အင်စတာဂရမ်နဲ့ အမှန်တရား၊ အောင်မြင်မှုရဲ့ သားကောင် ဖြစ်လာတဲ့ ဘာလီ

 မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ရကြောင်း လူမှုကွန်ရက်ပေါ်မှာ ခရီးသွားတွေ ရင်ဖွင့်နေကြတဲ့ ဘာလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ရကြောင်း လူမှုကွန်ရက်ပေါ်မှာ ခရီးသွားတွေ ရင်ဖွင့်နေကြတဲ့ ဘာလီ
    • ရေးသားသူ, ခိုယွီးနဲ့ အေဒီ မာဒီယာတီ
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ ဘာလီ

အင်ဒိုနီးရှားက အပူပိုင်း နိဗ္ဗာန်ဘုံလို့ ကျော်ကြားတဲ့ ဘာလီကျွန်းကို ခရီးသွားတွေ အများကြီး လာခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ကျွန်းကို မကြိုက်လို့ စွန့်ခွာသွားသူတွေလည်း မကြာခင်က များလာပါတယ်။

ဝေးဝေး ကြည့်စရာ မလိုပါဘူး။

လူမှုကွန်ရက်တွေမှာ ဘာလီအကြောင်း မှန်းဆချက်နဲ့ လက်တွေ့အမှန်တရား ပို့စ်တွေက သက်သေခံနေတာပါ။

ကမ်းခြေက စားတော်ဆက်တွေမှာ နေဝင်တာကို ကြည့်ရင်း ညစာသုံးဆောင်ဖို့အတွက် အမှိုက်ပုံတွေကြားက ဖြတ်သွားနေရပါတယ်။

ရေတံခွန်ရှေ့မှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ဖို့အတွက်လည်း ခရီးသွား လူတန်းရှည်ကြီးက ပြောင်ချောနေတဲ့ ကျောက်တုံးတွေပေါ်မှာ စောင့်နေရတာပါ။

မီးခိုးထွက်နေတဲ့ မော်တော်ဆိုင်ကယ်တွေအပြည့်နဲ့ လမ်းဘေးမှာလည်း သစ်သီးဖျော်ရည်ကို ဝါးပိုက်နဲ့ သောက်နေရတတ်ပါတယ်။

စားပါ၊ ဘုရားဝတ်ပြုပါနဲ့ ချစ်ပါ ရုပ်ရှင်ထဲကလိုမျိုး ရှန်ဂရီလာအိပ်မက်ကို ရှာဖွေဖို့ ဘာလီကို နှစ်စဉ် လူသန်းချီ လာကြပါတယ်။

ဒါပေမဲ့ သူတို့ ကြုံလိုက်ရတာကတော့ လူအုပ်တွေ၊ လူပြည့်နေတဲ့ လမ်းတွေနဲ့ ကိုဗစ်ကပ်ဘေးအပြီး ပေါများလာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

 ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာလို့ လမ်းတွေ ပိုပိတ်လာတဲ့ ဘာလီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာလို့ လမ်းတွေ ပိုပိတ်လာတဲ့ ဘာလီ

ဒီလထဲမှာ ကျွန်းပေါ်မှာ ရှားရှားပါးပါး ရေကြီးလို့ လူ တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။ အမှိုက်စွန့်ပစ်မှု ညံ့ဖျင်းတာနဲ့ မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ စစ်ဆေးမှု မရှိတာတွေက အခြေအနေကို ပိုဆိုးစေကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းသစ်တွေကို ကန့်သတ်မယ်ဆိုပြီး ဒေသန္တရ အစိုးရက ကြေညာထားပေမယ့် ဒီလို စွက်ဖက်မှုက သိပ်နည်းပြီး သိပ်နောက်ကျနေပြီလို့ လူအများက ရှုမြင်ပါတယ်။

