တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွေ ဘာကြောင့် မှားယွင်းတာလဲ

ဒုတိယအကြိမ် ပြန်ဖြေဆိုတဲ့ ၂၀၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသူတွေ၊ အောင်စာရင်းကြည့်သူတွေနဲ့ အမှတ်စာရင်း

ဓာတ်ပုံ ရင်းမြစ်, MOI/BBC

ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့် ဒုတိယအကြိမ်ပြန်ဖြေဆိုရတဲ့ ကျောင်းသူကျောင်းသားတွေ အမှတ်စာရင်း မှားယွင်းမှုကို ကြုံတွေ့ခဲ့ကြရ

မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာ ဆယ်စုနှစ်တွေအတွင်း ရှားရှားပါးပါးဖြစ်ရပ်အနေနဲ့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းတွေ မှားယွင်းမှု ပေါ်ပေါက်နေပါတယ်။

စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းမှာ အောင်မြင်တဲ့သူတွေက အမှတ်စာရင်းထုတ်ယူချိန်မှာ ကျရှုံးတာတွေ ရှိ‌နေကြတာပါ။

ကွန်ပျူတာစနစ် အမှားအယွင်းကြောင့်လို့ဆိုပြီး ဇူလိုင် ၂၈ ရက်ကနေ စတင်ခဲ့တဲ့ အမှတ်စာရင်းထုတ်ပေးမှုကို ပညာရေးဝန်ကြီးဌာနက သြဂုတ် ၄ ရက်နေ့မှာပဲ ရပ်နားလိုက်ပါတယ်။

ပညာရေးဝန်ထမ်း လုပ်သက် ၂၅ နှစ်ရှိတဲ့ အသက် ၅၀ အရွယ် ကျောင်းဆရာတစ်ယောက်က "တချို့ဆို အောင်စာရင်းမှာ ဂုဏ်ထူးမထွက်ဘဲ အမှတ်စာရင်းထုတ်တော့ ဂုဏ်ထူးထွက်နေတယ်။ ဒီလိုအမှတ်စာရင်း မှားယွင်းမှုမျိုး တစ်သက်နဲ့တကိုယ် မကြုံခဲ့ဖူးဘူး"လို့ ပြောပါတယ်။

ဒီတော့ ဒီနှစ်တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း မှားယွင်းမှုဟာ ဘယ်နေရာတွေမှာ အမှားအယွင်း အတိမ်းအစောင်းတွေရှိခဲ့ပါသလဲ။

ဘယ်အဆင့်တွေမှာ လွဲမှားတယ်လို့ ပြောကြလဲ

ဘောဂဗေဒမှာ ဂုဏ်ထူးထွက်ပေမဲ့ သင်္ချာမှာ အောင်မှတ်မရဘဲ ကျနေတဲ့ ကျောင်းသားတစ်ဦးရဲ့ အမှတ်စာရင်း

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ဘောဂဗေဒမှာ ဂုဏ်ထူးထွက်ပေမဲ့ သင်္ချာမှာ အောင်မှတ်မရဘဲ ကျနေတဲ့ ကျောင်းသားတစ်ဦးရဲ့ အမှတ်စာရင်း

စစ်ကောင်စီက ဇူလိုင် ၃၁ ရက်မှာ စစ်ကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းတဲ့ ဝန်ကြီးဌာနတွေ နာမည် စာရင်းထဲ ပညာရေးဝန်ကြီးဌာန မပါဝင်ခဲ့လို့ နောက်မှ သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ပညာရေးကို စိတ်ဝင်စားမှုမရှိတာ ထင်ရှားနေတယ်လို့ ဆိုပြီး ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် အမှတ်စာရင်းအမှားအယွင်းကိစ္စလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတာပါ။

အောင်စာရင်းမှာ စာမေးပွဲ အောင်ပေမဲ့ ဘာသာရပ်အမှတ်စာရင်းမှာ အောင်မှတ်မရဘဲ ကျရှုံးမှတ် ရနေတာနဲ့ပတ်သက်ပြီး စာစစ်ဌာနကို ဘီဘီစီက တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တရားဝင် မှတ်ချက် မရခဲ့ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ စာစစ်ဌာနနဲ့ နီးစပ်သူ အနည်းဆုံး ငါးယောက်နဲ့ ချိတ်ဆက်မေးမြန်းခဲ့ပါတယ်။

