ယူကရိန်း- ရုရှားစစ်ပွဲရပ်ရေး ညှိနှိုင်းကြသူတွေက ဘယ်သူတွေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်တစ်ခုရဖို့အရေး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့စကားပြောဖို့ ကရင်မလင်နန်းတော်အထိ သွားပါတယ်။
အဲဒီခရီးစဉ်ဟာ ယူကရိန်းအရေး သဘောတူညီချက်တစ်စုံတရာရဖို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သံခင်းတမန်ခင်းအရ တွန်းတွန်းတိုက်တိုက် အားထုတ်မှုလည်းဖြစ်ပါတယ်။
အဲဒီခရီးစဉ်အပြီးမှာပဲ ယူကရိန်း သမ္မတ ဇလန်းစကီးလည်း ဗြိတိန်ကို ရောက်ပြီး ဗြိတိန်ဝန်ကြီးချုပ်အပြင် ပြင်သစ်သမ္မတ၊ ဂျာမဏီဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမှု ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုတွေ မတိုင်ခင်တုန်းကတော့ အမေရိကန်သမ္မတ ထရမ့်ဟာ မော်စကိုဘက်ကို ယိမ်းတယ်လို့ရှုမြင်ခံရတဲ့ ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ယူကရိန်းဘက်ကို အဆိုပြုခဲ့ပါတယ်။
အဲဒီကတည်းက အမေရိကန်နဲ့ ယူကရိန်းတို့ ဂျီနီဗာမြို့နဲ့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ ဘယ်သူတွေ ပါဝင်ပြီး ညှိနှိုင်းတာတွေ လုပ်နေလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် - ဒန် ဒရစ္စကို
ဒရစ္စကိုဟာ အသက် ၃၉ နဲ့ အမေရိကန် ကြည်းတပ်အတွင်းဝန် (Army Secretary) ဖြစ်လာလို့ အသက်အငယ်ဆုံးနဲ့ ဒီရာထူးကို ရသူဖြစ်ပါတယ်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ရဲ့ လူရင်းဖြစ်သလို့ ကျောင်းနေဖက်ဟောင်းလည်း ဖြစ်ပါတယ်။
ယူကရိန်း -ရုရှားစစ်ပွဲအရေး အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ပေါက်ကြားပြီး မကြာခင် ပြီးခဲ့တဲ့လတုန်းက ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို သွားတဲ့ ကိုယ်စားလှယ်အဖွဲ့မှာ သူ ပါသွားခဲ့ပါတယ်။ အဲဒီလိုပါဝင်ခဲ့တာကပဲ ယူကရိန်း - ရုရှားစစ် အဆုံးသတ်ဖို့ ညှိနှိုင်းမှုတွေမှာ သူ ပါဝင်မှု အံ့သြသင့်စရာ ဖြစ်ခဲ့ပါတယ်။
ဒရစ္စကိုဟာ ကာကွယ်ရေးဝန်ကြီးလောင်း ဖြစ်လာနိုင်သူလို့ နာမည်ထွက်နေသူဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ဒုတိယသမ္မတ သက်တမ်းမှာ ဒရစ္စကိုကို ကြည်းတပ်အတွင်းဝန်အဖြစ်အဆိုပြုထားခဲ့ပြီးနောက်မှာ ထရမ့်က ''အတွေ့အကြုံတွေ ရှိသူဆိုတော့ အပြောင်းအလဲဖြစ်ရေး တာဝန်ထမ်းဖို့ ထိုက်သင့်တဲ့သူ'' လို့ပြောခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် - စတိဗ် ဝစ်ကော့ဖ်
ထရမ့်နဲ့ ဂေါ့ဖ် ရိုက်ဖော် ရိုက်ဖက်လည်းဖြစ်၊ အိမ်ခြံမြေသူဌေးကြီးလည်းဖြစ်တဲ့ စတိဗ် ဝစ်ကော့ဖ်ဟာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးသံတမန်အဖြစ် အစောပိုင်းမှာ ခန့်အပ်ခံရသူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရုရှားနဲ့လုပ်တဲ့ အမေရိကန်ရဲ့ညှိနှိုင်းမှုတွေမှာ အခရာကျသူဖြစ်လာပါတယ်။
သူဟာ စစ်ပွဲအဆုံးသတ်ရေးမှာ မော်စကိုရဲ့ တောင်းဆိုချက်တွေကို ပိုယိမ်း စဉ်းစားတယ်ဆိုပြီး ဝေဖန်ခံရပါတယ်။ အခုနှစ်အတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်ကို မသွားဘဲ ရုရှားမြို့တော် မော်စကိုကို ချောင်းပေါက်မတတ် သွားခဲ့ပါတယ်။
အခုနောက်ဆုံးသူသွားခဲ့တဲ့ မော်စကိုခရီးဟာ ပူတင်နဲ့တွေ့ဖို့ သွားတဲ့ ၆ ကြိမ်မြောက် လူသိရှင်ကြား ခရီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA/Getty Images
