အီကို-စီးတီးမြို့သစ်အတွက် 'လူသတ်ခွင့်ပေးထားတဲ့' ဆော်ဒီတပ်ဖွဲ့

မာလင် သောမတ်စ် နဲ့ လာရာ အယ် ဂီဘလီ

BBC Verify and BBC Eye Investigations

The Line, a linear city

ဓာတ်ပုံ ရင်းမြစ်, Shutterstock

ဓာတ်ပုံ ပုံစာ, သည်လိုင်း (The Line) က ဆော်ဒီအာရေးဗျဧရာမ စီမံကိန်းကြီး နီရွန်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်

အနောက်နိုင်ငံက ကုမ္ပဏီတွေ ဒါဇင်နဲ့ချီ ပါဝင်လုပ်ကိုင်နေပြီး သဲကန္တာရထဲမှာ တည်ဆောက်နေကြတဲ့ ခေတ်ရှေ့ပြေး မြို့အတွက် မြေနေရာ ရှင်းလင်းရာမှာ ဆော်ဒီအာရေးဗျ အာဏာပိုင်တွေက လူသတ်ခွင့်ပေးထားကြောင်း ထောက်လှမ်းရေးအရာရှိဟောင်း တယောက်က ဘီဘီစီကို ပြောပါတယ်။

နီရွန် ဧရာမ စီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် သည်လိုင်း (The Line) ကို တည်ဆောက် ဖို့ ရှင်းလင်းတဲ့နေရာမှာ ဆော်ဒီအာရေးဗျ နိုင်ငံအတွင်း ဒေသမျိုးနွယ်စု ရွာတရွာ က ရွာသူရွာသားတွေကို နှင်ထုတ်ဖို့ သူ့ကို အမိန့်ပေးခဲ့ကြတယ်လို့ ဗိုလ်မှူးကြီး ရာဘစ် အလီနက်ဇီက ပြောပါတယ်။

နှင်ထုတ်တာကို ဆန့်ကျင်ဆန္ဒပြတဲ့ ရွာသားတယောက် နောက်ပိုင်းမှာ အပစ်သတ်ခံခဲ့ရပါတယ်။

ဒီအကြောင်းမေးတဲ့အခါ ဆော်ဒီအစိုးရနဲ့ နီရွန် စီမံကိန်း နှစ်ဖက်လုံးက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံစီးပွားရေးက ရေနံကို မှီခိုနေရတဲ့ ဘဝကနေ ကင်းလွတ်အောင် ချမှတ်ထားတဲ့ ဆော်ဒီ ရှေ့ရေးအမြင် ၂၀၃၀ (Saudi Vision 2030) ဗျူဟာရဲ့ အစိတ်အပိုင်း အီကို-ရပ်ဝန်း စီမံကိန်း နီရွန် အတွက် ဒေါ်လာ ဘီလျံ ၅၀၀ ရင်းနှီးမြှုပ်နှံကြမှာပါ။

အဲဒီစီမံကိန်းရဲ့ ထိပ်တန်း စီမံချက်ဖြစ်တဲ့ သည်လိုင်း (The Line) က မော်တော်ကား ကင်းမဲ့တဲ့ မြို့အဖြစ် တည်ဆောက်မှာဖြစ်ပြီး မီတာ ၂၀၀ အကျယ်နဲ့ ၁၇၀ ကီလိုမီတာ အရှည်ရှိတဲ့ မြို့ဖြစ်မှာပါ။ ဒါပေမဲ့ ၂၀၃၀ မှာ မြို့ရဲ့ ၂ ဒသမ ၄ ကီလိုမီတာ အရှည်လောက်ကိုသာ အပြီးသတ်နိုင်မှာလို့ မှန်းဆကြပါတယ်။

Graphic showing the relative height and length of The Line
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နီရွန် စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ ကုမ္ပဏီတွေ ဒါဇင်နဲ့ ချီ ပါဝင်ပြီး အဲဒီထဲမှာ ဗြိတိန်ကုမ္ပဏီတွေ အများအပြား ပါဝင်ပါတယ်။

နီရွန်ကိုလုပ်မယ့် ဧရိယာက " တကယ့်ကိုဘာမှ မရေးချယ်ရသေးတဲ့ ကင်းဗတ်စ်စ အလွတ်" ပဲလို့ ဆော်ဒီခေါင်းဆောင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ညွှန်းဆိုပါတယ်။