တူညီတဲ့မှတ်ချက်ကတော့ "အောင်စာရင်းမှားတာ မဟုတ်ဘူး။ ထွက်လာတဲ့ အမှတ်စာရင်းမှားတာ" လို့ ပြောကြပါတယ်။

တက္ကသိုလ်၀င်တန်းစာမေးပွဲအဖြေလွှာတွေကို စာစစ်တဲ့အခါမှာ အခြေခံပညာ အထက်တန်းမှာ ဘာသာရပ်အလိုက် သင်ကြားပေးနေတဲ့ဆရာ၊ ဆရာမတွေနဲ့ အဆင့်မြင့်ပညာ(တက္ကသိုလ်)က ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီး အမှတ်ပေး စည်းမျဉ်းအတိုင်း စစ်ကြပါတယ်။

သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းက တက္ကသိုလ်ကြီးတွေမှာ အဖြေလွှာတွေကို စုပေါင်း စစ်ဆေးကြတာဖြစ်ပါတယ်။

စစ်ဆေးပြီးတဲ့အမှတ်စာရင်းတွေကို ကွန်ပျူတာထဲ ထည့်သွင်းကြတာပါ။

"ကွန်ပျူတာကနေ အမှတ်စာရင်း ကူးတဲ့အခါမှာ မှားတာ" လို့ စာစစ်ဌာနနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေသူ နှစ်သိန်းကျော်ရှိပြီး အောင်တဲ့သူ တစ်သိန်းနီးပါးရှိတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက အစောပိုင်းမှာ ကြေညာပါတယ်။

မနှစ်ကထက် ဖြေတဲ့ကျောင်းသား ရှစ်သောင်းကျော်တိုးလာပေမဲ့ အောင်ချက် ၁၀ ရာခိုင်နှုန်းကျခဲ့အပြီးမှာ အမှတ်စာရင်း အမှားအယွင်းကိစ္စ ထွက်ပေါ်လာတာပါ။

စာစစ်ဌာနနဲ့ နီးစပ်သူ နောက်ထပ်တစ်ယောက်ကတော့ "စာမေးပွဲမှာက ကျတဲ့သူတွေများနေလို့ Moderation (ညှိနှိုင်းပေးထားတဲ့အမှတ်) ကနေ ထပ်ပေါင်းပြီး အအောင်ပေးထားတာ။ အဲဒါ ထပ်ဖြည့်တဲ့အမှတ် မပါသွားဘဲ ကျောင်းသားတွေရဲ့ မူရင်းအမှတ်အတိုင်း ပါသွားတာ" လို့ ပြောပါတယ်။

လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ ''ဆာဗာမှားယွင်းမှုတစ်ခုဖြစ်ပြီး ပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်။ Moderation (ညှိနှိုင်းပေးထားတဲ့အမှတ်) မဟုတ်ဘဲ မူရင်းအမှတ်အတိုင်း စာရင်းပါသွားတာ ဟုတ် မဟုတ် ဆိုတာကတော့ ပြန်စိစစ်နေတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၂၅ ခုနှစ် မတ်မှာ စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, PRT

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မတ် မှာ စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသားတွေ

မေးခွန်းအကျပ်၊ အမှတ်စာရင်းအလွဲနဲ့ နှစ်ကျော့ပြန် ၂၀၂၅ စာမေးပွဲ

ငလျင်ဒဏ်ကြောင့် အဖြေလွှာတွေ မီးထဲပါခဲ့တဲ့တိုင်းနဲ့ပြည်နယ်တချို့မှာ ကျောင်းသားတွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန်လ ၁၆ ရက်မှာ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ကြရ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်ကြောင့် အဖြေလွှာတွေ မီးထဲပါခဲ့တဲ့တိုင်းနဲ့ပြည်နယ်တချို့မှာ ကျောင်းသား ကျောင်းသူတွေ ဒုတိယအကျော့ စာမေးပွဲ ပြန်ဖြေဆိုခဲ့ရ

