စက်တင်ဘာ ၁ ရက်ထိပ်တန်းသတင်းများ -ကလပ်စတာဗုံးတွေကို မြန်မာစစ်တပ်သုံးနေတယ်လို့ CMC ထုတ်ပြော

CMCအစီရင်ခံစာထဲပါတဲ့ ၂၀၂၃ ဧပြီက လေကြောင်းတိုက်

ဓာတ်ပုံ ရင်းမြစ်, CDF Mindat

ဆင့်ကဲပေါက်ကွဲပြီးဖျက်အားပြင်းတဲ့ကလပ်စတာဗုံးတွေ ကိုမြန်မာစစ်တပ်သုံးနေပြီးဒီကန့်သတ်တားမြစ်ထားတဲ့ကလပ်စတာဗုံးတွေအသုံးပြုနေတာကိုချက်ချင်းရပ်ဖို့ဆိုပြီးကလပ်စတာဗုံးတွေအသုံးပြုတာကိုလေ့လာစောင့်ကြည့်နေတဲ့ Cluster Munition Coalition (CMC) အဖွဲ့ ကထုတ်ပြန်ပါတယ်။

CMC အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုအစီရင်ခံစာသစ်အရ မြန်မာစစ်တပ်ဟာပြည်တွင်းထုတ်ကလပ် စတာဗုံးတွေကို နိုင်ငံရဲ့ နေရာအချို့ မှာသုံးနေပြီး ၂၀၂၁ ခုနှစ်ကတည်းကနေ ၂၀၂၃ ခုနှစ်ဇွန်လအစောပိုင်းအထိတွေ့ရတယ်လို့‌ ဖော်ပြပါတယ်။

CMC ရဲ့ လေ့လာသုတေသနပြုသူတစ်ဦးဖြစ်တဲ့ Yeshua Moser ကတော့ '' မြန်မာနိုင်ငံမှာ ဒီကလပ်စတာဗုံးတွေကို ထုတ်လုပ်သုံးစွဲနေတာက အလေးအနက်ထားစိုးရိမ်ရတဲ့ အခြေအနေပါ။ ဒီကလပ်စတာဗုံးတွေရဲ့ ပေါက်ကွဲအားက အရပ်သား၊ စစ်သားခွဲခြားမှုမရှိ ‌သေကြေပျက်စီးထိခိုက်ဒဏ်ရာတွေ ရနိုင်တာပါ။ ဒါ့ကြောင့် ဒီဗုံးတွေသုံးတာကိုတားမြစ်ဖို့ဘာအကြောင်းပြချက်မှမလိုသလို အစိုးရတိုင်းက ဒီဗုံးသုံးနေတာကို ရှုတ်ချကန့်ကွက်ဖို့လိုပါတယ် '' လို့ ပြောထားပါတယ်။

ဒီဗုံးဟာ အမြောက်၊ ဒုံးပျံနဲ့ လေယာဉ်တွေသုံးပြီး ပစ်နိုင်သလို ဗုံးကိုကြဲချလိုက်တဲ့အချိန် လေထဲမှာတင် ဒါဇင်နဲ့ ချီ ရာနဲ့ချီ ပြင်းထန်တဲ့ဆင့်ကဲပေါက်ကွဲမှုတွေဖြစ်နိုင်ပြီး မြေပြင်ပေါ်ရောက်ချိန်မှာလည်း ချက်ချင်းမပေါက်ကွဲဘဲ ‌မြေမြှုပ်မိုင်းလို နောက်မှကွဲတာ‌တွေ ဖြစ်နိုင်လို့ အရပ်သားတွေအတွက် စိုးရိမ်စရာဖြစ်စေတယ်လို့ ပြောထားပါတယ်။

CMC ကရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အထောက်အထားအသစ်တွေအရ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မြန်မာလေတပ်ရဲ့ ချင်း၊ ကယား ၊ ကရင် ၊ နဲ့ ရှမ်းပြည်နယ် တွေမှာလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ ဒီဗုံးတွေကိုသုံးခဲ့တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ မကြာသေးတဲ့ကာလ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်က ကော့ကရိတ်မြို့နယ် ထဲ စာသင်ကျောင်းပျက်ဆီးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာ ကလပ်စတာဗုံးသုံးခဲ့တာလို့ လည်း‌ဖော်ပြပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် မင်းတပ်မြို့ ကို ၂၀၂၃ ခုနှစ် ဧပြီလကတိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာလည်း အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

