ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီ လိုက်သွားတဲ့ အာကာသခရီးက ဘာသဘောဆောင်လဲ

အမျိုးသမီး ၆ ဦးရဲ့ အာကာသခရီး

ဓာတ်ပုံ ရင်းမြစ်, Blue Origin

ဓာတ်ပုံ ပုံစာ, အမျိုးသမီး ၆ ဦးရဲ့ အာကာသခရီး

ပေါ့ပ်စတား ကေတီပယ်ရီနဲ့ နောက်ထပ် အမျိုးသမီး ငါးယောက်တို့ ဟာ ကမ္ဘာကျော်သူဌေးကြီး ဂျက်ဖ်ဘီဇော့ရဲ့ အာကာသခရီးသွားလုပ်ငန်း Blue Origin ဒုံးပျံယာဥ်နဲ့ အာကာသထဲလိုက်သွားခဲ့ပါတယ်။ အခုတော့ ကမ္ဘာပေါ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ခဲ့ကြပါပြီ။

ဘီဇော့နဲ့ စေ့စပ်ထားသူ လောရန်ဆန်းချက်ဇ်၊ CBS ရုပ်သံတင်ဆက်သူ ဂေးလ်ကင်းတို့နဲ့အတူ ပယ်ရီက အတူသွားခဲ့တာဖြစ်သလို၊ လူးဝီအမ်းစရောင်းရဲ့ "What a Wonderful World" သီချင်းကို ပယ်ရီက ယာဥ်အတွင်းမှာ သီဆိုနေခဲ့ပါတယ်။

ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်ပြီးတဲ့အခါမှာတော့ "ကမ္ဘာအပါအဝင် အရာခပ်သိမ်းနဲ့ နက်နဲသိမ်မွေ့တဲ့ဆက်စပ်မှုကိုခံစားခဲ့ရတယ်'' နောက်ပြီးတော့ "ချစ်ခြင်းမေတ္တာရဲ့ လေးနက်တဲ့ ဆက်စပ်မှုကိုလည်း သိခဲ့ရတယ်"လို့ ပယ်ရီကပြောပါတယ်။

အဲဒီအာသာသယာဥ်က ပျံသန်းချိန် ၁၁ မိနစ်သာကြာခဲ့ပြီး အမျိုးသမီး ၆ ဦးကို ကမ္ဘာကနေ ကီလိုမီတာ ၁၀၀ (၆၂မိုင်) ခရီးအထိကို ခေါ်ဆောင်ခဲ့တာပါ။ နိုင်ငံတကာအသိအမှတ်ပြု အာကာသနယ်နိမိတ်ကို ကျော်ဖြတ်ခဲ့ပြီး ကမ္ဘာမြေဆွဲအားလွတ်ကင်းတဲ့နေရာရဲ့ အခိုက်အတန့်ကိုခေတ္တခံစားစေခဲ့ပါတယ်။

နာဆာရဲ့ အာကာသယာဥ်သိပ္ပံပညာရှင်ဟောင်းဖြစ်တဲ့ အီရှာဘိုဝီ၊ နိုင်ငံသားအခွင့်အရေးတက်ကြွ လှုပ်ရှားသူ အမန်ဒါငုယင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ ကယ်ရီယမ်ဖလင်တို့လည်း ယာဥ်အတွင်းလိုက်ပါခဲ့ကြပါတယ်။

New Shepard အာကာသယာဥ်ကို အနောက်တက္ကဆပ်က ဒုံးလွှတ်တင်တဲ့နေရာကနေ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲမှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Blue Origin ကုမ္ပဏီကထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ NS-31 အာကာသယာဉ်ထဲက လူလိုက်ပါတဲ့အခန်းဟာ လေထီးတွေရဲ့ အကူအညီနဲ့ ကမ္ဘာမြေပေါ် ညင်ညင်သာသာ ပြန်လည်ဆင်းသက်ခဲ့သလို၊ ဒုံးပျံဟာလည်း တက္ကဆပ်က ဒုံးလွှတ်တင်တဲ့နေရာကို ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။