နောက်ဆုံး နိဗ္ဗာန်ဘုံဆိုပြီး ဆယ်စုနှစ်တွေနဲ့ချီ အောင်ပွဲခံခဲ့တဲ့ ဘာလီက ဘယ်လိုလုပ်ပြီး ဒီအဖြစ်ကို ရောက်ရတာလဲ။

 ကမ်းခြေတွေမှာ ပလတ်စတစ်ညစ်ညမ်းမှုကလည်း ပြဿနာကြီးဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ်းခြေတွေမှာ ပလတ်စတစ်ညစ်ညမ်းမှုကလည်း ပြဿနာကြီးဖြစ်

#အင်စတာဂရမ်ပေါ်က ဘာလီ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟိန္ဒူဘုရားကျောင်းတွေ၊ လယ်ကွင်းတွေပေါတဲ့ ဘာလီကို အထူးအဆန်းနေရာအဖြစ် ၂၀ ရာစု ဆန်းကတည်းက အနောက်တိုင်း စွန့်စားသူတွေ လာရောက် လည်ပတ်ခဲ့ကြပါတယ်။

ဘာသာရေး ကိုင်းရှိုင်းမှုနဲ့ သဘာဝကို လေးစားမှုက ဘာလီမှာ ထင်ရှားပါတယ်။ မျောက်တွေ၊ နွားတွေနဲ့ ငှက်တွေကို အမြတ်တနိုးထားသလို သစ်ပင်အိုကြီးတွေကိုလည်း ဝိညာဉ်တွေ ကျက်စားရာလို့ ယူဆကြပါတယ်။ ဘာတူ မီးတောင်ကြီးကိုလည်း နတ်ဘုရားမတပါးက စောင့်ရှောက်တယ်လို့ ယူဆကြပါတယ်။

အရင်ဆယ်စုနှစ်အတွင်း ကျွန်းရဲ့ ခရီးသွားလုပ်ငန်းက ထိုးတက်ပြီး ၂၀၁၄ မှာ ၃.၈ သန်းကနေ မနှစ်တုန်းက ၆.၃ သန်းထိ ရောက်လာခဲ့ကြပါတယ်။

ဒီနှစ်မှာလည်း စံချိန်ချိုးမယ့်ပုံ ရပြီး ကျွန်းမှာ ပြည်ပ ခရီးသည် ၇ သန်းကျော်ကို လက်ခံမယ့်ပုံရှိပါတယ်။

ထူးခြားတဲ့ ရိုးရာတွေ လှပမှုတွေထက် ကမ်းခြေက ကလပ်တွေ၊ ရေလွှာလျှောစီးနေရာတွေနဲ့ ဘာလီကို ကနေ့ လူသိပိုများလာပါတယ်။

အရက်ကို အလွယ်တကူ ဝယ်လို့ရသလို အဝတ်အစား မလုံမခြုံ ဝတ်တာကိုလည်း အင်ဒိုနီးရှားရဲ့ တခြားကျွန်းတွေမှာထက် ပိုလက်ခံပါတယ်။ နောက်ပြီး ဘာလီကို လာတဲ့ ခရီးသည်အများစုက ဇိမ်ခံဟိုတယ်တွေ၊ အိမ်ရာတွေနဲ့ အပန်းဖြေစရာ ရေချိုးရုံတွေမှာပဲ နေလိုကြပါတယ်။

၁၉၉၀ ကျော်နှစ်တွေတုန်းက ဘာလီကျွန်းရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တွေနဲ့ ခရီးသွားတွေကို ဖမ်းစားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၀ ကျော်နှစ်တွေတုန်းက ဘာလီကျွန်းရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တွေနဲ့ ခရီးသွားတွေကို ဖမ်းစားခဲ့