အမှတ်စာရင်း မှားယွင်းမှုတွေဟာ ဝန်ဆောင်မှု လာအပ်တဲ့ကျောင်းသားတွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ စာရင်း မှားယွင်းတာတွေ ရှိနေတယ်လို့ ကျောင်းသား ကိုယ်စားအမှတ်စာရင်း ထုတ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ကိုင်သူတွေက ပြောကြပါတယ်။

ကျောင်းသားအရေအတွက် ရာနဲ့ချီပြီး အမှတ်စာရင်း ထုတ်ပေးသူ ငါးယောက်ထက်မနည်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တာပါ။

''ကျွန်မတို့ဆီကို ဝန်ဆောင်မှုအပ်တာ လူ ၁၀၀ ဆိုရင် ၂၀ ကနေ ၃၀ ကြားလောက်က မှားနေတာ။ အွန်လိုင်းကနေ စစ်ကြည့်လို့ အောင်တဲ့သူက အမှတ်စာရင်း ထွက်တော့ ကျနေတာ'' လို့ ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောပါတယ်။

မတ်လ ၂၈ ရက်ငလျင်ကြောင့် မန္တလေးတက္ကသိုလ်မီးလောင်တဲ့အခါ အဲဒီမှာ ထားတဲ့ စာမေးပွဲ အဖြေလွှာ ခြောက်သောင်းကျော် မီးထဲပါသွားခဲ့ပါတယ်။

ဒါကြောင့် နေပြည်တော်၊ မန္တလေး၊ ကချင်၊ စစ်ကိုင်းစတဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုက ကျောင်းသား ခြောက်သောင်းသုံးထောင်နီးပါးဟာ စာမေးပွဲကို ဇွန် ၁၆ မှာ နောက်တစ်ကြိမ် ဖြေခဲ့ကြရပါတယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကတော့ ငလျင်ကြောင့် ပြန်လည် ဖြေဆိုခဲ့တဲ့စာမေးပွဲ ရလဒ်နဲ့ အမှတ်စာရင်းကို သီတင်းပတ်အနည်းငယ်သာ ခြားပြီး ထုတ်ပေးခဲ့ရတာကလည်း အမှားအယွင်းဖြစ်ဖို့ ဦးတည်စေတယ်လို့ မှတ်ချက်ပေးပါတယ်။

"အမှန်တကယ်ဆိုရင် အရင်က အောင်စာရင်းထုတ်ပြီး အမှတ်စာရင်းတွေက ချက်ချင်းထွက်မလာဘူးလေ။ တစ်လလောက်နေမှ ထွက်ကြတာ။ အခုက ချက်ချင်းထွက်ဆိုတဲ့ အခါကျတော့ ဆာဗာအမှားတွေလည်း ပါသွားတဲ့အခါ ခဏဆိုင်းပြီး ပြန်စစ်နေတယ်"လို့ သူက ပြောပါတယ်။

ဒီအချက်ကို မြန်မာမှာ စစ်အာဏာမသိမ်းခင်တုန်းက စာစစ်မှူး တာဝန်ယူခဲ့တဲ့ တက္ကသိုလ် ကထိက ဆရာမတစ်ဦးကလည်း သဘောတူပါတယ်။

''သူတို့ အချိန် သိပ်မရဘူး ထင်တယ်။ ကျွန်မတို့တုန်းက အဆင့် ၄ ဆင့်နဲ့ အဆင့်ဆင့် စစ်ဆေးပြီး နောက်ဆုံးအမှတ်ထည့်ပြီးတာတောင် အမှားအယွင်းပါမှာစိုးလို့ အထပ်ထပ် ပြန်စစ်ပါတယ်။ မသင်္ကာရင် အဖြေလွှာအုပ်ရေ ထောင်ချီရှိတဲ့စာအုပ်အစည်းလိုက်ကို ပြန်စစ်တယ်။ အခုက ဖြေပြီးမကြာခင်မှာပဲ အောင်စာရင်းထုတ်တာဖြစ်လို့ အထပ်ထပ်စစ်ဆေးဖို့ အချိန်သိပ်မရခဲ့တာကြောင့်လို့ ထင်တယ်။ ဒါပေမဲ့ တဖက်မှာ ဒါက သက်ဆိုင်ရာကျောင်းသားအတွက် ဘဝနဲ့ဆိုင်တော့ ကလေးအတွက် နစ်နာပါတယ်'' လို့ သူကပြောပါတယ်။

