၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ ရလဒ် - ဟဲရစ် နဲ့ ထရမ့် ဘယ်သူနိုင်မလဲဆိုတာ ဘယ်တော့သိရမလဲ

A graphic that shows the White House against a red, white and blue stars-and-stripes backdrop
    • ရေးသားသူ, ဆမ် ကာဘရယ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဝါရှင်တန်

အမေရိကန်ပြည်သူတွေဟာ နိုဝင်ဘာလ ၅ ရက်၊ အင်္ဂါနေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကနေ သူတို့ရဲ့ သမ္မတအသစ်ကို မဲပေးရွေးချယ်ကြဖို့ရှိနေပါတယ်။

မဲရုံတွေ ပိတ်ပြီး မဲရလဒ်ကလည်း အကွာကြီး မကွာတာမျိုးဖြစ်လာနိုင်ပေမဲ့ ဘယ်သူ နိုင်သွားလဲဆိုတာကို ချက်ချင်းကြေညာဖို့ မဖြစ်နိုင်သလို ရက်ချီ၊ သီတင်းပတ်နဲ့တောင် ချီပြီး ကြာမြင့်နိုင်ပါတယ်။

ဆိုတော့ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ ရလဒ် ဘယ်တော့လောက် ထွက်လာနိုင်ခြေရှိလဲ

လက်ရှိ ဒုတိယသမ္မတတာဝန်ယူထားတဲ့ ဒီမိုကရက်ပါတီဝင် ကာမလာ ဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီဝင် သမ္မတဟောင်း ဒေါ် နယ် ထရမ့်တို့ဟာ ရွေးကောက်ပွဲအတွက် အပြိုင်မဲဆွယ်နေကြတာ သီတင်းပတ်ချီ ကြာနေပါပြီ။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံအဆင့်နဲ့ မဲအပြောင်းအလဲဖြစ်နိုင်တဲ့ပြည်နယ်တွေမှာ ပြုလုပ်ထားတဲ့ အမြင်သဘောထားစစ်တမ်းတွေအရ လောလောဆယ်မှာ သမ္မတလောင်း နှစ်ဦးဟာ သူမသာ ကိုယ်မသာဖြစ်နေပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ မဲအနည်းငယ်နဲ့ ကပ်နိုင်သွားတာမျိုးဖြစ်နိုင်သလို မဲပြန်ရေတွက်ရတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကစလို့ ကိုယ့်ပြည်နယ်ရွေးကောက်ပွဲတွေကို ပြည်နယ်တွေကပဲ ကိုယ်ပိုင်အစီအစဥ်နဲ့ စီမံလိုက်တာမျိုး၊ နောက်ပြီး မဲအပြောင်းအလဲဖြစ်နိုင်တဲ့ပြည်နယ်တွေအပါအဝင် ပြည်နယ်တစ်ခုချင်းစီမှာပြုလုပ်ထားတဲ့အပြောင်းအလဲတွေကြောင့် ဒီနှစ်မှာ တချို့မဲရလဒ်တွေဟာ ခပ်နှေးနှေးပဲ ထွက်လာနိုင်ခြေရှိပါတယ်။

တဖက်မှာတော့ မီရှီဂန်ပြည်နယ်လို နေရာတွေမှာတော့ မဲရေတွက်တာ မြန်ဆန်အောင် ပြုလုပ်နေပြီး ကိုဗစ်ကာလတုန်းက ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့တစ်ခေါက် ရွေးကောက်ပွဲတုန်းကထက် စာတိုက်ကနေ ပေးပို့တဲ့ မဲအရေအတွက်လည်း နည်းသွားပါတယ်။

ဒါကြောင့် မဲရလဒ်နဲ့ ပြည်နယ်အတွင်းမှာ အနိုင်ရသူကို ညတွင်းချင်း ကြေညာတာ ဖြစ်နိုင်သလို နောက်နေ့ မနက် ဒါမှမဟုတ် ရက်ချီ၊ သီတင်းပတ်ချီကြာပြီးမှလည်း ကြေညာတာ ဖြစ်နိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲရလဒ် ဘယ်အချိန်မှာ သိခဲ့ရတာလဲ

၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့တုန်းက ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အမေရိကန် ရုပ်သံကွန်ရက်တွေဟာ ဂျိုးဘိုင်ဒန် အနိုင်ရပြီဆိုတာကို နိုဝင်ဘာလ ၇ ရက်၊ စနေနေ့မနက်ခင်းနှောင်းပိုင်းအထိ မကြေညာခဲ့ကြသေးပါဘူး။

ရွေးကောက်ပွဲညမှာ အမေရိကန်လူထု အိပ်ယာဝင်ခဲ့ကြပေမဲ့ ထရမ့်ကို ထောက်ခံသူတွေကတော့ သူတို့ သမ္မတလောင်းဟာ အနိုင်ရဖို့ နီးတယ်လို့ဆိုပြီး ယုံကြည်ချက်ပြင်းခဲ့ကြပါတယ်။ တကယ်တော့ သမ္မတလောင်းနှစ်ဦးစလုံးဟာ ရွေးကောက်ခံ သမ္မတဖြစ်ဖို့ဆိုရင် electoral college လို့ခေါ်တဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်မဲ ၂၇၀ အထိ ရဖို့ လိုအပ်ပါတယ်။

ပြည်နယ်အများစုမှာ မဲရလဒ်ကို ၂၄ နာရီအတွင်း သိနိုင်ပေမဲ့ ပန်ဆေဗေးနီးယားနဲ့ နဗားဒါးအပါအဝင် အခရာကျတဲ့ပြည်နယ်တချို့မှာတော့ မသိရပါဘူး။

ကိုယ်စားလှယ်မဲ ၁၉ မဲအထိရှိတဲ့ ပန်ဆေဗေးနီးယားပြည်နယ်မှာတော့ ကိုယ်စားလှယ်မဲအရေအတွက်ဟာ ဒီမိုကရက်တွေဘက် ယိမ်းတဲ့ဘက်အခြမ်းမှာ မရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ စနေနေ့ မနက်ခင်း ရောက်တဲ့အခါ ပြည်နယ်ထဲမှာ ထည့်ထားတဲ့မဲအသစ်တွေ ရောက်လာခဲ့တာကြောင့် အမေရိကန် ရုပ်သံ ကွန်ရက်တွေဟာ အဲဒီပြည်နယ်မှာ ဘိုင်ဒန်အနိုင်ရပြီလို့ဆိုပြီး ယုံကြည်မှုရှိရှိ ခန့်မှန်းခဲ့ကြပါတယ်။

အဲဒီထဲမှာ စီအန်အန် ရုပ်သံလိုင်းက ဒီရလဒ်ကို ပထမဆုံး ကြေညာခဲ့တာဖြစ်ပြီး နောက်ထပ် ၁၅ မိနစ် အတွင်းမှာပဲ တခြားရုပ်သံတွေက ဆက်တိုက် ကြေညာခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲရလဒ်ကို ဘယ်အချိန်မှာ ကြေညာလေ့ရှိလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပုံမှန်အားဖြင့် မဲဆန္ဒရှင်တွေဟာ သူတို့ရဲ့ သမ္မတသစ် ဘယ်သူဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ရွေးကောက်ပွဲနေ့ည သူတို့ အိပ်ယာဝင်ချိန် ဒါမှမဟုတ် နောက်နေ့ မနက်ခင်း အစောပိုင်းတို့မှာ ခန့်မှန်းလို့ရကြလေ့ရှိပါတယ်။

ဥပမာအနေနဲ့ပြောရရင် ထရမ့်တစ်ယောက် သမ္မတနေရာအတွက် ပထမဆုံးနိုင်တဲ့ ၂၀၁၆ ခုနှစ်မှာဆိုရင် ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ ဒေသစံတော်ချိန် မနက် ၃ နာရီမတိုင်ခင်လေးမှာပဲ သူအနိုင်ရပြီလို့ ကြေညာခံရပါတယ်။

၂၀၁၂ ခုနှစ်မှာ အိုဘားမား ဒုတိယအကြိမ်အနိုင်ရတဲ့အခါ သူရွေးကောက်ပွဲ နိုင်ခြေကို ရွေးကောက်ပွဲကျင်းပတဲ့ နေ့ချင်း သန်းခေါင်ယံမတိုင်ခင်မှာပဲ ခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား ခြွင်းချက်ကတော့ ဂျော့ ဒဗလျူ ဘုရှ်နဲ့ ဂျွန် ကနေဒီ တို့ပြိုင်တဲ့ ၂,၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်ပါတယ်။