ဒါပေမဲ့ သူ့အစိုးရရဲ့အဆိုအရ ဒီစီမံကိန်းအတွက် လူပေါင်း ၆, ၀၀၀ ကျော် ဖယ်ရှားထားပြီးပြီလို့ သိရပြီး ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ALQST က ပမာဏက အဲဒီထက်များနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ အယ် ခုရေဘာ၊ ရှာမာနဲ့ ဂရဲလ် ရွာ ၃ ရွာကိုရိုက်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို ဘီဘီစီက ဆန်းစစ်ကြည့်ခဲ့ပါတယ်။ အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံ တွေ မြေပုံမှာ အကုန်ပျောက်ကွယ်သွားပါပြီ။

သည်လိုင်းရဲ့ တောင်ဘက် ၄.၅ ကီလိုမီတာအကွာက အယ် ခုရေဘာရွာကို ရှင်းလင်းဖို့ အမိန့် သူရခဲ့တယ်လို့ မနှစ်က ယူကေကို ပြေးလာခဲ့တဲ့ ဗိုလ်မှူးကြီး အလီနက်ဇီက ပြောပါတယ်။

အဲဒီရွာတွေမှာ ဟူဝေတက်မျိုးနွယ်စုက အများစု နေထိုင်ကြတာ ဖြစ်ပြီး သူတို့ဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း တာဘွတ် ဒေသမှာ မျိုးဆက်ပေါင်း များစွာချီပြီး နေထိုင်လာခဲ့ကြတာပါ။

ဧပြီ၊ ၂၀၂၀ မှာရခဲ့တဲ့ အဲဒီအမိန့်မှာ ဟူဝေတက်တွေထဲ "ပုန်ကန်သူတွေအများကြီး" ပါဝင်နေတယ်၊ "နှင်ထုတ်တာကို ဆန့်ကျင်အာခံတဲ့ ဘယ်သူမဆို သတ်ပစ်ပါလို့ ဆိုထားတဲ့အတွက် ဒါက သူတို့အိမ်မှာ ဆက်နေတဲ့သူ ဘယ်သူ့ကို မဆို သတ်ခွင့် လိုင်စင်ပေးလိုက်တာပဲ" လို့ သူက ပြောပါတယ်။

ကျန်းမာရေးအကြောင်းပြပြီး ဒီလုပ်ငန်းတာဝန်ကို ရှောင်လွှဲနိုင်ခဲ့ပေမဲ့ အဲဒီ လုပ်ငန်းက ရှေ့ဆက်ပြီး သွားခဲ့တဲ့အကြောင်း သူက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ ရှင်းလင်းရေး လုပ်ငန်းအတွင်း မြေယာ စာရင်းသွင်း ကော်မတီက သူ့ရဲ့ အိမ်ခြံမြေအပေါ် တန်ဖိုးဖြတ်တာကို ခွင့်မပြုခဲ့တဲ့ အဘူ ရာဟင်း အယ် ဟူဝေတီ တယောက် နောက်တနေ့မှာပဲ ဆော်ဒီအာဏာပိုင်တွေရဲ့ ပစ်သတ်တာကို ခံခဲ့ ရပါတယ်။ နှင်ထုတ်တာကို ဆန့်ကျင်ဆန္ဒပြတဲ့ ဗီဒီယိုပေါင်းများစွာကိုလည်း သူက လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ဖူးပါတယ်။

ဆော်ဒီ အစိုးရ လုံခြုံရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအချိန်က အယ် ဟူဝေတီဟာ လုံခြုံရေးတပ်ဖွဲ့တွေကို သေနတ်နဲ့ ပစ်တဲ့အတွက် တုံ့ပြန် ပစ်ခတ် ရတာလို့ ဆိုထားပါတယ်။ နှင်ထုတ်တာကို ငြင်းဆန်ရုံမျှနဲ့ အသတ်ခံခဲ့ရတာလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့က ပြောပါတယ်။

သေစေနိုင်တဲ့အင်အားသုံးခဲ့တယ်ဆိုတဲ့ ဗိုလ်မှူးကြီ အက်လီနက်ဇီရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားလွတ်လွတ်လပ်လပ် အတည်ပြုလို့ မရသေး ပါဘူး။

ဒါပေမဲ့ ဗိုလ်မှူးကြီး ပြောထားတဲ့ ရှင်းလင်းရေး အမိန့် ရလာပုံနဲ့ အမိန့်ထဲမှာ ပါတယ်ဆိုတဲ့ အချက်တွေက ဒီလိုလုပ်ငန်းတာဝန်မျိုးတွေနဲ့ ပတ်သက်ပြီး သူတို့ သိထားပုံနဲ့ ဆင်တူတဲ့အကြောင်း ဆော်ဒီ ထောက်လှမ်းရေး ဦးစီးဌာနက အလုပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။ ဒီလို တာဝန်ကို လုပ်ဆောင်ဖို့ ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ သူတွေကိုသာ ပေးတတ်ကြောင်းလည်း သူတို့က ပြောပါတယ်။