လိုက်ပါသွားသူအားလုံးကို ပြန်လည်ခေါ်ယူပေးနိုင်ခဲ့လို့ အာကာသယာဥ်အခန်းထဲကနေ သြဘာပေးတဲ့အသံတွေကို ကြားခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျက်ဖ်ဘီဇော့က ပြန်လည်ဆင်းသက်လာတဲ့ အာကာသယာဥ်ငယ် အခန်းတံခါးကိုဖွင့်ပေးကြိုဆိုခဲ့ပြီး ပထမဆုံးထွက်လာသူ သူ့ရဲ့ ချစ်သူ လောရန့်ဆန်းချက်ဇ် ကို ကြိုဆိုခဲ့ပါတယ်။

"ဒီခရီးစဥ်မှာ ပါဝင်ခဲ့သူအားလုံးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်" "စကားလုံးဖော်ပြစရာကိုမတွေ့လောက် အောင်ပါ" လို့ မျက်ရည်တွေဝဲလျက် နဲ့ လောရန့်ဆန်းချက်ဇ်ကပြောခဲ့ပါတယ်။

"ပြတင်းပေါက်ကနေပြီးတော့ အပြင်ကိုလှမ်းကြည့်တော့ လမင်းကြီးကိုပါမြင်ခဲ့ကြရတယ်" လို့ ပြောပါတယ်။

"ကမ္ဘာကအရမ်းကိုတိတ်ဆိတ်နေသလိုပဲ" လို့ လောရန့်ကပြောပြီး ကျွန်မမျှော်လင့်ခဲ့သလို မဟုတ်ပါဘူး။ "တိတ်ဆိတ်နေပေမယ့် တကယ့်ကိုလှုပ်ရှားရှင်သန်နေတာပါ"လို့ သူက ပြောပါတယ်။

နောက်ထပ်ထွက်လာသူကတော့ ကေတီပယ်ရီပါ။ ထွက်လာပြီးချက်ချင်းဆိုသလို ကမ္ဘာမြေကြီးကို နမ်းခဲ့ပြီး မသွားခင်ကတော့ ဒေစီပန်းတစ်ပွင့်ကို အာကာသထဲယူသွားခဲ့ပါတယ်။ ပယ်ရီသမီးနာမည်က ဒေစီဖြစ်ပြီး သူ့သမီးကို တင်စားတဲ့ ဒေစီပန်းကို ယူသွားခဲ့တာဖြစ်ပါတယ်။

‌‌ဂေးလ်ကင်းကလည်း ဒူးထောက်ပြီး ကမ္ဘာကြီးကိုနမ်းခဲ့ပါတယ်။

"ကမ္ဘာမြေကြီးပေါ်နေနေရတဲ့ အခိုက်အတန့်မျိုလေးလိုချင်တယ်။ စက္ကန့်ပိုင်းလေးအတွက် ကမ္ဘာ မြေကြီးကို အရမ်းကျေးဇူးတင်မိပါတယ်" လို့ သူကပြောပါတယ်။

နောက်ဆုံးထွက်လာတာကတော့ ကယ်ရီယမ် ဖလင်ဖြစ်ပြီး သူကတော့ ကောင်းကင်ကိုကြည့်ပြီး "အာကာသထဲကိုသွားခဲ့ပြီ" လို့ အော်ဟစ်ခဲ့ပါတယ်။

New Shepard အာကာသယာဥ်ကို အနောက်တက္ကဆက်က ဒုံးလွှတ်တင်တဲ့နေရာကနေ ဒေသရဲ့ စံတော်ချိန် မနက် ၈ နာရီခွဲမှာ လွှတ်တင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, New Shepard အာကာသယာဥ်

နာမည်ကျော်အနုပညာရှင် ကလိုအီကာဒက်ရှ်ရှန်ကလည်း ယာဥ်လွှတ်တင်ခဲ့မှုကို မြေပြင်ကနေ ကြည့်ရှုခဲ့ပါတယ်။

"အဲဒီ စိတ်ခံစားမှုက ဘယ်လိုတောင်ဖြစ်လိမ့်မလဲမသိဘူး။ အဲဒါရှင်းပြဖို့ခက်တယ်။ စိတ်လှုပ်ရှားတဲ့အခါ ဖြစ်တဲ့အရာတွေလိုပေါ့" လို့ ကလိုအီကာဒက်ရှ်ရှန်က လွှတ်တင်မှုကိုကြည့်ရှုတဲ့နေရာကနေပြောခဲ့တာပါ။

