ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းကို လူသတ်မှုအတွက် စုံစမ်း

ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ စုံစမ်းရေး စတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ စုံစမ်းရေး စတင်
    • ရေးသားသူ, ရုသ် ကမ်မာဖို့ဒ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ဘင်္ဂလားဒေ့ရှ်မှာ အရင်ပတ်က ဖယ်ရှားလိုက်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို လူသတ်မှုနဲ့ စုံစမ်းရေး စတင်ခဲ့ပါတယ်။

မငြိမ်မသက်မှုတွေအတွင်း အမျိုးသားတယောက်ကို ရဲက ပစ်သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး သူ့အစိုးရထဲက ထိပ်တန်း ဝန်ကြီးခြောက်ယောက်ကိုလည်း စစ်ဆေးနေပါတယ်။

နိုင်ငံသားတယောက်အတွက် မာမွန် မီယာဆိုတဲ့ ရှေ့နေက ဒီအမှုကို တင်သွင်းခဲ့တာ ဖြစ်ပြီး ဒါကာတရားရုံးက ဒီလူသတ်မှုကို လက်ခံစစ်ဆေးဖို့ ရဲကို အမိန့်ထုတ်တယ်လို့ ဆိုပါတယ်။

ဒီလဆန်းက မစ္စဟာစီနာ ရာထူးက နုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေးသွားပြီးနောက် ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး ဖွင့်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရက်သတ္တပတ်ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ ၄၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး အများစုကို ဟာစီနာအမိန့်နဲ့ ရဲက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ဟာစီနာကို အထူးခုံရုံးနဲ့ စစ်ဖို့ ကျောင်းသားတွေ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရှိတ်ဟာစီနာကို အထူးခုံရုံးနဲ့ စစ်ဖို့ ကျောင်းသားတွေ တောင်းဆို

လမ်းဖြတ်ကူးလာတဲ့ ကုန်စိမ်းသည် အဘူ ဆာယိရဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့လို့ အမီရာဟမ်ဇာ ဆိုတဲ့ စီးပွားရေးသမားက ဇူလိုင်လက ဒီလူသတ်မှုကို ရုံးတော်ကို တင်ပြခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲက မခွဲမခြား ပစ်ခတ်ခဲ့တယ်လို့လည်း သူက ရုံးတော်ကို ဇူလိုင်လ ၁၉ ရက်မှာ ပြောကြောင်း ဘီဘီစီ ဘင်္ဂလားဌာနက ပြောပါတယ်။

မစ္စတာ ဆာယိနဲ့ အမျိုးမတော်ပေမယ့် ဒီအမှုတင်သွင်းဖို့ ဆာယိရဲ့ မိသားစုမှာ ငွေကြေးမပြည့်စုံတဲ့အတွက် ဒီအမှုကို သူတင်သွင်းကြောင်း မစ္စတာ ဟမ်ဇာက ပြောပါတယ်။

ဒီအမှုကို ပြီးဆုံးတဲ့အထိ ဆောင်ရွက်မယ်လို့လည်း သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

သမာဓိတရားသူကြီး ရာဂျက်ရှ် ချောင်ဒရီက ရဲကို ဒီအမှု စစ်ဆေးဖို့ အမိန့်ပေးခဲ့ပြီး လမ်းတံတားနဲ့ ပို့ဆောင်ရေး ဝန်ကြီးဟောင်းလည်း စစ်ဆေးခံနေရပါတယ်။

ဟာစီနာနုတ်ထွက်ရေး အုံကြွတောင်းဆိုခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဟာစီနာနုတ်ထွက်ရေး အုံကြွတောင်းဆိုခဲ့ကြ

မစ္စဟာစီနာ အစိုးရ သက်တမ်း ၁၅ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ခြစားမှုတွေ အများအပြား ဖြစ်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

ဇူလိုင်လဆန်းက ကျောင်းသား ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အရပ်ဘက် ဝန်ထမ်းနေရာတွေမှာ အချိုးကျစနစ်နဲ့ ခန့်တာတွေ ဖယ်ရှားဖို့ တောင်းဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရကို ဖယ်ရှားနိုင်တဲ့အထိ ကျယ်ပြန့်လာခဲ့ပါတယ်။

ဆန္ဒပြသမားတွေကို နှိမ်နင်းဖို့ ဟာစီနာက ရဲကို အမိန့်ပေးခဲ့ပြီး နိုင်ငံကို မတည်ငြိမ်အောင်လုပ်မယ့် အကြမ်းဖက်တွေ၊ ကျောင်းသားတွေ မဟုတ်ဘူးဆိုပြီး ဟာစီနာက ပြောကြားခဲ့ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်ဦးဆောင်တဲ့ အစိုးရသစ်မှာတော့ ဆန္ဒပြ ခေါင်းဆောင်တွေ ပါဝင်ပါတယ်။

ရွေးကောက်ပွဲတွေ ကြေညာတဲ့အချိန်မှာ မစ္စဟာစီနာ နိုင်ငံကို ပြန်လာမယ်လို့ သားဖြစ်သူ ဆာဂျစ် ဝါဇစ်ဂျွိုင်းက ပြောပါတယ်။