မြန်မာလေတပ်ကသုံးနေတဲ့ ဒီကလပ်စတာဗုံးတွေဟာ စစ်တပ်ပိုင်လက်နက်ထုတ်လုပ်ရေး စက်ရုံ - ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ) ကထုတ်တာနဲ့ဆင်တူပေမဲ့ ဗုံးအကြွင်းအကျန်တွေကို စစ်ဆေးချက်အရ ဘာအမှတ်အသားမှရှိမနေဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို CMC အဖွဲ့ က ဒါနဲ့ ပတ်သက်ပြီးမှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဒီအစီရင်ခံစာထုတ်ပြန်တဲ့အထိ တုံ့ပြန်ချက်မရခဲ့ဘူးလို့ဖော်ပြပါတယ်။

ဒီကလပ်စတာဗုံးတွေကိုသုံးတာကိုတားမြစ်တဲ့ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ၂၀၀၈ ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ပေမဲ့ မြန်မာနိုင်ငံမပါဝင်ခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးတာမျိုး မရှိသေးသရွေ့ ကလပ်တာဗုံးသုံးစွဲတာကို တားမြစ်တဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုးမှာမဟုတ်ကြောင်း ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂမှာ‌ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ CMC အဖွဲ့ ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့တုံ့ပြန်ထုတ်ပြန်ပြောဆိုတာမရှိ‌သေးပါဘူး။

မြိုင်မှာ PDFခေါင်းဆောင်တစ်ဦးကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်

ဗိုလ်ယက္ခနာရေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Myaing PDF

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြိုင်မြို့နယ်က PDF တပ်ခွဲတစ်ခုဖြစ်တဲ့ နဂါးနီတပ်ခွဲခေါင်းဆောင်ဗိုလ်ယက္ခဟာ ဩဂုတ် ၃၀ ရက်က ကိုယ့်ကိုယ်ကိုယ်အ‌ဆုံးစီရင်သွားခဲ့တယ်လို့ မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်လက်ျာကအတည်ပြုပါတယ်။ နဂါးနီတပ်ခွဲဟာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အောက်ကတပ်ခွဲတစ်ခုဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဗိုလ်ယက္ခဟာ သြဂုတ် ၃၀ ရက်က နေအိမ်မှာရှိနေချိန် မိုးပေါ်ထောင် သေနတ်တစ်ချက်ပစ်ဖောက်ပြီးနောက် သူ့ ဦးခေါင်းကိုသေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ ဇနီးဖြစ်သူက အချိန်မီတားဖို့ကြိုးစားပေမဲ့ မရခဲ့တာလို့ ဗိုလ်ယက္ခသေဆုံးခဲ့ရတဲ့အခြေအနေကိုသိရှိသူဗိုလ်လက်ျာက ပြောပါတယ်။

'' ဒီကလေးက တော်လှန်ရေးခရီးအစကတည်းကပါခဲ့တာပါ။ သူ့မှာအကြွေးလည်းမရှိသလို၊လူမှုရေးအရှုပ်အရှင်းလည်းမရှိပါဘူး။ အိပ်ရေးပျက်တာရက်ပေါင်းများစွာဖြစ်ခဲ့တဲ့အတွက် ဒီလို စိတ်ရှုပ်ထွေးတာမျိုးဖြစ်သွားတာပါ'' လို့ ဗိုလ်လက်ျာ က ပြောပါတယ်။