ဩဂုတ် ၄ ရက်ကစပြီး အမှတ်စာရင်း ထုတ်ပေးတာတွေ ရပ်နားထားပေမဲ့ ဘယ်နေ့မှာ ပြန်ထုတ်ပေးမယ်ဆိုတာကို ပညာရေး ဝန်ကြီးဌာန ဘက်က အတိအကျ မပြောထားသေးပါဘူး။

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြို့တွေက ကျောင်းသားတွေလည်း အဖြေလွှာတွေ မီးလောင်လို့ စာမေးပွဲ ပြန်ဖြေခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြို့တွေက ကျောင်းသားတွေလည်း အဖြေလွှာတွေ မီးလောင်လို့ စာမေးပွဲ ပြန်ဖြေခဲ့ရပါတယ်

စာမေးပွဲမှာ ဂုဏ်ထူးမှတ်အထိ မှန်းခဲ့တဲ့ကျောင်းသားတွေ၊ ဂုဏ်ထူးမှတ်မဟုတ်ရင်တောင် အောင်မှတ်ကို ကောင်းကောင်း ရနိုင်တယ်လို့ ယုံကြည်ခဲ့ကြတဲ့ ငလျင်ဒဏ်သင့် နေပြည်တော်နဲ့ မန္တလေးက ကျောင်းသားတချို့လည်း စာမေးပွဲကျခဲ့တယ်လို့ ဘီဘီစီကစကားပြောခဲ့တဲကျောင်းသားတစ်ချို့က ပြောပါတယ်။

ငလျင်ဒဏ်သင့် မန္တလေးမြို့က မယွန်းကတော့ စာမေးပွဲကို နှစ်ကျော့ပြန် ဖြေခဲ့ရပေမဲ့ ကျရှုံးခဲ့ပါတယ်။

''အခက်အခဲမရှိ ဖြေနိုင်ခဲ့ပါတယ်။ အမှတ်စာရင်းမှာ ဇီဝဗေဒနဲ့ ဓာတုဗေဒမှာ ဂုဏ်ထူးပါတယ်။ ဒါပေမဲ့ သင်္ချာကို အမှတ် ၂၀ နဲ့ ကျနေတယ်။ ကိုယ့်ဘာသာလည်း မယုံနိုင်ပါဘူး စာအရမ်းညံ့တဲ့ထဲ မပါလို့ သင်္ချာကို ကျမယ်လို့ကို ထင်မထားတာပါရှင့်" လို့ ပြောပါတယ်။

သူနဲ့အတူဖြေတဲ့ သူငယ်ချင်းတစ်ယောက်က စာမေးပွဲ အောင်တယ်ဆိုပေမဲ့ အမှတ်စာရင်းမှာ ကျနေပြန်ပါတယ်။

အခုနှစ် စာမေးပွဲဟာ တက္ကသိုလ်ပထမနှစ် ပညာအဆင့်ကို ရည်ရွယ်တဲ့ ၁၂ တန်းပညာရေးရဲ့ ဒုတိယမြောက် စာမေးပွဲဖြစ်ပါတယ်။

အရင်စနစ်ဟောင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို တစ်နိုင်ငံလုံးစာ မေးခွန်း ၁၁ စုံ သတ်မှတ်ထားပြီး အဲဒီမေးခွန်းတွေဟာ တစ်စုံနဲ့တစ်စုံ ကွာဟမှုမရှိခဲ့ဘူးလို့ ပညာရေး ဝန်ထမ်းတချို့က ပြောပါတယ်။

အခု စနစ်သစ်မှာတော့ တိုင်းနဲ့ပြည်နယ်တွေ တစ်ခုချင်းစီမှာ ကျောင်းသားတတ်ကျွမ်းမှုကို ဉာဏ်စမ်းထားတဲ့ မတူညီတဲ့မေးခွန်းတွေကြောင့် ကျောင်းသားတွေ ဖြေဆိုမှုအပိုင်း မပိုင်နိုင်ကြတာတွေရှိလာတယ်လို့ တက္ကသိုလ်ဝင်တန်းသင်ကြားတဲ့ ဆရာ၊ ဆရာမနှစ်ယောက်က ပြောပါတယ်။