"မင်းအိပ်မက်က ဘယ်လိုကြီးပဲဖြစ်နေပါစေ။ လက်လှမ်းမီတဲ့အရာပါ၊ အထူးသဖြင့် ဒီနေ့လိုနေမျိုး၊ ဒီခေတ်မျိုးပေါ့။ အိပ်မက်ကြီးကြီးမက်ပါ ကြယ်တွေအတွက် ဆုတောင်းပါ။ ပြီးတော့ တစ်နေ့ အဲဒီအရာက ဖြစ်လာပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ဂေးလ်ကင်းက အမြင့်ပျံသန်းမှုကို ကြောက်ရွံ့သူဖြစ်ပေမယ့် အခုတော့ အဲဒီအရာကို ကျော်ဖြတ်ကာလုပ်ပြနိုင်ခဲ့ပြီလို့ သူငယ်ချင်းဖြစ်သူ နာမည်ကျော် အစီအစဥ်တင်ဆက်သူ အော်ပရာဝင်းဖရေး ကပြောခဲ့ပါတယ်။

"သူက လေယာဥ်စီးရင်တောင် ကြောက်တတ်လန့်တတ်လို့ အမြဲတစ်ယောက်ယောက်နဲ့ အတူရှိရတာမျိူးပါ။ အခုဒါကိုလိုက်ပါသွားတယ်ဆိုတော့ သူ့ရဲ့ ကြောက်ရွံ့နေရတဲ့ တံတိုင်းကြီးကို ကျော်လွှားလိုက်တာပဲ" လို့ သူက ပြောပါတယ်။

အာကာသယာဥ်ဟာ အလိုလျှောက်မောင်းနှင်မှုစနစ်နဲ့ဖြစ်ပြီး မောင်းနှင်သူမလိုသလို လိုက်ပါသူ တွေကလည်း ယာဥ်ကို လက်နဲ့မောင်းနှင်စရာမလိုတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းက Vostok 6 အာကာသယာဥ်နဲ့ ဆိုဗီယက်အာကာသယာဥ်မှူး Valentina Tereshkova က အာကာသကိုခရီးသွားခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းကစလို့ ဘယ်အမျိုးသမီးကမှ အာကာသယာဥ်နဲ့ ခရီးသွားခဲ့တာမရှိတော့ပေမယ့် ဒီလိုခရီးစဥ်နဲ့ အစီအစဥ်တွေမှာတော့ အမျိုးသမီးတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကတော့ အများအပြားရှိပါတယ်။

အာကာသခရီးသွားလုပ်ငန်းဟာ ကနဦးအစပျိုးတဲ့အဆင့်သာရှိသေးတာပါ။ ဒါကြောင့်အောင်မြင်စွာ လွှတ်နိုင်မှုတိုင်းဟာ အ‌ရေးပါပြီး စီးပွားဖြစ်အာကာသယာဥ်တွေဟာ ဘေးကင်းစွာ ပို့ဆောင်နိုင် ကြောင်းကို အချိန်တိုအတွင်း သက်သေပြနေကြတာပါ။

အဲဒါကအာကာသသိပ္ပံမဟုတ်ဘဲ ခရီးသွားလုပ်ငန်းသာဖြစ်တယ်လို့ ဝေဖန်သူအချို့က ပြောကြပါ တယ်။ အဲဒီအစီအစဥ်တွေကို သိပ္ပံဆိုင်ရာသုတေသနတွေအပါအဝင် တကယ်ကျွမ်းကျင်တဲ့ အာကာသယာဥ်မှူးတွေက တာဝန်ယူကြပြီး လူသားတွေရဲ့ အကျိုးအမြတ်အတွက်ဘဲ ဖြစ်တယ်လို့ လည်း ဝေဖန်ကြပါတယ်။

"ထင်ရှားကျော်ကြားသူတစ်ယောက်က လူသားမျိုးနွယ်တွေရဲ့ သံတမန်တွေမဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်နဲ့သူတို့ အာကာသကိုသွားကြတာ" လို့ ဥရောပအာကာသအေဂျင်စီရဲ့ နိုင်ငံရေးရာ အထူးအကြံပေးဖြစ်သူ ဒေါက်တာ ကိုင်အူဝါရှာဂယ်လ် က ဘီဘီစီကိုပြောပါတယ်။

"အဲဒီယာဥ်တွေက အရေးပါအရာရောက်သလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် အဲဒီအရာတွေကပဲ အာကာသသိပ္ပံပညာရှင်တွေအတွက် ပျက်စီးရာပျက်စီးကြောင်းအရင်းအမြစ် ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်"