ဗိုလ်ယက္ခဟာ တိုက်ပွဲရက်ကြာရှည်တာဝန်ထမ်းခဲ့တာကြောင့် အိပ်ရေးပျက်တဲ့အခြေအနေရှိသလို ာစားနပ်ရိက္ခာပြတ်လပ်မှုအချို့ လည်းတိုက်ပွဲရက်အတွင်းဖြစ်ခဲ့တာ အပါအဝင်စိတ်ပိုင်းဆိုင်ရာပင်ပန်းအားနည်းမှုတွေကြောင့် တဒင်္ဂအတွင်းမှာပဲဖြစ်သွားခဲ့တာလို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးအတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းအကြွေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာလို့ ပြောဆိုမှုတွေရှိနေပေမဲ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အဲဒီအချက်ကိုငြင်းဆိုပါတယ်။ လက်နက်အင်အားအပြည့်အစုံချထားတာဖြစ်လို့ အဲဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြောသလို ဗိုလ်ယက္ခမှာ လူမှုရေးပြဿနာ နဲ့ ငွေကြေးအရှုပ်အရှင်းမရှိကြောင်း တုံ့ပြန်ပါတယ်။

ဗိုလ်ယက္ခရဲ့နာရေးကို သြဂုတ် ၃၁ ရက်လုပ်ခဲ့ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေနဲ့ ရပ်ရွာဒေသခံတွေက ကျန်ရစ်တဲ့မိသားစုကို ‌ထောက်ပံ့ကူညီတာတွေဆက်လုပ်ပေးမယ်လို့ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ခရိုင်ကစလို့ အဆင့်ဆင့် တင်ပြထားတယ်လို့ မြိုင်ပကဖကပြောပြီး NUG ဘက်က တုံ့ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့်ပြန်ရဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တောင်းဆို

ထောင်ဝင်စာပို့ကြမယ် အဖွဲ့က ပေးပို့တဲ့ထောင်ဝင်စာများ

ဓာတ်ပုံ ရင်းမြစ်, ထောင်ဝင်စာပို့ကြမယ်

ကိုဗစ်ကပ်ရောဂါအကြောင်းပြ ပိတ်ထားခဲ့တာ ၃ နှစ်ကျော်ကာလကိုရောက်လာပြီဖြစ်တဲ့ "အကျဉ်းသားများ ထောင်ဝင်စာ ဧည့်တွေ့ခွင့် '' ကို စစ်ကောင်စီ အကျဥ်းဦးစီးဌာနက အမြန်ဆုံးပြန်လည်ခွင့်ပြုဖို့ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က လှုပ်ရှားမှုပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန် အင်းစိန်၊ မန္တလေး အိုးဘိုနဲ့ ပဲခူး သာယာဝတီ အပါအဝင် ဗဟိုအကျဥ်းထောင်အဆင့်တွေနဲ့ နိုင်ငံတဝန်းက ထောင်တွေထဲမှာထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေဟာ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေကြရတာ ၂ နှစ်ခွဲကာလကိုရောက်လာပြီဖြစ်လို့ အကျဥ်းထောင်ဥပဒေအရ တစ်လ ၁ ကြိမ် သို့မဟုတ် ၂ ကြိမ် ဧည့်တွေ့ခွင့်ပေးတာကို ပြန်ပြီးခွင့်ပြုဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC အနေနဲ့လည်း နိုင်ငံတွင်းမှာ အလုပ်ဆက်လုပ်နေတာကြောင့်အကျဉ်းသားတွေထောင်ဝင်စာဧည့်တွေ့ခွင့်မရတဲ့အပေါ် အားစိုက်လုပ်ဆောင်ပေးဖို့လည်းစာပေးပို့အကြောင်းကြားထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

