သြဂုတ် ၄ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ဧရာဝတီ၊ ပဲခူးနဲ့ ကရင်က ဒေသ ၁၀ ခုကို မိုးဇလ မြစ်ရေ သတိပေး

မီးသတ်တပ်ဖွဲ့ဝင် နဲ့ ကလေး အမျိုးသမီးတွေ

ဓာတ်ပုံ ရင်းမြစ်, MFSD

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂၉ ရက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ အမှတ် ၇ ရပ်ကွက်က ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေဖြစ်ပါတယ်

မြစ်ရေဆက်တက်လာနိုင်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ်နဲ့ မြို့ စုစုပေါင်း ၁၀ ခုက မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းနားနေသူတွေကို သတိနဲ့နေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ သြဂုတ် ၄ ရက် မွန်းလွဲပိုင်းမှာ သတိပေးချက်ထုတ်ပြန်ပါတယ်။

မိုးဇလက သတိပေးတဲ့ ဒေသတွေကတော့ လက်ရှိမြစ်ရေစိုးရိမ်ရေမှတ်ရောက်နေတဲ့ တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ မဒေါက်မြို့နဲ့ ငါးသိုင်းချောင်းမြို့တို့ ဖြစ်ပါတယ်။

ဒါအပြင် နောက်တစ်ရက်အတွင်း ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်လာမယ့် ဟင်္သာတမြို့နယ် နဲ့ နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်လာမယ့် ဇလွန်မြို့နယ်ကိုလည်း ရေကြီးသတိပေးချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိစိုးရိမ်ရေမှတ်ရောက်နေတဲ့ မြစ်ရေတွေဟာ သြဂုတ် ၁၀ ရက်နေ့မှ ပြန်လည်ကျဆင်းနိုင်ပြီး အခုရေ ဘေးကြုံနေရတဲ့ ဒေသတွေဟာ မိုးနှောင်းကာလမှာလည်း ရေကြီးတာ ထပ်ကြုံရနိုင်တယ်လို့ မိုးလေဝသစောင့် ကြည့်လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

မိုင်းလားမှာ ရေကြီးရေလျှံလို့ ကယ်ဆယ်ရေးလုပ်နေရ

မိုင်းလားမှာရေကြီးတဲ့အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, အထူးဒေသ ၄ ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, မိုင်းလားမှာရေကြီးတဲ့အခြေအနေ

တရုတ်- မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက အထူးဒေသ ၄ လို့သိကြတဲ့ မိုင်းလားမှာ နမ်လွေချောင်းရေ လျှံပြီး ကျေးရွာတွေ ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ အထူးဒေသ ၄ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ကျေးရွာတွေဟာ မိုင်းလားဒေသ၊ နမ့်ပန်းခရိုင်ထဲက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာပြီး မြစ်ချောင်းတွေ ရေတက်ခဲ့တာကြောင့် စိုက်ခင်းတွေနစ်မြုပ်ခဲ့သလို နေအိမ်တွေထဲ ရေဝင်တာ၊ သွားရေးလာရေးခက်ခဲတာတွေ ကြုံခဲ့ရတယ်လို့ အထူးဒေသ ၄ က ဒီနေ့ သြဂုတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အခုတော့ ရေကြီးနစ်မြုပ်ခဲ့တဲ့နေအိမ်တွေကို အထူးဒေသ ၄ ကယ်ရေးအဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးပြီး လူတွေကို ပြန်ဝင်နေထိုင်စေတာ၊ စိုက်ပျိုးထုတ်လုပ်တာတွေ ပြန်ဆောက်ရွက်စေတာတွေရှိပေမဲ့ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုတွေကိုတော့ စာရင်းပြုစုနေရတုန်းလို့ ဆိုပါတယ်။

