စက်တင်ဘာ ၇ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- UWSA က မှုခင်းပညာပေးအနေနဲ့ အကျဉ်းသားတွေကို ထုတ်ပြ

ဓာတ်ပုံ ရင်းမြစ်, SS
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးထားတဲ့ အကျဥ်းသား အယောက် ၅၀ ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်မြို့ မှာ ဒီကနေ့ မနက်က မှုခင်းပညာပေးအနေနဲ့ လူထုကို ပြသခဲ့တယ်လို့ မြေပြင်သတင်းအရင်း အမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။
UWSA က ဟိုပန်မြို့ကို ထိန်းချုပ်ထားပြီးတဲ့နောက် သူတို့ဖမ်းဆီးထားတဲ့ အကျဥ်သားတွေကို ပထမဆုံး အကြိမ် ထုတ်ပြလာတာဖြစ်ပြီး တစ်အိမ်တစ်ယောက်မဖြစ်မနေလာကြည့်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
အကျဥ်သားတွေကို ပန်းဆန်းမြို့ကနေ အချုပ်ကားတွေနဲ့ ဟိုပန်မြို့အထိ ခေါ်လာပြီး ပြသခဲ့တာလို့လည်း သတင်းအရင်းမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ်ကျခံရမယ်ဆိုတာကို သတိပေး တဲ့အနေနဲ့ ပြသတာဖြစ်ပြီး သေဒဏ်စီရင်တာမျိုးတော့ မပြသခဲ့ဘူး လို့လည်း ဟိုပန်မြို့ခံ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
UWSA က နမ့်တစ်မြို့မှာ သေဒဏ်ပေးမှုတွေ အရင်က လုပ်ခဲ့ဖူးပါတယ်။ အလားတူ ကိုးကန့်တပ် MNDAA ကလည်း ကိုးကန့်ဒေသကိုပြန်ထိန်းချုပ်ပြီးတဲ့နောက် လောက်ကိုင်မြို့မှာသေဒဏ်စီရင်မှု ပြုလုပ်ခဲ့ပါသေးတယ်။
ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့်ချိန် NUG ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, NUG
သုံးနှစ်တာအတွင်းမှာ ခုခံတော်လှန်စစ်ကနေ မဟာဗျူဟာမြောက်စစ်ရေးထိုးစစ် ကို အသွင်ကူးပြောင်း နိုင်ခဲ့တယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလ က ခုခံတွန်းလှန်စစ် (၃) နှစ်ပြည့်မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီက ကြည်းတပ် အင်အားပြိုဆင်းလာလို့ လေကြောင်းကနေပဲ ဦးတည် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ က စက်တင်ဘာ ၇ ရက် မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
“ခုခံတော်လှန်စစ်အတွင်းမှာ စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ ဒါ့ကြောင့်လည်း အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းအင်အားကို အဓိကထားပြီး၊ သူတို့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေတာ” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောခဲ့တာဖြစ်ပါတယ်။
ဒါအပြင် တိုင်းရင်းသားအင်အားစုအချင်းချင်း ပူးပေါင်းတည်ဆောက် ထားတဲ့ စစ်ရေးမဟာမိတ်တပ်ပေါင်းစု တိုက်ပွဲတွေကိုလည်း ကျယ်ပြန့်စွာ ဖော်ဆောင်ထားနိုင် တယ်လို့လည်း (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောခဲ့ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်နိုင်တယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်စစ် စတင်ဆင်နွှဲမယ်လို့ NUG က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို နိုင်ငံတကာစစ်ခုံရုံး အမြန်တင်ပေးဖို့ အိုင်အီးစီ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, cincds
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားဒါဇင်ချီသေဆုံးခဲ့ပြီးနောက် နိုင်ငံတကာ စစ်ခုံရုံးမှာ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ နိုင်ငံတွေကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာတွေ ပိတ်ဆို့အရေးယူပေးဖို့နဲ့ လေယာဉ်ဆီတင်ပို့ရောင်းချနေတာတွေကိုပါ ရပ်တန့် အောင်လုပ်ပေးဖို့တွေကိုလည်း တောင်းဆိုထားပါတယ်။
ဒါအပြင် ကရင်နီဒေသကို လူသားချင်းဆိုင်ရာ အကူအညီတွေ ထပ်တိုးပေးဖို့ကိုလည်း ကြားကာလ အုပ်ချုပ်ရေးကောင်စီ က ပြောပါတယ်။
မနေ့က စက်တင်ဘာ ၆ ရက် ဘန်ကောက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာအတွင်း လူ ၉ ဦးသေဆုံးခဲ့တာ အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ကယားပြည်နယ်(ကရင်နီဒေသ)မှာ အရပ်သား သေဆုံးသူ ၂၄ ဦး နဲ့ ဒဏ်ရာ ရသူ အယောက် ၄၀ ရှိသွားပြီလို့လည်း IEC က ထုတ်ပြန်ပါတယ်။