'' ကျွန်တော်တို့တောင်းဆိုလိုတာက ICRC အနေနဲ့ သူတို့ကြိုးစားနေပါတယ်ဆိုတာထက် ပိုပြီးကြိုးစားပေးဖို့နဲ့ လက်တွေ့ကျကျလုပ်ပေးဖို့မျှော်လင့်တယ်။ သူတို့လိုအဖွဲ့အစည်းအနေနဲ့ဆိုရင် အာဏာပိုင်တွေကို ကောင်းကောင်းပြောနိုင်တဲ့အနေအထားရှိသင့်တယ်လို့မြင်ပါတယ် '' လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တာဝန်ရှိသူကပြောပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့်မရတဲ့ကြားမှာမှ အခုလပိုင်းအတွင်း ထောင်ဝင်စာပစ္စည်းပို့တဲ့အခါမှာကန့်သတ်ချက်တွေ လုပ်လာသလို နိုင်ငံရေးအကျဥ်းသားတွေရဲ့ ထောင်တွင်းနေထိုင်လှုပ်ရှားမှုပေါ်မူတည်ပြီး ပစ္စည်းပေးပို့တဲ့အခါကန့်သတ်မှုတွေကြုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာနိုင်ငံတဝန်းအကျဥ်းထောင်အားလုံးမှာ နိုင်ငံရေးအကျဥ်းသား နှစ်သောင်းနီးပါး (၁၉၉၀၀ ကျော်) ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ စက်တင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြေပြင်မှာ အကျဥ်းသားကူညီ‌စောင့်ရှောက်ရေးလုပ်နေတဲ့အဖွဲ့တချို့ကတော့ စာရင်းထဲမပါဘဲ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရှိနေလို့ မြေပြင်မှာ ဒီစာရင်းထက်ပိုများတယ်လို့ ပြောထားကြပါတယ်။

တာမိုးညဲမှာတပ်သားစုဆောင်းရင်းပစ်ခတ်လို့သေဆုံးဒဏ်ရာရ

သင်တန်းဆင်းပွဲတစ်ခုမှာတွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ ရပ်ကွက် ၂ မှာ သြဂုတ် ၃၀ ရက် ညပိုင်းက စစ်သားစုဆောင်းဖို့လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ ပစ်ခတ်လို့ ဒေသခံအရပ်သားလူငယ် ၁ ဦးသေဆုံးပြီး ကျန်တဲ့ ၁ ဦးကို တာမိုးညဲဆေးရုံမှာပို့ထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတစ်ဦးနဲ့ဒေသခံအချို့ကပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူ‌ဒေသခံအချို့ကတော့ ကိုးကန့်တပ် (MNDAA) က စစ်သားစု‌ဆောင်းဖို့‌ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

တာမိုးညဲမြို့ ရပ်ကွက် ၂ ထဲ စစ်သားစုဆောင်းတာမျိုးလိုက်ခေါ်ချိန် အိမ်တစ်အိမ်ကို တံခါးဖွင့်ခိုင်းရာမှာ ဖွင့်မပေးတဲ့အတွက်ပစ်ခတ်ခဲ့တာကြောင့် အိမ်ထဲကညီအစ်ကိုနှစ်ဦးမှာတစ်ဦးကနေရာမှာပဲသေဆုံးခဲ့ပြီးနောက်တစ်ဦးကဒဏ်ရာတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။

"သူတို့အိမ်ကိုတံခါးဖွင့်ခိုင်းတာ။ တံခါးမဖွင့်ဘဲကြာနေတာရော ပြန်ခုခံတာရောဆိုပြီး ပစ်ခဲ့တယ်လို့ကြားရတယ်။ ဒီဘက်မှာ ဒီလိုပဲ လက်နက်ကိုင်အဖွဲ့စုံတယ်။ ဒါပေမဲ့ အခုက ကိုးကန့်တပ်ကလုပ်တာပါ။ ဒီမှာတပ်တွေက စစ်သားစုဆောင်းတာလည်းအမြဲလိုရှိတယ်။ ဘယ်သူ့လက်ကမှ မလွတ်ကြဘူး '' လို့ တာမိုးညဲဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နဲ့ မူဆယ် တဝိုက်မှာ တိုက်ပွဲတွေရှိနေသလို အခုလို စစ်သားစုဆောင်းတာမျိုးတွေ အမြဲလိုရှိနေတာကြောင့် ဒေသခံတွေမှာ မလုံခြုံမှုတွေ၊ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA တပ်က သတင်းထုတ်ပြန်တာမရှိသေးသလို အရေးယူတာမျိုးမကြားရသေးဘူးလို့ ‌‌ဒေသတွင်းစစ်ရေးအခြေအနေ သိရှိသူတချို့ကပြောပါတယ်။