ဘာလီကို လာသူတွေက လှတဲ့ ကော်ဖီဆိုင်လေးတွေကို ကြည့်ချင်တာနဲ့ အင်စတာဂရမ်မှာ လှတဲ့ နေရာတွေကို သွားချင်ကြတာက ပြဿနာပါ။ ဘာလီဆိုတာ အင်မတန်မှ ယဉ်ကျေးမှုအရ ကြွယ်ဝတဲ့ ကျွန်းဆိုတာကို သူတို့ မေ့နေကြတယ်ဆိုပြီး ဘာလီမှာ နေတဲ့ ဗြိတိန်က ဟော်လီ မာရီက ဘီဘီစီကို ပြောပါတယ်။

လင်းပိုင်ကြည့်တာနဲ့ ရေငုပ်တာကနေပြီး ပိုပြီး ငြိမ်သက်တဲ့ ကျွန်းမြောက်ပိုင်းက ရှုခင်းအလှတွေထိ ဘာလီမှာ သဘာဝအလှတွေ ရှင်သန်နေဆဲ ဖြစ်ကြောင်း ဘာလီမှာ နေသူတွေနဲ့ လူသိများတဲ့ နေရာတွေထက် ပိုပြီး သွားလာခဲ့သူတွေက ပြောကြမှာ ဖြစ်ပါတယ်။

ဒီကျွန်းဟာ ပါတီပွဲနေရာတွေထက် ပိုပြီး လည်စရာတွေ အများကြီး ကျန်သေးကြောင်း ဂျာကာတာကနေ ဘာလီကို ပြောင်းလာနဲ့ ကန်နီ ကလော်ဒီယာက ပြောပါတယ်။

 နေဝင်ချိန် ရှုခင်းသာတဲ့ ဘာလီ ကမ်းခြေကလပ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေဝင်ချိန် ရှုခင်းသာတဲ့ ဘာလီ ကမ်းခြေကလပ်တွေ

'နေ့စဉ် ယိုယွင်းလာ'

ခရီးသွားလုပ်ငန်းရဲ့ တောင်းဆိုမှုကြောင့် ကျွန်းမှာ အပြောင်းအလဲတွေ ဖြစ်ရကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ခရီးသွားတွေ ကြည့်ချင်တဲ့ နိဗ္ဗာန်ဘုံစခန်းမျိုးမဟုတ်ဘူးလို့ ညည်းညူသံတွေကို ကြားတဲ့အခါ ဒီလိုစကားတွေက ရယ်စရာ ကောင်းကြောင်း တချို့က ထောက်ပြကြပါတယ်။

ခရီးသွားတွေက ဘာလီမှာ လူများလို့ စိတ်ညစ်ကြတဲ့အခါ သူတို့လည်း ဒီလူအုပ်ထဲမှာ ပါနေတာကို မေ့နေကြကြောင်း ဘာလီက သုတေသီ ဗီကန်နန္ဒာက ဆိုပါတယ်။ သူက ဘာလီကျွန်းရဲ့ သဘာဝအလှနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ နှိုးဆော်နေသူပါ။

၂၂ နှစ်အရွယ် နီကဒက် ဆင့်ရာကတော့ နေ့လယ်စာ စားဖို့ နားတဲ့ အချိန်တွေမှာ သူ့ဆိုင်ကယ်လေးနဲ့ လယ်ကွင်းတွေကို ဖြတ်ပြီး တိတ်ဆိတ်တဲ့ ကန်ဂေါ်လမ်းတွေမှာ သွားခဲ့ရတဲ့အချိန်ကို ပြန်သတိရပါတယ်။

နောက် ငါးနှစ်အကြာမှာတော့ ကန်ဂေါ်ဟာ ကျွန်းရဲ့ အဆိုးဆုံး လမ်းပိတ်မှုနဲ့ ကြုံရပါတယ်။ မစ္စ ဆင့်ရာအလုပ်သွားတဲ့ လမ်းမှာလည်း တည်းခိုခန်းတွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြည့်နေပြီး တလမ်းလုံး ကားဟွန်းသံတွေ ညံနေပါတယ်။

