တရုတ်အစိုးရက မွေးနှုန်းတိုးဖို့ မိဘတွေကို ဒေါ်လာ ၁၅၀၀ ပေးမယ် ကမ်းလှမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, သြစမန် ချီယာ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်၊ ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
တရုတ်ပြည်မှာ သုံးနှစ်သားအရွယ်ထိ ကလေးတယောက်ချင်းအတွက် မိဘတွေကို တနှစ် ယွမ် ၃၆ဝဝ (ဒေါ်လာ ၅၀၀ ) ပေးဖို့ အစိုးရက ကမ်းလှမ်းနေပါတယ်။ ဒါဟာ တရုတ်အစိုးရရဲ့ နိုင်ငံအဆင့် မွေးနှုန်းမြှင့်ဖို့ ကြိုးစားတဲ့ ကူညီရေး အစီအစဉ် ဖြစ်ပါတယ်။
အာဏာရ ကွန်မြူနစ်ပါတီရဲ့ တအိမ်ထောင် ကလေးတယောက် မူကို ဖျက်သိမ်းပြီးတာ ဆယ်နှစ်နီးပါး ကြာလာတာတောင်မှ ကလေးမွေးနှုန်းက ကျနေဆဲ ဖြစ်ပါတယ်။
မိသားစု သန်း ၂ဝ နီးပါးအတွက် ကလေးပြုစုပျိုးထောင်စရိတ်ကို ဒီထောက်ပံ့ကြေးက ကူညီပေးမယ်လို့လည်း အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်ပြည်မှာ လူဦးရေ အကျပ်အတည်း ဆိုက်လာနိုင်တဲ့အတွက် နိုင်ငံတလွှား ပြည်နယ်အများအပြားမှာ ကလေးတွေ ပိုမွေးကြဖို့ အားပေးတဲ့အနေနဲ့ ဒီလို စရိတ်ထောက်တဲ့ အစီအစဉ်ကို ကနဦးစမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။
တနင်္လာနေ့က ကြေညာခဲ့တဲ့ ဒီစီမံကိန်းအရ ကလေးတယောက်စီအတွက် မိဘတိုင်းကို ယွမ်ငွေ ၁၀,၈၀၀ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
ဒီစီမံကိန်းမှာ ဒီနှစ်ဆန်းအတွက်ကစပြီး နောက်ပြန် ငွေထုတ်ပေးသွားမယ်လို့လည်း တရုတ်အစိုးရ ရုပ်သံက ပြောကြားပါတယ်။
၂၀၂၂ နဲ့ ၂၀၂၄ ကြား ကလေးမွေးခဲ့တဲ့ မိသားစုတွေလည်း တစိတ်တပိုင်း ထောက်ပံ့ကြေးကို လျှောက်ထားနိုင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်မှာ မွေးနှုန်းတိုးအောင်လုပ်ဖို့ ဒေသဆိုင်ရာ အစိုးရတွေရဲ့ ကြိုးပမ်းမှုတွေနောက်မှာ နိုင်ငံအဆင့် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မတ်လတုန်းကလည်း နိုင်ငံမြောက်ပိုင်းက ဟော်ဟုတ် မြို့မှာ အနည်းဆုံး ကလေးသုံးယောက်ရှိတဲ့ စုံတွဲတွေအတွက် ကလေးတယောက်ကို ယွမ်ငွေ တသိန်းထိ ထုတ်ပေးခဲ့ပါတယ်။
ဘေဂျင်းရဲ့ အနောက်မြောက်ဘက်က ရှန်ယန်းမြို့မှာတော့ အသက်သုံးနှစ်အောက် တတိယကလေး ရှိတဲ့ မိသားစုတွေကို တလ ယွမ် ၅ဝဝ စီ ကမ်းလှမ်းခဲ့ပါတယ်။
အခမဲ့ မူကြိုပညာရေး အတွက် စီစဉ်ပေးဖို့လည်း တရုတ်အစိုးရက ပြည်နယ်အစိုးရတွေကို အရင်ပတ်ကပဲ တိုက်တွန်းခဲ့ပါတယ်။
တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ကလေးယူဖို့ ငွေကုန်ကြေးကျအများဆုံး နိုင်ငံတွေထဲမှာ ပါနေကြောင်း တရုတ်ပြည် အခြေစိုက် ယုဝါ လူဦးရေ သုတေသန အဖွဲ့ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။
ကလေးတယောက်ကို အသက် ၁၇ နှစ်ထိရောက်အောင် ပြုစုရတဲ့ စရိတ်စကက ပျမ်းမျှ ဒေါ်လာ ၇၅,၇၀၀ လောက် ရှိတယ်လို့လည်း ဒီလေ့လာချက်အရ တွေ့ရှိရပါတယ်။
တရုတ်လူဦးရေက ၂၀၂၄ မှာလည်း သုံးနှစ်ဆက်တိုက် ကျဆင်းနေကြောင်း ဇန်နဝါရီလက ထုတ်တဲ့ အစိုးရ စာရင်းဇယားတွေက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၄ က ကလေး ကိုးသန်းခွဲကျော် မွေးဖွားခဲ့ကြောင်းလည်း နိုင်ငံတော် စာရင်းအင်း ဗျူရိုအဖွဲ့က ပြောပါတယ်။
၂၀၂၃ ကထက် နည်းနည်းပိုတိုးလာပေမယ့် နိုင်ငံရဲ့ စုစုပေါင်း လူဦးရေက ဆက်ပြီး လျော့ကျနေဆဲ ဖြစ်ပါတယ်။
တရုတ်ပြည် လူဦးရေ ၁.၄ ဘီလျံမှာ သက်ကြီးဦးရေက ပိုပိုတိုးလာတဲ့အတွက်လည်း တရုတ် လူဦးရေနဲ့ ပတ်သက်ပြီး အစိုးရကို ပူပန်မှုတွေ များစေပါတယ်။