ထိုင်းက မြန်မာကို ဘတ် ၉ သန်း အကူအညီပေးတာဘာကြောင့်လဲ

 ထိုင်းနိုင်ငံဟာ ထိုင်း -မြန်မာ နယ်စပ်တစ်လျှောက်က စာနာမှုအကူအညီလိုအပ်နေသူတွေကို ထောက်ပံ့မှုပေးနိုင်ရေး ရှေ့ပြေး စီမံချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကရင်ပြည်နယ်ထဲက နေရာအချို့ကို မတ်လ ၂၅ ရက်မှာ အကူအညီပေးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံဟာ ထိုင်း -မြန်မာ နယ်စပ်တစ်လျှောက်က စာနာမှုအကူအညီလိုအပ်နေသူတွေကို ထောက်ပံ့မှုပေးနိုင်ရေး ရှေ့ပြေး စီမံချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကရင်ပြည်နယ်ထဲက နေရာအချို့ကို မတ်လ ၂၅ ရက်မှာ အကူအညီပေးခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်းနိုင်ငံဟာ မြန်မာအတွက် အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး(AHA)စင်တာကနေတဆင့် ထိုင်းဘတ်ငွေ ၉ သန်း အကူအညီပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။

ဒီလိုပေးသွားမယ့်အကြောင်းကိုလည်း လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဇူလိုင်လ ၂၅ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ အာဆီယံ အစည်းအဝေးပွဲအတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုတော့ ဒီလို အကူအညီပေးရတာဟာ မြန်မာလူထုကို လူသားချင်းစာနာမှု အကူအညီပေးတဲ့နေရာမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာ ပြသဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေးကို ဦးတည်စေတဲ့ ပါဝင်ကူညီမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အလှူငွေတွေကို AHA စင်တာကနေ အဆင့်ပေးအပ်ရတဲ့အကြောင်းရင်းကတော့ AHA စင်တာဟာ မြန်မာကို စာနာမှုအကူအညီတွေပေးတဲ့နေရာမှာ မြန်မာကြက်ခြေနီနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ်တို့လို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့်လို့လည်း ဆိုပါတယ်။

တဖက်မှာတော့ AHA စင်တာဟာ မြန်မာကို စာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေရုံနဲ့တင် မလုံလောက်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစောပိုင်းကတည်းက ပြောထားပါတယ်။

ထိုင်းအနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရောမှာ ထိုင်း-မြန်မာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေကို နယ်စပ်ဖြတ်ကျော် အကူအညီပေးတဲ့ စဥ်းစားချက်မျိုး ချဥ်းကပ်သင့်ပြီလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ အကဲခတ်တွေက ပြောဆိုနေကြပါတယ်။

လားရှိုးထောင်က တအာင်းအကျဉ်းသား ၁၁၈ ဦးကို ကိုးကန့်တပ်က TNLA ဆီလွှဲပြောင်း

တအာင်းအကျဉ်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, MNDAA က TNLA ဆီ လွှဲပြောင်းလိုက်တဲ့ တအာင်းအကျဉ်းသားတွေ

ကိုးကန့်တပ်(MNDAA)က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာရှိတဲ့ လားရှိုးအကျဉ်းထောင်ကို သိမ်းပြီးတဲ့နောက် တအာင်းလူမျိုးအကျဉ်းသား ၁၁၈ ဦးကို တအာင်းတပ်(TNLA) ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လွှဲပြောင်းပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ မတရားသင်း ပုဒ်မ ၁၇/၁ နဲ့ တရားစွဲခံရတဲ့အကျဉ်းသား ၅ ဦး၊ စစ်အုပ်ချုပ်ရေးအမိန့်ချိုးဖောက်လို့ ဖမ်းဆီးခံရတဲ့အကျဉ်းသား ၃ ဦးအပါအဝင် တခြားအမှုတွေနဲ့ဖမ်းဆီးခံရ တဲ့အကျဉ်းသား တစ်ရာ‌ကျော်တို့ဖြစ်ပါတယ်။

ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ဟာ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်- အေအေ) ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး လားရှိုးမှာတော့ ကိုးကန့်တပ်က ဦးဆောင်ပြီး ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း လားရှိုးထောင်ကိုလည်း ထိန်းချုပ်ပြီး အခုလို အကျဥ်းသားတွေ လွှဲပြောင်းတဲ့ အထိ ဖြစ်လာတာပါ။

TNLA ကတော့ ဒီအကျဉ်းသားတွေကို အမှုပြန်လည်စစ်ဆေးပြီး လွှတ်ပေးတာနဲ့ ပြန်လည်အ‌ရေးယူတာတွေလုပ်နေမယ်လို့ ဆိုပါတယ်။

လားရှိုးထောင်ကလွတ်ပြီး မိသားစုနဲ့ TNLAဆီကို မရောက်သေးတဲ့ တအာင်းနိုင်ငံရေးအကျဉ်းသားတွေကိုလည်း မိသားစုထံပြန်နိုင်အောင် MNDAA နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ TNLA က ဆိုထားပါတယ်။

MNDAA က လားရှိုးထောင်ကို ထိန်းနိုင်ပြီးနောက်ပိုင်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဦးထွန်းထွန်းဟိန်နဲ့ နိုင်ကျဉ်း ၂၀၀ ကျော်လည်း ပြန်လွတ်လာပြီး လားရှိုးပကဖနဲ့ တော်လှန်ရေးအင်အားစုတွေက စောင့်ရှောက်ထားတယ်လို့ ဇူလိုင် ၂၉ ရက်မှာ NUG ကာကွယ်ရေး ဒုအတွင်းဝန် ဦး‌မောင်မောင်ဆွေကပြောထားပါတယ်။

အမေရိကန်မှာပြုလုပ်တဲ့ ၈ လေးလုံးလူထုအုံကြွမှုအလံတင်အခမ်းအနား NUG ဝန်ကြီးနဲ့ သံအမတ်တွေတက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်း

ဓာတ်ပုံ ရင်းမြစ်, Sethu Win

ဓာတ်ပုံ ပုံစာ, ၁၅ ကြိမ်မြောက် အလံတင်အခမ်းအနားမှာတွေ့ရတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း

၈ လေးလုံး လူထုအုံကြွမှု ၁၅ ကြိမ်မြောက် အလံတင်အခမ်းအနားနဲ့ ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ ဘက်ဖလိုမြို့မှာ မနေ့က ကျင်းပသွားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးတွေ အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို ဘက်ဖလိုမြို့၊ ဒုတိယမြို့တော်ဝန်နဲ့ အမေရိကန်ရောက်ပြည်ပနိုင်ငံဖွားတွေရုံး(ONA) ရဲ့ ညွှန်ကြားရေးမှူးချုပ် လည်းတက်ရောက်ပါတယ်။

ဒီမြို့မှာ နှစ်စဉ်သြဂုတ်လ ၃ ရက်နေ့တိုင်းမှာ Burma Flag Day ကိုသတ်မှတ်ပြီး ခွပ်‌ဒေါင်းအလံတင်အခမ်းအနားကို ၂၀၁၀ ခုနှစ်ကတည်းက ကျင်းပလာတာ အခုဆို ၁၅နှစ်ရှိပြီလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်းကကတော့ လက်ရှိ မြန်မာ့အရေးဟာ နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်ထားသလောက် မရရှိတာကြောင့် အားလုံးစည်းလုံးညီညွတ်ဖို့ အဲဒီအခမ်းအနားမှာ တိုက်တွန်းပြောသွားပါတယ်။

သံအမတ်ကြီးနဲ့ NUG ဝန်ကြီးတွေဟာ ဘက်ဖလိုမြို့မှာနေထိုင်နေတဲ့ ဗမာနွယ်ဖွားတိုင်းရင်းသားတွေနဲ့လည်း အဲဒီနေ့မှာ တွေ့ဆုံပွဲလုပ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ရာထူးကထုတ်ပယ်ခံရ

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ စွပ်စွဲ တိုင်ကြားခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာလာပါတယ်။