"အာကာသယာဥ်တွေက သိပ္ပံပညာအတွက်၊ အသိပညာနဲ့ လူတွေရဲ့ အကျိုးစီးပွားတွေအတွက်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ထားတာပါ" လို့လသူကပြော ပါတယ်။

"ထင်ရှားကျော်ကြားသူတွေက အဲဒါကိုပျော်စရာအဖြစ်လုပ်ကြတာ။ ဒါပေမယ့် ပုံမှန်အာကာသယာဥ်မှူးတွေထက်ကို အာရုံစိုက်မှုပိုရနေကြတယ်"

စိတ်အားထက်သန်မှုကနေ ရန်လိုမှုပုံစံအထိ အမျိုးမျိုးသောပုံစံတွေနဲ့ အာကာသယာဥ်အကြောင်းကို လူမှုကွန်ရက်တွေမှာ တုန့်ပြန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

" တကယ့်အိမ်ထောင်ရှင်ဇနီးသည်က လကမ္ဘာကို သွားသလိုပါဘဲ။ ဒါမှမဟုတ် လူတစ်စုက အာကာသမှာလွှမ်းမိုးတဲ့ပုံစံမျိုး၊ အဲဒီလူတစ်စုရဲ့ ထင်မြင်ချက်ကိုသိရှိရတာမျိုး'' စတဲ့ မှတ်ချက်တွေ တွေ့တယ် လို့ ပြင်ပအာကာသအင်စတီကျူ ကျွမ်းကျင်သူများကွန်ရက်က ဒေါက်တာတန်ညာဟာရစ်ဆင်က ပြောပါတယ်။

ဒါပေမယ့်လည်း "အကောင်းဘက်ကပြောကြသူတွေလည်းအများကြီးရှိပါတယ်။ လူတွေကသဘောကျနှစ်ခြိုက်ကြပါတယ်။ အိုး..... အရမ်းကောင်းတာပဲ ကေတီပယ်ရီက အာကာသကိုသွားနေတယ်" ဆိုတာမျိုးပေါ့။

အရောင်းမြှင့်တင်တဲ့ထွင်လုံးပါ။ အာကာသကိုခရီးသွားတာမျိုးကိုစတင်လုပ်နိုင်တယ်ဆိုတာကို ကုမ္ပဏီဘက်က ပရိုမိုးရှင်းလုပ်တာမျိုးပါ။" လို့ လကမ္ဘာ မစ်ရှင်မှာအလုပ်လုပ်ခဲ့ဖူးသူ ဒေါက်တာ ဟာရစ်ဆင်ကပြောပါတယ်။

အမျိုးသမီးတွေသာပါဝင်တဲ့အဖွဲ့ဖြစ်ခဲ့တဲ့အပေါ်ကိုတော့ "အဲဒီလိုလုပ်ချင်ခဲ့သူတွေကြောင့် အာကာသကို သွားတဲ့ လူဦးရေပုံစံမှာအပြောင်းအလဲလေးတော့ဖြစ်တယ်လို့ ဆိုရမှာပေါ့"လို့ သူကမှတ်ချက်ပြုပါတယ်။

"လူမှုရေးအရတော့ သူတို့မှာ အကျိုးသက်ရောက်မှုအချို့တော့ရှိကောင်းရှိနိုင်ပါမယ်" လို့သူက ပြောပါတယ်။

ဥပမာအားဖြင့် ကုန်ကျစရိတ်နဲ့ပတ်သက်တာ၊ အခုအစီအစဥ်ကိုလက်ခံခဲ့တဲ့အပေါ် ဝေဖန်မှုအချို့နဲ့ ပတ်သက်ပြီးအတူ လိုက်ပါသွားတဲ့ အမျိုးသမီးတွေထဲက ၂ ဦးကခရီးစဥ်အပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အရေးတယူပြောဆိုခဲ့ပါတယ်။

"အခုဝေဖန်နေတဲ့ဘယ်သူတွေမဆိုကို လုံးဝနားမလည်နိုင်အောင်ကို ခံစားရပါတယ်။ " လို့ ‌ဂေးလ်ကင်းက ပြောပါတယ်။

အမျိုးသမီးငယ်တွေ၊ မိန်းမငယ်တွေထံကနေ ကောင်းမွန်တဲ့တုန့်ပြန်မှုတွေကို အာကာသယာဥ်မှူး တွေက ကြီးကြီးမားမားကိုရခဲ့ကြပါတယ် လို့သူကပြောပါတယ်။