မဲပြဿနာဟာ ဖလော်ရီဒါ ပြည်နယ်မှာ အပြိုင်အဆိုင်နဲ့ စတင်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မတိုင်ခင်အထိ ပြည်နယ်ထဲ ရွေးကောက်ပွဲ မဲပြန်ရေတဲ့လုပ်ငန်းအဆုံးမသတ်နိုင်ခဲ့ဘဲ ဒီလုပ်ငန်းစဥ် အဆုံးသတ်ဖို့ အမေရိကန်တရားရုံးချုပ်က ဝင်ပြီး မဲပေးဆုံးဖြတ်ပေးခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဘုရှ်ဟာ ရွေးကောက်ပွဲ မဲရလဒ် အနိုင်ရသူဖြစ်ခဲ့ပြီး အိမ်ဖြူတော်ဆီ အရောက်လှမ်းနိုင်ခဲ့ပါတယ်။

စောင့်ကြည့်ရမယ့် ပြည်နယ်တွေက ဘယ်ပြည်နယ်တွေလဲ

ပြည်နယ် ၅၀ ရှိပြီး နိုင်ငံကျယ်ပြောတာကြောင့် စံတော်ချိန် ၅ ခုအထိရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ ညနေခင်း၊ အမေရိကန် စံတော်ချိန် ၆ နာရီ (မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၅ နာရီခွဲ)မှာ မဲရုံတွေကို ပထမဆုံးဖွင့်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက် အစောပိုင်း အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မနက် ၁ နာရီမှာ နောက်ဆုံး မဲရုံ ပိတ်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အခုအမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ အရီဇိုးနား၊ မီရှီဂန်၊ နဗားဒါး၊ မြောက် ကယ်ရိုလိုင်းနား၊ ပန်ဆေဗေးနီးယားနဲ့ ဝစ္စကွန်ဆင် ပြည်နယ်တွေလို မဲယိမ်းပြည်နယ် ၇ ခုက ထွက်လာမယ့် ရလဒ် တွေအပေါ် မှီတည်နေပါတယ်။

၁၉၀၀ နာရီ(မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၆ နာရီခွဲ) - ဂျော်ဂျီယာနဲ့ နောက်ထပ် ၅ ပြည်နယ်မှာ မဲရုံပိတ်ပြီး နောက်ထပ် ပြည်နယ် ၃ ခုမှာတော့ မဲရုံ တချို့ ပိတ်ပါမယ်။ ဒီမှာပဲ ယှဥ်ပြိုင်မှု အားသိပ်မပြင်းလှတဲ့ ကန်တက်ကီပြည်နယ်ကစလို့ အမေရိကန်ရုပ်သံလိုင်းတစ်ချို့ဟာ ရွေးကောက်ပွဲ မဲရလဒ်ကို စတင် ကြေညာနိုင်ခြေရှိပါတယ်။

၁၉:၃၀ နာရီ(မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၇ နာရီ) - မြောက်ကယ်ရိုလိုင်းနားအပါအဝင် ပြည်ဣယ် အားလုံးမှာ မဲရုံတွေ ပိတ်ပါပြီ။ မြောက်ကယ်ရိုလိုင်းနားဟာ ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းတွေ အစဥ်အဆက် မဲရှုံးခဲ့တဲ့ပြည်နယ်ဖြစ်တာကြောင့် ကာမလာ ဟဲရစ်ကတော့ ဒီအခြေအနေ အဆုံးသတ်ဖို့ မျှော်လင့်နေပါတယ်။

၂၀:၀၀ နာရီ(မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၇ နာရီခွဲ) - ပန်ဆေဗေးနီးယားနဲ့ နောက်ထပ် ၁၆ ပြည်နယ်မှာ မဲရုံတွေ ပိတ်ပြီဖြစ်ပါတယ်။ မီရှီဂန်နဲ့ တခြားပြည်နယ်တို့မှာလည်း မဲရုံအချို့ ပိတ်ပြီဖြစ်ပါတယ်။