မနေ့က ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၉ ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ စခန်းကို ဒီတကြိမ်နဲ့ဆို ၇ ကြိမ်မြောက် ဗုံးကြဲတာဖြစ်ပြီး အခုအကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်စစ်ရှောင်စခန်းမှာ နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်တဲ့နေရာဖြစ်သလို ကျောင်းသား ဦးရေ ၇၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းဖြစ်ပါတယ်။
“Tiktok” ကနေ စျေးရောင်းတဲ့ မြန်မာ ၈ ဦး ထိုင်းမှာ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက နောင်ဘူရီ မှာ “Tiktok” ပေါ်ကနေ အဝတ်အစားရောင်းတဲ့ မြန်မာ ၈ ဦးကို ထိုင်းရဲက စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေကို ခွင့်ပြုချက်မရဘဲ “Tiktok” ပေါ်ကနေ စျေးရောင်းချခွင့်ကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲမှာ အသက် ၂၅ နှစ်အရွယ် ဇနီးမောင်နှံ နဲ့ စျေးကူရောင်းပေးသူ လူ ၆ ဦးပါဝင်ပါတယ်။
မြန်မာဇနီးမောင်နှံက ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တဲ့လို့လည်း ထိုင်းရဲအရာရှိက ပြောပါတယ်။
သူတို့ကို နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဝတ်အစား အထုတ်တွေနဲ့ Live လွှင့်ရောင်းတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီ အဝတ်အစားတွေကို ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ ပသူနမ်စျေး ကနေဝယ်ယူခဲ့တာဖြစ်ပြီး အွန်းလိုင်းပေါ် ကနေတဆင့်ပြန်ရောင်းချနေတာလို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အောင်လအန်ဆန်း က ရှာမေးလ်အာဒိုဂန် ကို ဒိုင်ပွဲရပ်နဲ့ ရှုံး

ဓာတ်ပုံ ရင်းမြစ်, Screen Grab
မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တူရကီနိုင်ငံသား ရှာမေးလ်အာဒိုဂန် တို့ ရဲ့ အမေရိကန် ၊ ဒန်ဗာမြို့က ONE 168 ပွဲစဉ်မှာ အောင်လ က ရှာမေးလ်ကို ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးခဲ့ပါတယ်။
ပွဲစဥ်အစမှာကတည်းက ရှာမေးလ် က အောင်လကို ပထမအချီကတည်းက ချုပ်ကွက်နဲ့ အသာစီးရခဲ့ပြီး Stand ၊ Strik နဲ့ Ground စတဲ့ ထိုးကွက်အားလုံးသုံး ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ တံတောင်၊ ဒူးနဲ့ ထိုးချက်တွေကိုသုံးခဲ့ပြီး အောင်လဘက်က တိုက်ကွက်မဖော်နိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။
တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန် ဟာ ရှုံးပွဲမရှိသေးသူဖြစ်သလို အခု အောင်လနဲ့ ပွဲကြောင့်သူ့ရဲ့ရှုံးပွဲမရှိစံချိန်ကိုထပ်ထိန်းထားလိုက်နိုင်ပြီဖြစ်ပါတယ်။
အောင်လအန်ဆန်အတွက်ကတော့ အခုပွဲဟာ ONE Championship ဖိုက်တာဘ၀ ပွဲ ၂၀ ပြည့် ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉ ပွဲမှာ ၁၅ ပွဲနိုင်ပြီး ၄ ပွဲရှုံးထားတာကြောင့် အခုပွဲစဥ်ဟာ ၅ ပွဲမြောက်အရှုံးဖြစ်လာပါတယ်။
ဒီပွဲဟာ အောင်လရဲ့ လက်လွှတ်ထားရတဲ့ ချန်ပီယံခါးပတ် ၂ ခုကို ပြန်ယူဖို့ အရေးကြီးတဲ့ပွဲဖြစ်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ မြန်မာပရိသတ်တွေကတော့ အောင်လရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအားနည်းနေသလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။
FMI ကုမ္ပဏီ အမှုဆောင် ဥက္ကဋ္ဌ ရာထူးကနေ ဦးသိမ်းဝေ နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီ က နေပြည်တော်မှာ လနဲ့ချီကြာခေါ်ယူ စစ်ဆေးနေတဲ့ FMI ကုမ္ပဏီနဲ့ ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ချ်ပန်း ဟာ ကုမ္ပဏီ ရဲ့ အမှုဆောင် ဥက္ကဋ္ဌ ရာထူး ကနေ စက်တင်ဘာ ၅ ရက်နေ့ က နုတ်ထွက်ခဲ့တယ်လို့ ကုမ္ပဏီ က ထုတ်ပြန်ပါတယ်။
