ တယ်။

ပင်းယမြို့ မတည်ခင် မြင်စိုင်းမှာ အခြေစိုက်တဲ့ ရှမ်းညီနောင်သုံးပါးက ကျူးကျော်လာတဲ့ တရုတ်တပ်တွေကို ဒီမြို့ကနေ ခုခံခဲ့လို့ မြန်မာသမိုင်းမှာ ထင်ရှားခဲ့ပါတယ်။

ဒီမြင်စိုင်းဇုန်ထဲမှာ ထည့်သွင်းမထားပေမယ့် ပင်းယခေတ် လက်ရာ နံရံပန်းချီ တွေကျန်နေသေးတဲ့ ဂူတွေလည်း ဇုန်အနီးမှာ ရှိနေ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Min Hla Kyaw Din

ဓာတ်ပုံ ပုံစာ, ပင်းယမြင်စိုင်းကောင်းစားတုန်းက စဉ့်ကွင်းအုတ်ချပ်

ဒီလိုဂူတွေထဲက တလုံးဖြစ်တဲ့ စိတ္တဂုတ္တဂူ အနားမှာ ကျောက်မိုင်းခွဲလို့ နံရံပန်းချီလက်ရာတွေ ပြိုကျပျက်စီးတာ မကြာခင်က ဖြစ်ခဲ့ ပါတယ်။

ရှေးဟောင်းဇုန်ထဲမှာ မပါတဲ့ ဂူတွေဟာ ထုံးကျောက်တောင်တွေအနားမှာ ရှိလို့ မိုင်းခွဲတဲ့အခါ ပြိုကျပျက်စီးတာတွေ ရှိတယ်လို့ မြန်မာ နိုင်ငံ ရှေးဟောင်း သုတေသန ပညာရှင်အသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်က ဘီဘီစီကို ပြောပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Min Hla Kyaw Din

ဓာတ်ပုံ ပုံစာ, ပင်းယက ရှေးဟောင်းနံရံပန်းချီ

သမိုင်းတန်ဖိုး ကြီးတဲ့ မြင်စိုင်း အနီးမှာ တည်ရှိတဲ့ စက်ရုံတွေက လိုအပ်တဲ့ ထုံးကျောက်တွေ ရရှိဖို့ တောင်တွေကို မိုင်းခွဲတဲ့အတွက် ဒါတွေကို အချိန်မီ မတားဆီး နိုင်ရင် ရှေးလက်ရာတွေ ပျောက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဦးသူရအောင်က ပြောပါ တယ်။

မိုင်းခွဲတာတွေကြောင့် နံရံပန်းချီတွေထိခိုက် နေတာတွေ ဆက်မဖြစ်အောင် ရပ်ခိုင်းဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကြောင်း ကြားပြီး ဒီဂူတွေကို သွားစစ်ဆေး နေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Min Hla Kyaw Din

ဓာတ်ပုံ ပုံစာ, ပင်းယဒေသက ရှေးဟောင်းဘုရားတဆူ

မြင်စိုင်းမြို့ဟောင်းဟာ ပင်းယခေတ်သမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်တဲ့ အရေးပါတဲ့ မြို့ဟောင်းဖြစ် သလို ပုဂံခေတ် နှောင်းပိုင်းကို လေ့လာဖို့ အတွက်လည်း ရှေးဟောင်း အထောက် အထားတွေ ကိန်းအောင်းရာ အရေးကြီး ဒေသတခုပါ။

ဒီလက်ရာတွေ မပျောက်ပျက်ဖို့ ဇုန်ဧရိယာကို တိုးချဲ့ပြီး အစိုးရက ထိန်းသိမ်း ဖို့ လိုနေပြီ လို့လည်း ရှေးဟောင်း သုတေသန ပညာရှင် အသင်းက ထောက်ပြပါတယ်။