၂၁:၀၀ နာရီ(မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၈ နာရီခွဲ) - မီရှီဂန်က တခြားမဲရုံတွေလည်း ပိတ်ပြီဖြစ်ပါတယ်။ အရီဇိုးနား၊ ဝစ္စကွန်ဆင်နဲ့ နောက်ထပ် ၁၂ ပြည်နယ်မှာလည်း မဲရုံတွေ ပိတ်ပြီဖြစ်ပါတယ်။

၂၂:၀၀ နာရီ(မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၉ နာရီခွဲ) - နဗားဒါးပြည်နယ်နဲ့ နောက်ထပ် ပြည်နယ် နှစ်ခုမှာ မဲရုံတွေပိတ်ပြီး ကျန် ပြည်နယ် နှစ်ခုမှာလည်း မဲရုံအချို့ ပိတ်ပြီဖြစ်ပါတယ်။

မဲတွေကို ဘယ်လိုရေတွက်ကြလဲ

ပုံမှန်အားဖြင့် ရွေးကောက်ပွဲနေ့မှာ ကိုယ်တိုင်ကိုယ်ကျ မဲပေးသူတွေရဲ့ မဲအရေအတွက်ကို ဦးစွာရေတွက်ပါတယ်။ အဲဒါပြီးမှ ကြိုတင်မဲတွေ၊ စာတိုက်က လာတဲ့မဲတွေ၊ ပြည်ပရောက်နိုင်ငံသားတွေရဲ့မဲတွေနဲ့ စစ်မှုထမ်းတွေရဲ့မဲတွေကို ဆက်ပြီးရေတွက်တာပါ။

မဲရလဒ်တွေကို ဒေသဆိုင်ရာရွေးကောက်ပွဲ အရာရှိတွေနဲ့ မဲရေတွက်ဖို့ တာဝန်ပေးခြင်းခံရထားသူတွေက စိစစ်ရေတွက်ပါတယ်။

ဆုတ်ဖြဲခံထားရတဲ့မဲတွေ၊ အစွန်းအထင်းရှိတဲ့မဲတွေ၊ ပျက်စီးနေတဲ့ မဲတွေကို စိစစ်ရေတွက်ရာမှာ ရရှိတဲ့မဲအရေအတွက်နဲ့ မဲပေးခွင့်ရှိသူအရေအတွက်ကို နှိုင်းယှဥ်ချက် ရလဒ်တွေကို မှတ်တမ်းတင်ပါတယ်။

မဲရေတွေရာမှာ လျှပ်စစ်မဲရေစက်ထဲ မဲတစ်ရွက်ချင်းစီကို ထည့် ဖတ်စေပြီး ရလဒ်တွေကို ဇယားနဲ့ ဖော်ပြတာမျိုးလည်း ရှိပါတယ်။ တချို့ အခြေအတွေမှာတော့ လူကိုယ်တိုင် ရေတွက်တာ ဒါမှမဟုတ် အရေအတွက်ကို နှစ်ထပ် စစ်ဆေးတာလည်း ပါဝင်ပါတယ်။

ပြည်နယ်တိုင်းနဲ့ ဒေသန္တရ အဆင့်တိုင်းမှာ မဲရေတွက်တဲ့စည်းကမ်းကို တင်းတင်းကျပ်ကျပ်လိုက်နာသလို မဲရေတွက်သူတွေကိုလည်း အသေအချာ စိစစ် ရွေးချယ်ပါတယ်။ စည်းကမ်းတွေထဲမှာ မဲတွေကို ဘယ်လို အဆင့်လိုက် ရေတွက်မယ်၊ မဲရုံဘယ်အပိုင်းကိုပဲ လူတွေကို ဝင်ခွင့်ပေးမယ်ဆိုတာအပါအဝင် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် နှစ်ပါတီစလုံးက မဲစောင့်ကြည့်သူတွေကို လေ့လာခွင့်လည်း ပေးထားပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ဘာတွေက နှောင့်နှေးစေနိုင်လဲ

အမေရိကန် မီဒီယာတွေဟာ မဲရလဒ်ကို ကနဦးခန့်မှန်းတာမျိုးမလုပ်ခင်မှာ သမ္မတလောင်းတွေရဲ့ မဲကွာဟချက်အခြေအနေကို စောင့်ကြည့်ကြဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမဲအခြေအနေကလည်း မဲတွေ ပြန်ရေရတာ၊ ဥပဒေကြောင်းအရ အရေးဆိုနိုင်တာတွေ ရှိလာနိုင်ပါတယ်။