ဆလိုင်းအိုက်ဇက်ခင်ကို သြဂုတ်လ ၁ ရက်မှာ ရာထူးကနေ ထုတ်ပယ်လို့တာလို့ဆိုပြီး NUG နိုင်ငံခြားရေးဌာနက သြဂုတ် ၃ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

NUG ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ မဖွယ်မရာ ပြုမူခြင်းဆိုင်ရာ အကာအကွယ် ပေးရေး မူဝါဒဆိုင်ရာ ဗဟိုကော်မတီက ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆလိုင်းအိုက်ဇက်ခင်ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာကို အမှန်တကယ်ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးသုံးသပ်ပြီးနောက်မှာ အခုလိုထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။

နစ်နာသူနဲ့ လုပ်ဖော်ကိုင်ဖက်မျက်မြင်သက်သေတွေရဲ့ နစ်နာမှုနဲ့ အခက်အခဲတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သင့်တော်တဲ့အထောက်အပံ့၊ အစီအမံတွေကိုပေးသွားမယ်လို့လည်း ကော်မတီကထုတ်ပြန်ပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးဘက်က ဆလိုင်းအိုက်ဇက်ခင်ကို အလုပ်က ထုတ်ပယ်တဲ့ဆုံးဖြတ်ချက်အပေါ် အားရ ကျေနပ်မှုရှိတယ်လို့ ဒီအမှုကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဘီဘီစီကို ပြောပါတယ်။

တိုင်ကြားခံရသူဟာ ဝန်ထမ်းအမျိုးသမီးအပေါ် ဘယ်လိုလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခဲ့သလဲ ဆိုတာနဲ့ တရားမျှတမှုရဖို့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဘက်က ကြိုးစားခဲ့ရတာတွေကို ဒီဆောင်းပါးမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ တိုင်ကြားခံရတဲ့ NUG ကိုယ်စားလှယ်ကိစ္စ ဘယ်လိုဖြေရှင်းနေလဲ အပြည့်အစုံဖတ်ရှု နိုင်ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်

ရှေ့တန်းစစ်မျက်နှာက TNlA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ရှေ့တန်းစစ်မျက်နှာက TNlA တပ်ဖွဲ့ဝင်တွေ

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA)တို့ကြား ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်လို့ ကျောက်မဲမြို့ကနေ စစ်ရှောင်နေရသူတွေက ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကစပြီး ဖုန်းနဲ့အင်တာနက်လိုင်း မရသလောက်ဖြစ်နေခဲ့တာလို့ ဘီဘီစီရဲ့ သတင်းရင်း မြစ်တွေကပြောပါတယ်။

“တယ်လီနောပဲ ငါးမိနစ်လောက်ရလိုက်ပြတ်လိုက်ဖြစ်နေရာကနေ အခုမရတော့လို့ မြို့မှာကျန်ခဲ့တဲ့သူတွေကို ဆက်မရတော့ဘူးလေ။ အခု CDMA ရတယ် ပြောနေကြပေမယ့် ဘယ်သူမှဒီဘက်ကို စ မဆက်သွယ်လာကြသေးဘူး” လို့ ကျောက်မဲကနေ ရန်ကုန်မှာ စစ်ရှောင်နေသူတစ်ဦးကပြောပါတယ်။

စစ်ရေးအခြေအနေကတော့ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်း အမှတ် ၅၀၁ နဲ့ ၅၀၂ ခြေမြန်တပ်ရင်း(ခမရ)နဲ့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) တို့ကို TNLA ပူးပေါင်း တပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ TNLAဘက်က သြဂုတ် ၃ ရက် မနေ့က ညပိုင်းမှာထုတ်ပြန်ထားတာပါ။

စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ၃၁ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ခမရ ၅၀၁ နဲ့ ၅၀၂ ထဲ ကို လက်နက်ခဲယမ်းတွေ လေကြောင်းကတဆင့် ထောက်ပို့ပေးခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါ တယ်။