ဦးသိမ်းဝေ ဟာ ၂၀၀၄ ခုနှစ် က စတင်ပြီး အမှုဆောင် ဥက္ကဋ္ဌ ရာထူးနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ FMI ကုမ္ပဏီ အတွက် အလုပ်လုပ်ပေးခဲ့တယ်လို့လည်း FMI ကုမ္ပဏီ ရဲ့ စက်တင်ဘာ ၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ FMI ကုမ္ပဏီ ကို ဦးထွန်းထွန်း က အမှုဆောင်အရာရှိချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ရာထူးနဲ့ ဦးဆောင်သွားမယ်လို့လည်း FMI ကုမ္ပဏီ က ပြောပါတယ်။
FMI ကုမ္ပဏီ က အသစ်ထုတ်ပြန်လိုက်တဲ့ ဒါရိုက်တာအဖွဲ့စာရင်းထဲမှာ အမှုဆောင် ဥက္ကဋ္ဌ ရာထူးကို အသစ်ခန့်အပ်လိုက်တာမျိုး မလုပ်ခဲ့ပါဘူး။
၂၀၂၁ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိ ခဲ့တဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က လွတ်လပ်တဲ့ အမှုဆောင်မဟုတ်သော ဒါရိုက်တာ ရာထူး နဲ့ FMI ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ဒါအပြင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ဟာ FMI ကုမ္ပဏီ ရဲ့ စာရင်းစစ်နဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု ကော်မတီ နဲ့ အမည်စာရင်းတင်သွင်းရေးကော်မတီတို့မှာလည်း ဥက္ကဋ္ဌ ရာထူးနဲ့ တာဝန်ထမ်းဆောင် နေတယ် ဆိုတာကို FMI ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
FMI ကုမ္ပဏီ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်လိုက်တဲ့ ဦးသိမ်းဝေ ဟာ FMI ကုမ္ပဏီ ရဲ့ လက်အောက်ဖြစ်တဲ့ ရိုးမလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ နေရာ ကနေ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ဆင်းပေးခဲ့ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ သားဖြစ်သူ မယ်ဗင် ပန်းကို ဥက္ကဋ္ဌ ရာထူးပေးခဲ့တာလည်းဖြစ်ပါတယ်။
ပင်မရေငုပ်ဆယ်ယူရေးတပ်စခန်းကို AA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, အေအေ
ရခိုင်ပြည်နယ် သံတွဲမြို့ အခြေစိုက် တပ်မတော်ရေ ပင်မရေငုပ်နှင့်ဆယ်ယူရေး တပ်စခန်း ကို တစ်လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက် ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ အာရက္ခတပ်တော်(AA) ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဒီရေတပ်စခန်းကြီးကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သေးတာဖြစ်ပါတယ်။
အေအေဟာ ရေတပ်ရဲ့ စခန်းကြီးတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖြစ်လာပါတယ်။
သံတွဲမြို့နယ် မောင်ရွှေလေးရွာ နဲ့ ကွင်းဝိုင်းရွာအကြားမှာရှိတဲ့ အဲဒီရေတပ်စခန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ရှိခဲ့ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ချိန်မှာ တပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း အာရက္ခတပ်တော်(AA) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီ က လေကြောင်းရော ရေကြောင်းပါသုံးပြီး ခုခံတိုက်ခိုက်ခဲ့တယ်လို့ လည်း AA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ဒဏ်ရာရ၊ ကျဆုံးသူတွေကို စစ်သင်္ဘောတွေနဲ့ သယ်ဆောင်ပြီး စစ်တွေ နဲ့ ဧရာဝတီတိုင်းဘက်သို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားတယ် လို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းပိုက်လိုက်တဲ့ သံတွဲအခြေစိုက် စစ်ကောင်စီ ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် စခန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ဇန်နဝါရီက သွားရောက်ခဲ့တဲ့ ရေတပ်စခန်းကြီးလည်း ဖြစ်ပါတယ်။
အဲဒီခရီးစဥ်အတွင်းမှာ စစ်ကောင်စီ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၈ ဦးရဲ့ ရေပြင်သက်စောင့်လုပ်ငန်း တွေ၊ အလွတ်ရေကူးရေငုပ်တာတွေ၊ မိုင်းရှင်းလင်းရေးနဲ့ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေ သရုပ်ပြ လေ့ကျင့်နေတာကို ကြည့်ရှုခဲ့ပါတယ်။
စစ်ကောင်စီဘက်က ပင်မရေငုပ်ဆယ်ယူရေးတပ်စခန်း သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။