ဥပမာအနေနဲ့ ပန်ဆေဗေးနီးယားပြည်နယ်မှာဆိုရင် မဲအနိုင်ရသူနဲ့ ရှုံးသူကြား မဲကွာဟချက်က ရာခိုင်နှုန်းဝက်ပဲရှိမယ်ဆိုရင် မဲတွေကို နိုင်ငံတဝန်းမှာ အလိုအလျောက် ပြန်ရေတွက်မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတုန်းကတော့ ကွဲကွာဟချက်ဟာ ၁.၁ ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိခဲ့ပါတယ်။

မဲဆန္ဒရှင်ဖြစ်ကြောင်း သက်သေထူဖို့၊ မဲပေးမှုဆိုင်ရာမှတ်တမ်းမှတ်ရာ စီမံမှုနဲ့ ပတ်သက်ပြီး တရားရေးအရ ဖြေရှင်းဖို့ ရီပတ်ဘလီကန်တွေက အရေးဆိုထားတဲ့ ရွေးကောက်ပွဲအကြို တရားတဘောင်ကိစ္စဟာ တစ်ရာကျော်အထိ ရှိနေပါတယ်။

မဲရလဒ် နှောင့်နှေးနိုင်တဲ့တခြား ဖြစ်နိုင်ခြေတွေထဲမှာ မဲရုံတွေ၊ မဲရေတွက်မှုကို အနှောက်အယှက်ပေးမှုတို့လို ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့အကြမ်းဖက်မှုလို အခြေအနေတွေလည်း ပါဝင်ပါတယ်။ ဥပမာအနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ဂျော်ဂျီယာ ပြည်နယ်က မဲရုံမှာ ရေပိုက်တစ်ခု ပေါက်တဲ့ ဖြစ်ရပ်မျိုးလည်းရှိခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲရလဒ်တွေကို အငြင်းပွားမှုရှိရင် ဘာဖြစ်လာနိုင်မလဲ

နောက်ဆုံးမဲလဒ်မှာ ခိုင်လုံမဲ မှန်သမျှကို ရေတွက်ပြီးတဲ့နောက်၊ မဲတွေကို နောက်တစ်ကြော့ပြန်ရေတွဥ်တာ၊ အဲဒီနောက် ဒေသန္တရတရားရေးက ပထမဆုံးအတည်ပြု၊ ပြီးရင်တော့ ပြည်နယ်အဆင့်မှာ ဆက်ပြီး အတည်ပြုပြီး ရလဒ်ကို အတည်ပြုပါတယ်။

ပြည်နယ်အကြီးအကဲ ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့(Electoral College)ကို ကိုယ်စားပြုမယ့် အဖွဲ့ဝင်တွေကို ရွေးချယ်ပါတယ်။ ဒီ အဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၁၇ ရက်မှာ သက်ဆိုင်ရာပြည်နယ်တွေမှာတွေ့ဆုံကြပြီး သူတို့ရဲ့မဲတွေကို ထည့်ကြပါမယ်။ ပြီးရင်တော့ ဝါရှင်တန်ကို အဲဒီမဲတွေ ပို့မှာဖြစ်ပါတယ်။

ဇန်နဝါရီလ ၆ ရက်မှာတော့ လအစမှာ စတင်ခေါ်ယူတဲ့အမေရိကန် ကွန်ဂရက်စ်လွှတ်တော် အသစ်ဟာ သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်တွေရဲ့ မဲတွေကို ရေတွက်ဖို့ လွှတ်တော်အစည်းအဝေးပွဲ တစ်ရပ်ခေါ်ယူမှာ ဖြစ်ပါတယ်။ အဲဒီလို မဲရေတွက်တာကိုတော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အမေရိကန် ဒုတိယသမ္မတက လွှတ်တော် သဘာပတိ အနေနဲ့ ဦးဆောင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ထရမ့်ဟာ မဲရှုံးကြောင်း လက်မခံခဲ့သလို ဘိုင်ဒန်ရဲ့ မဲနိုင်မှုကို အတည်ပြုပေးဖို့ အစည်းအဝေးခေါ်မယ့် လွှတ်တော်ဆီ ချီတက်ဖို့ သူ့ကို ထောက်ခံသူတွေကိုလည်း စုဝေးခဲ့ပါတယ်။