နှင်ထုတ်တာကို ငြင်းဆန်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ ရွာသား အနည်းဆုံး ၄၇ ယောက်ရှိပြီး သူတို့ထဲက အများစုဟာ အကြမ်းဖက်မှု ဆန့်ကျင်ရေး စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရတယ်လို့လည်း ကုလသမဂ္ဂနဲ့ ALQST တို့က ဆိုပါတယ်။

အဲဒီထဲက လူအယောက် ၄၀ က ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၅ ယောက်က သေဒဏ် အမိန့် ကျခံနေရတယ်လို့ ALQST က ပြောပါတယ်။

အယ် ဟူဝေတီ သေဆုံးလို့ ပူဆွေးဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ တင်တဲ့သူအများအပြားလည်း အဖမ်းခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

သည်လိုင်း တည်ဆောက်ရေး အတွက် သူတို့ကို လျော်ကြေးပေးထားတဲ့အတွက် သူတို့ ရွှေ့ပေးဖို့ လိုအပ်တယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ လျော်ကြေးပေးတဲ့ ပမာဏက အရင်က ကတိပြုထားတဲ့ ပမာဏထက် သိပ်ကို နည်းတဲ့အကြောင်း ALQST ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ဗိုလ်မှူးကြီး အက်လီနက်ဇီက "နီရွန်ဟာ မိုဟာမက် ဘင် ဆယ်မန်ရဲ့ မျှော်ရည် အတွေးအမြင်ထဲက အဓိက အစိတ်အပိုင်းပဲ။ ဒါကြောင့်မို့ ဟူ၀ေတက်တွေနဲ့ ဆောင်ရွက်တဲ့အခါ သူက သိပ်ရက်စက်တာ" လို့ ဆိုပါတယ်။

Col al-Enezi
ဓာတ်ပုံ ပုံစာ, ဗိုလ်မှူးကြီး အက်လီနက်ဇီက အခုအချိန်မှာ သူ့ရဲ့ လုံခြုံရေးအတွက် ယူကေမှာ နေထိုင်နေ

နီရွန် စကိတ်စီးကွင်း စီမံချက်ရဲ့ အလုပ်အမှုဆောင်တယောက် အဖြစ် လုပ်ခဲ့ဖူးသူ တစ်ယောက်က ၂၀၂၀ မှာ ရာထူးကထွက်ပြီး သူ့ ဇာတိ အမေရိကန်ကို မပြန်ခင် သီတင်းပတ် အနည်းငယ်အလိုမှာ အဘူ ရာဟင်း အယ်ဟူဝေတီ အသတ်ခံရတဲ့ သတင်းကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

သူက အင်ဒီ ဝပ်တ်ကဖြစ်ပြီး ရွာသာတွေကို နှင်ထုတ်ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့အလုပ်ရှင်တွေကို ထပ်ခါထပ်ခါမေးမြန်းခဲ့ပေမဲ့ ပြန်ပေးတဲ့အဖြေတွေက ကျေနပ်စရာမရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

"လူတွေဆီကနေ အတင်းရယူပြီး လုပ်တယ် ဆိုတာမျိုးက သိပ်ထိတ်လန့်စရာ ကောင်းပါတယ်၊ ရှေ့ဆက်တိုးဖို့အတွက် သူတပါးရဲ့ လည်မျိုကို ကိုယ့် ဘွတ်ဖိနပ်နဲ့ နင်းသွားရတာမျိုးက ဘယ်လိုလုပ်ပြီး ကောင်းတော့မှာလဲ" လို့ သူက ပြောပါတယ်။

အဲဒီစီမံကိန်းမှာ စီမံခန့်ခွဲကြပုံတွေကို မကြိုက်လို့ စလုပ်ပြီး တနှစ် မပြည့်ခင်မှာပဲ သူအလုပ်ကနေ ထွက်လာခဲ့ပါတယ်။

ပင်လယ်ရေကို ရေချိုအဖြစ် သန့်စင်ပေးတဲ့ ဗြိတိန်ကုမ္ပဏီတခုက သည်လိုင်းအတွက် လုပ်နေတဲ့ ဒေါ်လာ သန်း ၁၀၀ တန် စီမံချက်ကို ၂၀၂၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး အဲဒီကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိချုပ်က ဒီစီမံကိန်းကို သိပ်ကို သဘောမတွေ့လှ ပါဘူး။