ဘာလီကျွန်းက နေ့စဉ် ယိုယွင်းလာနေတယ်လို့ ထင်မိကြောင်း ဆင့်ရာက ဆိုပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာလို့ ဟိုတယ်တွေ၊ ကော်ဖီဆိုင်တွေနဲ့ အရက်ဘားတွေက စည်ကားတဲ့ ကျွန်းတောင်ပိုင်းကနေ ဖြန့်ထွက်လာကြပါတယ်။

နောက်ဆုံးပေါ် နာမည်ကြီးနေတဲ့ နေရာကတော့ ကန်ဂေါ် ဖြစ်ပြီး တချိန်တုန်းကတော့ အေးချမ်းတဲ့ တံငါရွာလေး ဖြစ်ပါတယ်။ ခုတော့ ကမ္ဘာတလွှားက ရေလွှာလျှောစီးသူတွေနဲ့ စည်ကားနေပါပြီ။

ကန်ဂေါ်နားက တခြားရွာတွေလည်း ဒီလို အေးချမ်းတဲ့ နေရာတွေအဖြစ်ကနေ ခရီးသွားတွေအတွက် "ဖုံးကွယ်နေတဲ့ ရတနာခဲတွေ" အဖြစ် အသွင်ပြောင်းကုန်ကြပါတယ်။

လှပတဲ့ ကော်ဖီဆိုင်တွေ၊ အားကစားရုံတွေနဲ့ အလုပ်စခန်းတွေဟာ ကျေးလက်လမ်းကျဉ်းလေးတွေတလျှောက် ပေါ်လာကြပါတယ်။

ဒီလိုနဲ့ မြောက်ဖျားစွန်းက သစ်တောတွေ ကြားမှာ အပန်းဖြေ ရိပ်သာတွေ ပေါ်လာပြီး တောင်ပိုင်းက လူစည်ကားတဲ့ နေရာတွေက လွတ်မြောက်ရာ စခန်းတွေ အဖြစ် ကြော်ငြာကြပါတယ်။

လူနဲ့ဝေးရာ ကွန်းရိပ်သာ အဖြစ် ကြော်ငြာတဲ့ ဘာလီမြောက်ပိုင်း တောတွင်းက အနားယူစခန်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူနဲ့ဝေးရာ ကွန်းရိပ်သာ အဖြစ် ကြော်ငြာတဲ့ ဘာလီမြောက်ပိုင်း တောတွင်းက အနားယူစခန်းတွေ

လတိုင်းလတိုင်း ခရီးသွားတွေရဲ့ မဆင်မခြင် နေထိုင်ပုံတွေက သတင်းမှာ အမြဲပါပါတယ်။ အရက်မူးပြီး ဆိုင်ကယ်စီးတာ၊ ဦးထုပ်မပါဘဲ စီးတာတွေကြောင့် ထိခိုက်ဒဏ်ရာတွေလည်း ပြင်းပြင်းထန်ထန် ရကြပါတယ်။ အထွတ်အမြတ်နေရာတွေမှာ ကိုယ်လုံးတီးနေလို့ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသားတွေလည်း ရှိပြီး အရက်မူးပြီး ရန်ဖြစ်လို့ ဒုက္ခရောက်သူတွေလည်း ရှိပါတယ်။

စစ်ပွဲကနေ ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ရုရှားနဲ့ ယူကရိန်းတွေ ဘာလီမှာ လာအခြေချကြပြီးနောက် တင်းမာမှုတွေ ပိုဆိုးလာပါတယ်။

ရုရှားနဲ့ ယူကရိန်းတွေ ဘာလီမှာ လာပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေလို့ ပြဿနာတွေ ပိုများလာတာကိုလည်း အင်ဒိုနီးရှား မူးယစ်ဆေးဝါး အေဂျင်စီ အကြီးအကဲက မကြာခင်က သတိပေးထားပါတယ်။