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းဖြစ်စဥ်နဲ့ ပတ်သက်တဲ့သတင်းပေးပို့မှုမရသေးလို့ ပြန်လည်ဖြေကြားပေးမယ်လို့ ဘီဘီစီကိုတုံ့ပြန်ပါတယ်။

နိုင်ငံခြားငွေတွေဂရုဖွဲ့ရောင်းတယ်ဆိုပြီးဖမ်းဆီးခံရမှုတွေရှိ

ပြည်တွင်းဒေါ်လာဝယ်ရောင်းစျေးကွက် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြည်တွင်းဒေါ်လာဝယ်ရောင်းစျေးကွက်

ဖေ့စ်ဘုတ်အပါအဝင် လူမှုကွန်ရက်တွေမှာ ဂရုဖွဲ့ပြီးအမေရိကန်ဒေါ် လာအပါအဝင်နိုင်ငံခြားငွေတွေရောင်းဝယ်သူအချို့ကို အသွင်ယူစစ်ဆေးဖမ်းဆီးထားတယ်လို့စစ်ကောင်စီဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။

“ဒေါ်လာ Dollar Buy/Sell Market and News” နဲ့ “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများဆုံစည်းရာ Euro Dollar Trading Group” ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်မှာဖွဲ့ထားတဲ့ဂရုနှစ်ခုဟာအမေရိကန်ဒေါ်လာ တစ်ဒေါ်လာနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေရဲ့ ပေါက်စျေးကို တရားဝင်စျေးထက်ကျော်လွန်ပြီးစျေးသတ်မှတ်ရောင်းဝယ်နေတာကြောင့် ဩဂုတ်လ ၂၈ ရက်ကအသွင်ယူဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဗဟိုဘဏ်ဘက်ကအပြောမှာတော့ အဲဒီလိုရောင်းဝယ်မှုတွေကတရားမဝင်ဖြစ်ပြီးနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့မညီညွတ်လို့ ဖော်ထုတ်အရေးယူခဲ့တာလို့ ဖော်ပြပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်မှုကို လုပ်ငန်းလိုင်စင်ရှိသူများကသာဆောင်ရွက်ခွင့်ရှိပြီးလိုင်စင်ရရှိသူတွေက နိုင်ငံခြားငွေ ငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ ရောင်းဝယ်ခွင့်ရှိတယ်လို့ စစ်ကောင်စီဗဟိုဘဏ်ကမကြာခဏထုတ်ပြန်နေတာပါ။ ဒါပေမဲ့ နိုင်ငံရပ်ခြားပညာသင်၊ အလုပ်အကိုင်သွားရောက်ဖို့ နဲ့ ပြည်ပမှာကျန်းမာရေးကုသမယ့်သူတွေလိုဒေါ်လာငွေလိုအပ်သူတွေအနေနဲ့လိုင်စင်ရဆိုင်တွေမှာ သွားရောက်ဝယ်ယူတဲ့အခါဒေါ်လာအရောင်းကိုရပ်ထားပြီး

အဝယ်လက်ခံတယ်ဆိုတာမျိုးသာကြုံနေကြရတယ်လို့ ‌ကိုယ်တွေ့ကြုံသူတွေကပြောကြပါတယ်။

ဒါ့အပြင် ပြဿနာအရင်းအမြစ်ကိုဖြေရှင်းတာမလုပ်ဘဲ ကျပ် ၂ သောင်းတန် ထွက်မယ်ဆိုတာနဲ့ထွက်လာတဲ့နောက် ကျပ်ငွေတန်ဖိုးကျလာတာကို ထိန်းဖို့ ဖမ်းဆီးထိန်းသိမ်းတဲ့နည်းလမ်းဟောင်းကိုသုံးနေတာက မြန်မာငွေကြေးစျေးကွက်နဲ့ မြန်မာကျပ်ငွေတန်ဖိုးကျနေတာကိုကို ထိန်းနိုင်မှာမဟုတ်ဘူးဆိုတဲ့စီးပွားရေး‌လုပ်ငန်းဆိုင်ရာနားလည်သူအချို့ကထောက်ပြဝေဖန်ကြပါတယ်။