"အဲဒီ ဧရိယာမှာအဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ လူတွေအတွက်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ကျန်တဲ့ လူတွေအတွက်ရော" လို့ Solar Water PLC ရဲ့ စီအီးအို မယ်လ်ကွန် အောက ပြောပါတယ်။

ဒေသခံလူထုကို တန်ဖိုးထားရမှာလို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

"သူတို့ကို ဖယ်မပစ်ဘဲ သူတို့ဘဝ တိုးမြင့်လာစေရေး၊ ပြုစုပျိုးထောင်ရေးတို့ အတွက် အကြံဉာဏ်တွေကို ရယူသင့်တာ။"

ပြောင်းရွှေ့ခံလိုက်ရတဲ့ ရွာသူရွာသားတွေက နိုင်ငံခြား မီဒီယာတွေနဲ့ စကားပြောရမှာ ကို နောက်တွန့် ထိတ်လန့် ကြပါတယ်၊ အကြောင်းရင်းကတော့ ဖမ်းဆီးခံနေရတဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ထပ်ပြီး ဒုက္ခကြုံရမှာကို စိုးလို့ပါ။

ဒါပေမဲ့ ဆော်ဒီ ရည်မျှော်အမြင် ၂၀၃၀ အရ လုပ်နေတဲ့ နောက်ထပ် စီမံကိန်းတခု ကြောင့် ကိုယ်နေထိုင်ရာ နေရာတွေကနေ နှင်ထုတ်ခံရသူတွေနဲ့ ဘီဘီစီက စကားပြောနိုင်ခဲ့ပါတယ်။ အဲဒါက ဆော်ဒီအနောက်ပိုင်းက မြို့မှာလုပ်တဲ့ စီမံချက်ဖြစ်ပြီး အော်ပရာ ပြဇာတ်ရုံတွေ၊ အားကစားနယ်မြေတွေ၊ အဆင့်မြင့် ကုန်တိုက်တွေ၊ တန်ဖိုးကြီး လူနေအိမ်ရာတွေ ပါဝင်မယ့် ဂျက်ဒါ ဗဟို စီမံချက်အတွက် လူပေါင်း တသန်းကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။

နက်ဒါ ဟစ်ဂျာဇီ (အမည်လွှဲ) ဆိုတဲ့ အမျိုးသားတယောက်က ဖောက်ခွဲ ဖျက်ဆီး ခံရမယ့် ရပ်ကွက်ပေါင်း ၆၃ ခုထဲက တခုဖြစ်တဲ့ အဇီဇီရာမှာ ကြီးပြင်းလာတဲ့သူပါ။ ၂၀၂၁ မှာ သူ့ အဖေရဲ့အိမ်အဖျက်ခံလိုက်ရပါတယ်၊ သတိပေးချက်က တစ်လတောင် ကြိုမရခဲ့ပါဘူး။

သူ့အရင် ရပ်ကွက်က ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အခါ စစ်ဇုန်တခုကို မြင်လိုက် ရသလို ဖြစ်တဲ့အတွက် သိပ်ကို သွေးလန့်ခဲ့ရတယ်လို့ ဟစ်ဂျာဇီက ပြောပါတယ်။

"သူတို့က လူတွေကို စစ်ပွဲ ဆင်နွှဲလာတာ၊ ကျွန်တော်တို့ရဲ့ ပင်ကိုယ်လက္ခဏာတွေကို တိုက်ဖျက်ချေမှုန်းလိုက်တာ။"

ဂျက်ဒါက ဖောက်ခွဲဖြိုချတဲ့အရေးနဲ့ ဆက်စပ်ပြီး မနှစ်က လူ ၂ ယောက် ဖမ်းဆီးခံ ခဲ့ရတယ်လို့ ဆော်ဒီအရေး လှုပ်ရှားဆောင်ရွက်သူတွေက ဘီဘီစီကို ပြောပါတယ်။ တစ်ယောက်က နှင်ထုတ်တာကို ဆန့်ကျင်ပြီး ထွက်မသွားတဲ့အတွက် အဖမ်းခံ ရတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဖောက်ခွဲဖျက်ဆီးမှုကို ဆန့်ကျင်တဲ့ သရုပ်ဖော်ပုံတွေကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ တင်တဲ့အတွက် အဖမ်းခံ ရတာပါ။