ရှင်းလင်းရေး

ဒေသခံတွေရဲ့ မကျေနပ်မှုကလည်း များလာပြီး ခရီးသွားတွေရဲ့ အနေအထိုင်မတတ် ရမ်းကားပုံတွေကို လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ ဘာလီဟာ ဧည့်ခံ ဖျော်ဖြေရေးအတွက် ကမ္ဘာမှာ နာမည်ကြီးတဲ့ နေရာဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ဆက်ထိန်းထားပါတယ်။

ခရီးသွားတွေက သူတို့ဟာ ကျွန်းမှာ ငွေလာသုံးနိုင်လို့ သူတို့ဘာလုပ်လုပ်၊ ဒေသခံတွေက လက်ခံသင့်တယ်ဆိုပြီး ယူဆကြကြောင်း မစ္စ ဆင့်ရာက ပြောပါတယ်။ သူတို့မျိုးဆက်က လူအများစုလိုပဲ သူလည်း ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးရပ်တည်ရပါတယ်။

ခရီးသွားလုပ်ငန်းက ထိန်းချုပ်မရအောင် ဖွံ့ဖြိုးတယ် ဆိုပေမယ့် ဘာလီကျွန်း ဖွံ့ဖြိုးရေးနဲ့ သဘာဝနဲ့ သဟဇာတဖြစ်ရေးကို ထိန်းသိမ်းလို့ ရသေးတယ်ဆိုပြီး သုတေသီ မစ္စတာ ဗီကန်နန္ဒာက ဆိုပါတယ်။

တကယ်လည်း စီးပွားရေး လုပ်ငန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ရေရှည်ခံ ဖွံ့ဖြိုးမှုကို အားပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ အမှိုက်စွန့်ပစ်မှု ပညာပေးရေးကနေ ကမ်းခြေတွေ သန့်ရှင်းရေးအထိ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းကို သေချာ မထိန်းချုပ်ဘူးလို့ အဝေဖန်ခံခဲ့ရတဲ့ အာဏာပိုင်တွေကိုယ်တိုင် ကျွန်းကို သန့်ရှင်းဖို့ ကြိုးစားလာကြပါတယ်။

ဒီနှစ်ဆန်းမှာပဲ တခါသုံး ပလတ်စတစ်ပစ္စည်းတွေကို ဘာလီမှာ ပိတ်ပင်ခဲ့ပြီး ဘာလီ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ပြီး သိက္ခာရှိဖို့နဲ့ ဒေသတန်ဖိုးတွေနဲ့ သဟဇာတဖြစ်ဖို့အတွက် ခရီးသည်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

နာမည်ကြီးတဲ့ နေရာတွေမှာ ရဲတွေ ချထားပြီး ခရီးသွားတွေ စည်းကမ်း လိုက်နာမှု ရှိမရှိ ကွပ်ကဲ စေပါတယ်။

ကျွန်းရဲ့ အမှိုက်စွန့်ပစ်မှုပြဿနာကို ဆယ်စုနှစ်တွေအတွင်း ဘာလီရဲ့ အဆိုးဆုံး ရေကြီးမှုက မီးမောင်းထိုးပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျွန်းရဲ့ အမှိုက်စွန့်ပစ်မှုပြဿနာကို ဆယ်စုနှစ်တွေအတွင်း ဘာလီရဲ့ အဆိုးဆုံး ရေကြီးမှုက မီးမောင်းထိုးပြ

ဘာလီဟာ သဘာဝ ရတနာတခုဖြစ်ပြီး အမြတ်ထုတ်စရာ ခရီးသွားစျေးကွက်မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရ နားလည်လာကြောင်း ဖိုင်နန်ရှယ်တိုင်းက ခရီးသွားအယ်ဒီတာ မာရီယာ ရှိလန်ဘာဂါက ဘီဘီစီကို ပြောပါတယ်။