သူ့ကိုစိတ်ဆိုးစေတဲ့ ဝေဖန်မှုတွေအပြင် Blue Origin ကိုလာပြီး မဖြစ်နိုင်တဲ့အရာတွေကိုပြောဆိုကြသူတွေ ပြီးတော့ အခုမစ်ရှင်အတွက် စိတ်ရောကိုယ်ပါမြှုပ်နှံထားကြတဲ့ ထောင်ပေါင်းများစွာသောဝန်ထမ်းတွေကိုလည်း ချစ်ပါတယ်လို့ လောရန်ဆန်းချက်ဇ်က ပြောပါတယ်။

Blue Origin က ပုဂ္ဂလိကပိုင်ကုမ္ပဏီဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ အမေဇုန်ကုမ္ပဏီဘီလီယံနာသူဌေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျက်ဖ်ဘီဇော့က တည်ထောင်ခဲ့တာပါ။

Blue Origin က လက်မှတ်ခစျေးနှုန်းကိုတော့ မထုတ်ပြန်ခဲ့ပေမယ့်လည်း သီးသန့်ခုံတစ်နေရာ အစောပိုင်းယာဥ်ရဲ့ အထူးသီးသန့် အဖြစ်ထားရှိကာ အတွက် စပေါ်ငွေ အမေရိကန်‌ဒေါ်လာတစ်သိန်းခွဲပေးခဲ့ကြရတာပါ။

ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံယာဥ်နဲ့ လပေါ်ကိုခြေချနိုင်မယ့် စနစ်တွေအပါအဝင် အာကာသ အခြေခံအဆောက်အဦ ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပါအဝင် သူရဲ့အာကာသယာဥ်ခရီးသွား စီးပွားရေးလုပ်ငန်းနဲ့ တွဲပြီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

New Shepard ဒုံးယာဥ်အသစ်က အလုံးစုံပြန်လည်အသုံးပြုနိုင်တာမျိုးအပြင် အာကာသယာဥ်ကိုလွှတ်တင်တဲ့ ဒုံးပျံကလည်း လွှတ်တင်ရာနေရာကို မျဥ်းမတ်ပုံစံအတိုင်း ပြန်လည်ဆင်းသက်နိုင်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်တဲ့ ပုံစံဒီဇိုင်းဖြစ်ပါတယ်။

အမေရိကန်ဥပဒေအရတော့ အာကာသယာဥ်မှူးတွေဟာ သူတို့ရဲ့အခန်းကဏ္ဍအတွက် လိုအပ်တဲ့ သင်တန်းတွေ ပြီးဆုံးထားဖို့ လိုအပ်ပါတယ်။

New Shepard နဲ့ လိုက်ပါသူတွေဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေး၊ အရေးပေါ်လိုက်နာရမယ့် အချက်တွေ၊ လုံခြုံရေးအရတိုင်းတာစိစစ်မှုတွေနဲ့ ကမ္ဘာမြေဆွဲငင်အား ခံနိုင်ဖို့ညွှန်ကြားချက် တွေကို ၂ ရက်ကြိုတင်လေ့ကျင့်ပေးခဲ့တယ်လို့ Blue Origin ကပြောပါတယ်။

အာကာသယာဥ်ပေါ်မှာ အာကာသယာဥ်မှူးအပြင် အခြားတာဝန်ထမ်းဆောင်သူ ၇ ဦးထဲမှာမှ မစ်ရှင်အတွင်း ထိန်းချုပ်ခန်းကနေ ဆက်သွယ်နိုင်ရေးကို တစ်ဦးကထိန်းသိမ်းလုပ်ကိုင်ပေးနေချိန် အခြားတစ်ဦးက အာကာသယာဥ်မှူးရဲ့ ကြီးကြပ်မှုကို အထောက်အပံ့ပေးသူ တစ်ဦး စတဲ့သူ နှစ်ဦးကလည်း လိုက်ပါကူညီပေးခဲ့တယ်လို့ပြောပါတယ်။