ဂျက်ဒါက ဒဟာဘန် ဗဟိုအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ သူတယောက်ရဲ့ ဆွေမျိုးဖြစ်သူ ပြောပြချက်အရ ဖောက်ခွဲ ဖျက်ဆီးလုပ်မယ်လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်တခုမှာ နောက်ဆုံး နှုတ်ဆက်ပွဲအဖြစ် လုပ်ဖို့ လူစုခဲ့ကြတယ်ဆိုတဲ့ အမှုနဲ့ နောက်ထပ်လူ ၁၅ ယောက်လည်း အဲဒီထောင်ထဲမှာ အဖမ်းခံထားရကြောင်း သိရ ပါတယ်။ ဆော်ဒီ အကျဉ်းထောင်တွေထဲကို ဆက်သွယ်ဖို့ ခက်ခဲတာကြောင့် ဒီပြောကြားချက်အပေါ် ဘီဘီစီအနေနဲ့ မဆန်းစစ်နိုင်ခဲ့ပါဘူး။

ဂျက်ဒါ ရပ်ရွာအသိုင်းအဝိုင်းကနေ နှင်ထုတ်ခံခဲ့ရတဲ့ လူ ၃၅ ယောက်ကို ALQST က စစ်တမ်းထုတ်ခဲ့ပါတယ်။ ဒေသဆိုင်ရာ ဥပဒေနဲ့အညီ ပြည့်စုံလုံလောက်တဲ့ သတိပေး မှုတွေ၊ လျော်ကြေးငွေတွေ ရခဲ့တာမျိုး ရှိခဲ့တယ်လို့ တယောက်ကမှ မဖြေခဲ့ကြပါဘူး။ မဖယ်ရင် အဖမ်းခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ နှင်ထုတ်ခံခဲ့ ရတာလို့ သူတို့ထဲက တဝက်ကျော်က ဖြေပါတယ်။

Map showing The Line

ဗိုလ်မှူးကြီး အက်လီနက်ဇီက အခုအချိန်မှာ ယူကေမှာ နေထိုင်နေပေမဲ့လည်း သူ့လုံခြုံရေးကို စိုးရိမ်နေရဆဲပါ။ လန်ဒန်က ဆော်ဒီ သံရုံးမှာ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးနဲ့ တွေ့ဆုံမယ်ဆိုရင် သူ့ကို ဒေါ်လာ ၅ သန်းပေးမယ်လို့ ထောက်လှမ်းရေး အရာရှိတယောက်က သူ့ကို ပြောကြောင်း သူက ပြန်ပြောပြပါတယ်။ သူက အဲဒါကို ငြင်းပယ်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဆော်ဒီ အစိုးရကို ဘီဘီစီက မေးတဲ့ အခါ ဘာမှ ပြန်မတုံ့ပြန်ပါဘူး။

ဆော်ဒီအစိုးရကို ဝေဖန်တဲ့သူတွေ အတိုက်ခိုက်ခံရတာမျိုးက အရင်က မဖြစ်ဖူးတာ မဟုတ်ပါဘူး၊ ၂၀၁၈ ခုနှစ်အတွင်း အီစတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီ ထောက်လှမ်းရေး အဖွဲ့ဝင်တွေက အမေရိကန် အခြေစိုက် ဆော်ဒီ သတင်းသမား ဂျမဲလ် ခါရှော်ဂျီကို သတ်ဖြတ်ခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တခုထဲမှာ ဒီလုပ်ငန်းစီမံချက်ကို မိုဟာမက် ဘင် ဆယ်မန်က အတည်ပြုပေးခဲ့တယ်လို့ ဆိုထားပါတယ်။ အိမ်ရှေ့မင်းသားက သူဘာမှ ပတ်သက်ခဲ့တာမရှိဘူးလို့ ငြင်းခဲ့ပါတယ်။

ဗိုလ်မှူးကြီး အက်လီနက်ဇီကတော့ ဆော်ဒီ ခေတ်ရှေ့ပြေး စီးတီး စီမံချက်နဲ့ ပတ်သက်ပြီး အမိန့်ကို မလိုက်နာခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို နောင်တ မရပါဘူး။

"နီရွန် တည်ဆောက်ရေးအတွက် လမ်းမှာ အတားအဆီး ဘာမှ မရှိအောင် မိုဟာမက် ဘင် ဆယ်မန်က လုပ်မှာပါ။ ကျွန်တော့် ပြည်သူလူထုကို ရှင်းလင်းဖို့ လုပ်ခိုင်း လာမှာ ကို ကျွန်တော် ပိုပိုပြီး စိုးထိတ်လာခဲ့တယ်။"

(အာဝန် ရက်ဘော့တ်ကလည်း ဒီသတင်းဆောင်းပါးကို ပူးတွဲရေးသားခဲ့)