အမေရိကန် - မာကို ရူဘီယို
မာကို ရူဘီယိုကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တာကြောင့် နိုင်ငံရဲ့ထိပ်တန်း သံတမန်လည်းဖြစ်ပါတယ်။ သူဟာ ဂျီနီဗာမြို့မှာပြုလုပ်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ နောက်ဆုံးထွက်လာတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အသေးစိတ်ဖြစ်လာပါတယ်။
အရင်ကတော့ သူဟာ ထရမ့်အစိုးရအဖွဲ့ထဲမှာ တခြားလူတွေထက် ရုရှားကို ပိုပြီး ဝေဖန်တတ်သူလို့ သိကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ စကားပြောချိန်တုန်းကတော့ သူက နောက်ဆုံးပြုလုပ်ထားတဲ့သံခင်းတမန်ခင်း ဆောင်ရွက်ချက်ဟာ ''တိုက်ပွဲအဆုံးသတ်ရေး သတ်မှတ်ချက်တွေအတွက်တင် မဟုတ်ပါဘူး ... '' လို့ ပြောပါတယ်။
''ယူကရိန်းအတွက် ကာလရှည်ကြာ စည်ပင်ဖွံ့ဖြိုးမှုအတွက် သတ်မှတ်ချက်တွေလည်း ပါဝင်ပါတယ်။ ... ဒါကို ဒီနေ့ ကျွန်တော်တို့ အခြေတည်နိုင်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဆက်ပြီးလုပ်ရမှာတွေတော့ ကျန်နေပါသေးတယ်''

ဓာတ်ပုံ ရင်းမြစ်, Reuters/Getty Images
အမေရိကန် - ဂျဲရက် ကူရှ်နာ
ကူရှ်နာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သားမက်ဖြစ်ပါတယ်။ သူဟာ ထရမ့်ရဲ့ အရင်တစ်ခေါက် သမ္မတသက်တမ်းတုန်းကတော့ အကြီးတန်းအကြံပေးအဖြစ် တာဝန်ယူခဲ့သူပါ။
သူ့ကိုတော့ နိုင်ငံတကာစီးပွားရေးကိစ္စတွေနဲ့ အိမ်ခြံမြေဆောက်လုပ်ငန်း လုပ်ငန်းတွေနဲ့အတူ လူသိကြပါတယ်။ အသက် ၄၄ နှစ်ရှိပါပြီ။
ထရမ့်ရဲ့အခုတစ်ခေါက် သမ္မတသက်တမ်းမှာ သူ တရားဝင် ရာထူးယူထားတာ မရှိပေမဲ့ သံတမန်ဆွေးနွေးပွဲတွေမှာတော့ အိမ်ဖြူတော်အတွက် အကြံပေးလုပ်နေသူပါ။
ယူကရိန်းအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သူ့ မျက်နှာ မြင်လာရတာ မကြာသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း - အမ်ဒရီရဲယ်ယာမက် (နုတ်ထွက်သွား)
အမ်ဒရီရဲယ် ယာမက်ဟာ ပြီးခဲ့တဲ့သီတင်းပတ် အဂတိတိုက်ဖျက်ရေး စီးနင်းရှာဖွေမှုအပြီး ရာထူးကနေ နုတ်မထွက်ခင်အထိ ယူကရိန်း သမ္မတ ဗော်လော်ဒီမီယာ ဇလန်းစကီးရဲ့ အရာရှိချုပ် အဖြစ်တာဝန် အကြာကြီးထမ်းခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်းအရေး ညှိနှိုင်းမှုတွေမှာ သူက ဦးဆောင်လေ့ရှိပါတယ်။
အရာရှိချုပ်ဖြစ်တာကြောင့် ယာမက်ဟာ အစိုးရအဖွဲ့မှာ အာဏာကို ပေါပေါသီသီသုံးနိုင်သူဖြစ်ပြီး အရေးကြီးတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုရင် ဦးဆောင်ထွက်ဖို့ ဇလန်းစကီး ခန့်အပ်တာ ခန့်ရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကိယက်ဗ်မြို့မှာရှိတဲ့သူ့အိမ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးစုံစမ်းဆေးသူတွေက ဝင်စီးပြီးနောက်မှာတော့ သူ့ နိုင်ငံရေးသမားဘဝလည်း ကမောက်ကမ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Getty Images
ယူကရိန်း - ရူစတန် အူမာရော့ဗ်
အူမာရော့ဗ်က ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီကို ဦးဆောင်သူပါ။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ဖလော်ရီဒါမှာ ယူကရိန်းဆွေးနွေးပွဲလုပ်တော့ ယာမက်အစား သူက ဦးဆောင်ညှိနှိုင်းသူ လုပ်ခဲ့ပါတယ်။