အဲဒီတုန်းက သူ့ရဲ့ ဒုတိယသမ္မတ ဖြစ်တဲ့ မိုက်ပန့်စ်ကို ရွေးကောက်ပွဲ မဲရလဒ်ကို ပယ်ချဖို့ သူက တိုက်တွန်းခဲ့ပေမဲ့ ပန့်စ်က ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအဓိကရုဏ်းကို လူစုကွဲသွားအောင်လုပ်ပြီး ကွန်ဂရက်စ်လွှတ်တော် အမတ်တွေ ပြန်စုဖွဲ့ခဲ့ပေမဲ့ ရီပတ်ဘလီကန် လွှတ်တော် အမတ် ၁၄၇ ယောက်ဟာ ထရမ့်ရဲ့အရှုံးကို ပြန်ပြောင်းလဲရေး မဲခွဲဆုံးဖြတ်ဖို့ လွှတ်တော်မှာ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အဲဒီကတည်းက အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်နယ်တစ်ခုချင်းစီကနေ ပို့လာတဲ့ အတည်ပြုပြီးသား မဲရလဒ်တွေကို လွှတ်တော်အမတ်တွေအနေနဲ့ ကန့်ကွက်တာမျိုးကို ခက်ခဲအောင်၊ နောက်ပြီး ဒုသမ္မတ အနေနဲ့ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွေက ပေးလာတဲ့မဲတွေကို တစ်ဦးတည်းသဘောနဲ့ ပယ်ချနိုင်ခွင့် မရှိဘူးဆိုတာမျိုးကိုလည်း ထပ်လောင်းအတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ အစုအဖွဲ့တချို့ဟာ ရွေးကောက်ပွဲရလဒ်အပေါ် သံသယဝင်လာအောင် ရည်ရွယ် လုပ်ဆောင်တာတွေရှိနေတာကြောင့် ၂၀၂၄ အမေရိကန် မဲပေးပွဲမှာ မဲတွေကို ဒေသန္တရနဲ့ ပြည်နယ်အဆင့်မှာ အတည်ပြုတဲ့အဆင့် ကြန့်ကြာအောင် အားထုတ်မှုတွေ ရှိလာနိုင်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေလာသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။

ထရမ့်၊ သူ့ရဲ့ ဒုသမ္မတလောင်း ဂျေဒီ ဗန့်စ်နဲ့ ထိပ်တန်း ရီပတ်ဘလီကန် ခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲမှာ ထရမ့်ရှုံးသွားတယ်ဆိုရင် အဲဒီရလဒ်ကို သူတို့ တညီတညွတ်တည်း ပြောကြဖို့ ဆိုတဲ့အခြေအနေကို အကြိမ်ဖန်များစွာ မှတ်ချက်ပေးဖို့ ငြင်းဆိုထားကြဖူးပါတယ်။

သမ္မတ ကျမ်းကျိန်ဆိုပွဲက ဘယ်တော့လဲ

မဲနိုင်ပြီးတဲ့ ရွေးကောက်ခံ သမ္မတဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်၊ တနင်္လာနေ့မှာ အမေရိကန်လွှတ်တော်အဆောက်အဦဝင်းအတွင်းမှာ ကျမ်းကျိန်ဆိုမှာ ဖြစ်ပါတယ်။

အဲဒီ ကျမ်းကျိန်ပွဲဟာ အမေရိကန်နိုင်ငံ့သမိုင်းမှာ အကြိမ် ၆၀ မြောက် သမ္မတ ကျမ်းကျိန်ဆိုပွဲ ဖြစ်လာမှာပါ။

အဲဒီကျမ်းကျိန်ပွဲဟာ အမေရိကန် သမ္မတ သစ်တစ်ဦးအနေနဲ့ အမေရိကန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်စွဲပြီး ဖွဲ့စည်းပုံကို လေးစားလိုက်နာမယ့်အကြောင်း ပြောကာ မိန့်ခွန်းလည်း ပြောကြားမှာဖြစ်ပါတယ်။

အနီ အဖြူနဲ့အပြာရောင်ပါဝင်တဲ့ နဖူးစည်း