အခုနှစ်စာမေးပွဲ မေးခွန်းတွေဟာ ၁၂ တန်းပညာရေးအဆင့်နဲ့ ကိုက်ညီအောင် ထုတ်ထားတာ တွေ့ရတဲ့အကြောင်း တက္ကသိုလ်ဝင်တန်း သင်ရိုးကို သင်ကြားကြတဲ့ ဝါရင့် ဆရာ ဆရာမ တချို့က သုံးသပ်ပါတယ်။

ဒါပေမဲ့ ပညာရေးအသိုင်းအဝိုင်းထဲမှာ ဒီနှစ် မေးခွန်းဟာ မနှစ်ကထက် ပိုခက်တယ်လို့ မှတ်ချက်ပေးသူတွေလည်းရှိနေပြန်ပါတယ်။ အဓိကကတော့ သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တွေလို့ ဆိုကြပါတယ်။

သင်္ချာမေးခွန်းတွေ ခက်တာကြောင့် ပဲခူးတိုင်းအနောက်ခြမ်းမှာ စာမေးပွဲအောင်သူ သုံးပုံတစ်ပုံသာ ရှိပြီး သင်္ချာဂုဏ်ထူး ထွက်သူ မရှိဘူးလို့ ပုဂ္ဂလိက‌ကျောင်း ကျောင်းဆရာမ တစ်ယောက်က ပြောပါတယ်။

နေပြည်တော်က ကျောင်းသားတစ်ယောက်ရဲ့ မိသားစုဝင်ကတော့ ဂုဏ်ထူးမှတ်အထိ မှန်းထားပြီးမှ စာမေးပွဲကျတဲ့ သူ့ မောင်ဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်နေပါတယ်။

"မောင်လေးတင် မဟုတ်ဘူး။ အိမ်က အဖေရော အမေရောပါ ဆေးထိုးနေရတယ်။ ဘယ်လိုမှ တွေးမထားတဲ့ ရလဒ်လေ"

ဘီဘီစီက မေးမြန်းခဲ့တဲ့ စာမေးပွဲကျတယ်လို့ ဆိုတဲ့ကျောင်းသားတချို့ကတော့ သူတို့ အဖြေလွှာကို ပြန်စစ်ပေးဖို့ စစ်ကော်မရှင်ရဲ့ ပညာရေးဝန်ကြီးဌာနကို လျှောက်ထားဖို့ ပြင်ဆင်နေကြပါတယ်။

ဝန်ကြီးဌာနကလည်း အဖြေလွှာကို ပြန်စစ်ပေးမယ်လို့ဆို ပါတယ်။

အငြင်းပွားအမှတ်စာရင်းအတွက် ကျောင်းသားက အဖြေလွှာကို ပြန်စစ်ပေးဖို့ တောင်းဆိုတဲ့အခါ သက်ဆိုင်ရာစာစစ်ဌာနက ပါမောက္ခချုပ်၊ မော်ကွန်းထိန်းအပါအဝင် ဘုတ်အဖွဲ့နဲ့ စစ်ဆေးလေ့ ရှိပါတယ်။

''အရင်တုန်းကတော့ အမှတ်စာရင်းမှားတယ်ဆို ကျောင်းသားက အဖြေလွှာကို ပြန်ကြည့်ပေးဖို့ တောင်းလာရင် ဘုတ်ထိုင် ပြန်စစ်တယ်။ စာစစ်မှူးဘက်က အမှတ်ကို မှားယွင်း ဖြည့်သွင်းတာ ပေါ်ရင် သူ့ကို ရာထူးချ ကျောင်းပြောင်းတယ်။ အခုလို ခတ်ကာလ အပြောင်းအလဲမှာ ဒီလို အမှတ်စာရင်း မှားယွင်းမှုကို ဘယ်လို အရေးယူကြမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့'' လို့ တက္ကသိုလ် ကထိက ဆရာမ တစ်ဦးက ပြောပါတယ်။