ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း အရေး အတွက် ဥရောပရဲ့ မျှော်လင့်ချက်
ယူကရိန်း သမ္မတ ဇယ်လန်းစကီးဟာ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဗြိတိန်မှာ ရောက်ရှိနေပါတယ်။ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ အလက်စကာမှာ ဒေါ်နယ် ထရမ့် နဲ့ ဗလာဒီမီယာ ပူတင်တို့ မတွေ့ဆုံခင် ဥရောပ က ယူကရိန်းပါဝင်သင့်တယ် ဆိုတဲ့ တောင်းဆိုချက်ကို ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီး နောက်ဆုံး တွန်းအားပေး တိုက်တွန်းသွားဖို့ ရှိနေပါတယ်။ ယူကရိန်း အတွက် ဗြိတိန်ရဲ့ ပံ့ပိုးမှုတွေဟာ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် စတာမာက မနေ့က ပြောကြားထားပါတယ်။ ဒေါ်နယ် ထရမ့် နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ ယူကရိန်း နဲ့ ဥရောပ အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပြီး၊ အလက်စကာ ဒေသ အန်ခါးရေ့ချ်မှာ မနက်ဖန် လုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲမှာတော့ ဗြိတိန် ဝန်ကြီးချုပ် စတာမာရော ယူကရိန်း သမ္မတပါ ပါဝင်မှာ မဟုတ်ပါဘူး။ အမေရိကန် သမ္မတ က မနက်ဖန် လုပ်မယ့် ဆွေးနွေးပွဲဟာ ယူကရိန်း သမ္မတပါဝင်ကောင်း ပါဝင်နိုင်တဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ဖြစ်မြောက်အောင် စားပွဲဝိုင်း သတ်မှတ်ဖို့သာ ဖြစ်တယ်လို့ ရည်ညွှန်း ပြောဆိုပါတယ်။ ယူကရိန်း အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့ ဒေါ်နယ် ထရမ့်ကို တိုက်တွန်းနေတဲ့ ဥရောပ ခေါင်းဆောင်တွေနဲ့ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ မနေ့က ပြောဆို ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ် ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။