ယီမင်ရောက် MSF ဝန်ထမ်း မြန်မာတစ်ဦး အဆက်အသွယ်ပြတ်နေ

ယီမင်မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့က မြန်မာဝန်ထမ်းတစ်ဦး အဆက်အသွယ်ပြတ်နေ

ဓာတ်ပုံ ရင်းမြစ်, MSF

ဓာတ်ပုံ ပုံစာ, ယီမင်၊ မာ့ရစ်မြို့ရောက်နေတဲ့ MSF အဖွဲ့

ယီမင်နိုင်ငံအလယ်ပိုင်းက မာ့ရစ်မြို့မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ဝန်ထမ်း ၂ ဦး‌ အဆက်အသွယ်ပြတ်တောက်နေပြီး တစ်ဦးက မြန်မာနိုင်ငံသားဖြစ်ကြောင်း MSF က အတည်ပြုပါတယ်။

နောက်ထပ်တစ်ဦးကတော့ ဂျာမန်လူမျိုးလို့ သိရပါတယ်။

"မနေ့ သြဂုတ် ၂၈ ရက်ညနေပိုင်းမှာ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ သိထားရပါတယ်။ ဘာကြောင့်အဆက်အသွယ်ပြတ်နေတာလဲဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်" လို့ MSF နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို အဆက်အသွယ်ပြတ်နေတဲ့သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် နောက်ဆက်တွဲအချက်အလက်တွေကို မထုတ်ပြန်သေးကြောင်း MSF က ဘီဘီစီကိုပြောပါတယ်။

အာရေဗျကျွန်းဆွယ်ဒေသရဲ့ တောင်ဘက်စွန်းမှာရှိတဲ့ ယီမင်နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နေတာ ရှစ်နှစ်ကြာမြင့်လာပြီဖြစ်ပြီး နိုင်ငံထဲက အလုံခြုံဆုံးမြို့လို့ ယူဆထားခဲ့ကြတဲ့ မာ့ရစ်မြို့ဟာလည်း အခုနှစ်ပိုင်းတွေထဲ စစ်ဘေးဒဏ်ခံစားလာရတာဖြစ်ပါတယ်။

မာ့ရစ်မြို့မှာ ယီမင်နိုင်ငံတဝန်းကနေ ခိုလှုံလာကြသူတွေအတွက် တရားဝင်ရော၊ တရားမဝင်စစ်ဘေးရှောင်နေရာ ၁၅၀ လောက်ရှိပြီး ရွှေ့ပြောင်းနေထိုင်လာသူတွေလည်း များပြားလာနေတယ်လို့ MSF ရဲ့ မနှစ်က ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ယီမင်ရဲ့ ပြည်တွင်းစစ်ကာလအတွင်း ပြည်သူ တစ်သောင်းကျော် ဒဏ်ရာရသေဆုံးခဲ့ကြကာ လူဦးရေ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီလို့ MSF က ထုတ်ပြန်ထားပါတယ်။

စီးပွားရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှုတွေကြုံနေရတဲ့ ယီမင်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် စစ်ပွဲကြောင့် အကျိုးသက်ရောက်မှုတွေကို ကုစားပေးနိုင်ဖို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ကူညီပေးနေတာပါ။

ယီမင်၊ Marib မြို့ရောက်နေတဲ့ MSF အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, MSF

ဓာတ်ပုံ ပုံစာ, ယီမင်၊ Marib မြို့ရောက်နေတဲ့ MSF အဖွဲ့

တဖက်မှာလည်း ယီမင်ကိုရောက်နေတဲ့ နိုင်ငံခြားသားတွေကို အီရန်ထောက်ခံ ပေးထားတဲ့ ဟူသီသူပုန်အဖွဲ့က ပြန်ပေးဆွဲတဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

ဒါအပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းကလည်း ယီမင်နိုင်ငံတောင်ဘက် အာ့ဘီယန်ဒေသမှာ ကုလသမဂ္ဂလုံခြုံရေးဌာန (Department for Safety and Security) က ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။

၁၈ လအကြာ အခုသြဂုတ်လဆန်းပိုင်းမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့ ဝန်ထမ်းနှစ်ဦး ယီမင်က ဟန်ဂျူရမောင့်မြို့မှာအဆက်အသွယ်ပြတ်ခဲ့တဲ့ ဖြစ်စဉ် မနှစ်က ရှိခဲ့ဖူးပါသေးတယ်။

ယီမင်နိုင်ငံအကြောင်း သိသင့်သမျှ

ယီမင်နိုင်ငံတည်နေရာပြ မြေပုံ

ဓာတ်ပုံ ရင်းမြစ်, BBC

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၁ ခုနှစ်မှာ တူနီးရှားနဲ့ အီဂျစ်မှာဖြစ်တဲ့ အာရပ်နွေဦးတော်လှန်ရေးလှိုင်းဟာ ယီမင်နိုင်ငံကိုလည်း ရိုက်ခတ်ပြီး ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလက်တစ်ယောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ဟူသီသူပုန်တွေက မြို့တော်ဆာနာကို သိမ်းပိုက်ပြီးတဲ့နောက် ယီမင်ဟာ ပြည်တွင်း စစ်ထဲကို ကျရောက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆော်ဒီအာရေဗျဦးဆောင်တဲ့ နိုင်ငံတကာစစ်ရေးညွန့်ပေါင်းအဖွဲ့ဟာ အီရန်ကကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့လို့သိကြတဲ့ IS အဖွဲ့ကလည်း မြို့တော်ဆာနာက ရှီအာဗလီတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုကြီး ၂ ခုကို ယီမင်မှာပြုလုပ်ခဲ့လို့ လူပေါင်း ၁၃၇ ဦး ဆုံးပါးခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ယူအေအီး ကျောထောက်နောက်ခံပြုပြီး တောင်ပိုင်းအသွင်ကူးပြောင်းမှုဆိုင်ရာ ကောင်စီလို့ခေါ်တဲ့ တောင်ပိုင်းခွဲထွက်ရေးအဖွဲ့ဟာ နိုင်ငံတောင်ပိုင်းက အချက်အခြာကျတဲ့ အေဒင်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ခွဲထွက်ရေးသမားတွေနဲ့ အစိုးရဟာ ယီမင်တောင်ပိုင်းမှာ ပဋိပက္ခအဆုံးသတ်ဖို့ အာဏာမျှဝေရေးသဘောတူညီချက် ရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထောက်ခံမှု ကျသွားပြီးတဲ့နောက်မှာ သမ္မတ ဟာဒီ ရာထူးကနေ နုတ်ထွက်ခဲ့တာကြောင့် လက်ရှိမှာ နိုင်ငံ့ဥသျှောင်ကောင်စီက အာဏာရယူထားပါတယ်။