စစ်ပွဲအစောပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါခဲ့ဖူးသူဖြစ်ပြီး နောက်ပိုင်းမှာ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူပါ။ အခုနှစ် ဇူလိုင်လ မတိုင်ခင်အထိ သူ ဝန်ကြီးရာထူးမှာ ဆက်ရှိခဲ့ပါတယ်။
ဆွေးနွေးပွဲတွေမှာ ယာမက်အစား အူမာရော့ဗ်ကို အစားထိုးအနေနဲ့ ခေါင်းဆောင်ခိုင်းလိုက်ပြီလားဆိုတာ မရှင်းလင်းသေးပေမဲ့ ဆက်တိုက်မလုပ်နိုင်တဲ့ ဒီဆွေးနွေးပွဲတွေအရေးမှာ ကိယက်ဗ် အတွက် အချိန်နဲ့တပြေးညီ ဖာထေးနိုင်အောင်လုပ်တယ်လို့ ဆိုနိုင်တယ်လို့ ဘီဘီစီရဲ့ ယူကရိန်း သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား - ကီရီ ဒီမီထရီယက်ဗ်
ဒီမီထရီယက်ဗ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဒုတိယအကြိမ်မြောက် သမ္မတ သက်တမ်း စတင်ကတည်းက ရုရှားနဲ့ အမေရိကန် သံခင်တမန်ခင်းဆက်ဆံရေးရှေ့ဆောင်အစီအစဉ်တွေကို တံတားခင်းနေသူ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင် အလုပ်လုပ်ကိုင်ဖူးပြီး နိုင်ငံခြားသံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာအပေးအယူကိစ္စရပ်တွေမှာ ပိုပြီး အတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။
ပူတင်ရဲ့လူရင်းတွေ အများစုနဲ့မတူတာက သူဟာ အမေရိကန်ရုပ်သံ စတူရီယိုတွေနဲ့လည်း မစိမ်း သူဖြစ်ပါတယ်။ ထရမ့်ရဲ့သံခင်းတမန်ခင်းစွမ်းရည်တွေကို ချီးကျူးတတ်သလို ရုရှားအစိုးရ ဖော်ချင်တဲ့လမ်းကြောင်းကို အနောက်ကမ္ဘာက ရုပ်သံကြည့်သူတွေ နားထဲရောက်အောင် လုပ်နိုင်သူလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကထွက်လာတဲ့ ငြိမ်းချမ်းရေးမူကြမ်း အစီအစဉ်ဟာ ဒီမီထရီယက်ဗ်နဲ့ ဝစ်ကော့ဖ်တို့ မိုင်ယာမီမှာ ၃ ရက်ကြာတွေ့ဆုံအပြီးမှာ ထွက်လာတာလို့လည်း သတင်းထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters/Getty Images
ရုရှား - ယူကရီ အူရှာကော့ဗ်
အူရှာကော့ဗ်ဟာ ဗလာဒီမီယာ ပူတင်ကို နိုင်ငံခြားရေးမူဝါဒ အကြံပေးနေတာ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်အဖြစ်လည်း ၁၉၉၈ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူပါ။
ဘလွန်းဘာ့ဂ်သတင်းဌာနက သတင်းဖော်ပြတဲ့ အမေရိကန်အထူးသံ ဝစ်ကော့ဖ်နဲ့ သူ့ကြားက ဖုန်းပြောဆိုမှု အသံဖိုင် ပေါက်ကြားမှုမှာ ညှိနှိုင်းတာတွေ မြန်မြန် တိုးတက်ဖို့ အူရှာကော့ဖ်က ထရမ့်ကို ပူတင်နဲ့ စကားပြောစေလိုတဲ့ပုံပေါ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ မော်စကိုမှာ သူက ''ဥရောပအစီအစဉ်ဟာ ဖြတ်ကနဲ ကြည့်ရင်တောင် ... လုံးဝ အပြုသဘောမဆောင်သလို ကျွန်တော်တို့အတွက် အလုပ်မဖြစ်ဘူး'' လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters/Getty Images
ရုရှား - ဗလာဒီမီယာ မဒင်စကီ
မဒင်စကိဟာ ပူတင်ရဲ့ ထိပ်ပိုင်းညာလက်ရုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်ကတည်းက ရုရှားညှိနှိုင်းရေးအဖွဲ့မှာ အမြဲပါနေတဲ့သူဖြစ်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဟောင်းဖြစ်တဲ့သူ့ကို ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို တရားသောစစ်ပွဲအဖြစ် ကျောင်းပြဋ္ဌာန်းစာအုပ်မှာ ရေးသားခဲ့သူကို ကူညီခဲ့တဲ့ အမာလိုင်း တစ်ယောက်လည်းဖြစ်ပါတယ်။
သူ့ကို ယူကရိန်းနိုင်ငံအလယ်ပိုင်းက စမီလာမြို့ငယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။