အာကာသခရီးသွားလုပ်ငန်းမြင့်တက်လာမှုကြောင့် အဲဒီအရာဟာ အလွန်အသီးအသန့်ဖြစ်တဲ့ အရာ ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေတဲ့အရာလို့ ဝေဖန်မှုတွေလည်း ရှိလာ ပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတွေဟာ ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်လုပ်ဆောင်ကာ အာကာသကိုပိုမိုအသုံးချ နိုင်ဖို့ လုပ်ဆောင်နေတာလို့ ဝေဖန်ကြပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ယဥ်ကျေးမှုဟာ ကျွန်တော်တို့ကမ္ဘာမြေကို ကျော်လွန်ပြီး ချဲ့ထွင်ဖို့ လိုအပ်ပါတယ်" နာဆာနဲ့ စီးပွားဖြစ်လုပ်ငန်းတွေက ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ ကောင်းမွန်တဲ့အရွေ့တွေကို ဖြစ်လာစေမှာပါလို့ ပါမောက္ခ ဘရိမ်းကော့ဒ်က ဘီဘီစီကို ၂၀၂၄ ခုနှစ်က ပြောထားခဲ့ပါတယ်။

ဒုံးပျံအင်ဂျင်ကထွက်တဲ့ ဓါတ်ငွေ့တွေနဲ့ အမှုန်တွေဟာ ရာသီဥတုပြောင်းလဲမှုနဲ့ အိုဇုန်းလွှာကို ထိခိုက်စေနိုင်ပါတယ်။

Blue Origin ကတော့ သူရဲ့ဝက်ဘ်ဆိုက်က "ကမ္ဘာမြေကိုကာကွယ်ခြင်း"ခေါင်းစဥ်အောက်မှာ သူတို့ရဲ့ New Shepard's ဒုံးပျံယာဥ်အင်ဂျင်ကနေ မီးလောင်ကျွမ်းမှုအပြီး ကာဗွန်ထွက်ရှိတာမဟုတ်ဘဲ ရေခိုးရေငွေ့သာထွက်လာတာလို့ ဖော်ပြပါတယ်။

အဲဒီထွက်လာတဲ့ရေခိုးရေငွေ့တွေဟာ ကမ္ဘာကြီးကိုပူနွေးစေတဲ့ဓါတ်ငွေ့တွေ၊ ဓါတုပစ္စည်းတွေဖြစ်ပြီး ကမ္ဘာလေထုအပေါ်လွှာမှာ ရှိမနေသင့်တဲ့အရာတွေ ဖြစ်တယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်က လေထုဓါတုဗေဒနဲ့ လေထုအရည်အသွေးဆိုင်ရာ ပါမောက္ခ လူဝီစ်မရီယာစ်ကထောက်ပြပါတယ်။

"It alters the chemistry of the stratosphere, depleting the ozone layer, and also forms clouds that affect climate," she says.

ဓါတုဗေဒအရ အထက်လေထုကို ပြောင်းလဲခြင်းဟာ၊ အိုဇုန်းလွှာကို ပါးလွှာစေပြီးတော့ ရာသီဥတု ပြောင်းလဲမှုကိုသက်ရောက်စေတဲ့ တိမ်တိုက်တွေကို ဖြစ်ပေါ်စေပါတယ်" လို့ သူက ပြောပါတယ်။

ဒုံးပျံတွေပိုလွှတ်တင်လေ အိုဇုန်းလွှာရဲ့အန္တရာယ်ဖြစ်စေတဲ့ ထိခိုက်မှုအန္တရာယ်တွေက ပိုများလေလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

ငွေကုန်ကြေးကျများတဲ့ ခရီးသွားလုပ်ငန်း

အာကာသခရီးသွားလုပ်ငန်းဟာ ကုန်ကျစရိတ်များပြားပြီး လူအများစုကိုလက်လှမ်းမီစေတဲ့ အရာမဟုတ်ပါဘူး။ အဲဒီစျေးကြီးတဲ့မစ်ရှင်ဟာ လူအများစုအတွက်တော့ မတတ်နိုင်တဲ့ အရာပါ။

"ကြက်ဥတွေတောင် ကောင်းကောင်းမဝယ်နိုင်ကြတဲ့လူတွေမှအများကြီးပါ" လို့ Today with Jenna & Friends ပွဲမှာ အိုလီဗီယာမွန်အပါအဝင် ဝေဖန်သူတွေက အဲဒီအထူးစီးပွားရေးလုပ်ငန်းပုံစံဖြစ်တဲ့ အာကာသခရီးသွားလုပ်ငန်းအပေါ် ဝေဖန်ကြပါတယ်။