ကြွေးမြီဖြေလျော့ရေး G20 ဆွေးနွေး- ဖေဖော်ဝါရီလ ၂၅ ညနေပိုင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြွေးမြီဖြေလျော့ရေး G20 ဆွေးနွေး
ဂျီ-၂၀ အင်အားကြီးနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ သူတို့ဆီအကြွေးတင်နေတဲ့နိုင်ငံတချို့ကို အပေးအယူလုပ်ပြီး သက်သာခွင့်ပြုဖို့ ဆွေးနွေးနေပါတယ်။
အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့မှာ ဒုတိယရက်အဖြစ် ဆက်လက်ဆွေးနွေးနေကြတာပါ။
ဆွေးနွေးရာမှာ သဘောမတူနိုင်ကြသေးတဲ့ အချက်တွေ ရှိနေသေးကြောင်း အိုင်အမ်အက်ဖ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကြီးအကဲ ခရစ္စတာလီနာ ဂျောဂျီဗာက ဝန်ခံပြောကြားပါတယ်။ ဒါပေမဲ့ သဘောမတူနိုင်သေးတဲ့အချက်တွေကို ပြေလည်တဲ့အထိညှိနှိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။
မြီရှင်နိုင်ငံတွေအနေနဲ့ အကြွေးဘယ်လောက်လျှော်ပေးမယ်ဆိုတဲ့အချက်အပေါ်မှာလည်း အငြင်းပွားနေကြပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲအပေါ်မှာ ဘယ်လိုသဘောထားဖော်ပြမလဲဆိုတဲ့ အချက်ဟာလည်း အကြွေးနဲ့ လဲလှယ်ရမဲ့ အချက်တခုအဖြစ် ဆွေးနွေးကြရာမှာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်းကတော့ ကြွေးဖြေလျှော့ပေးရေးအတွက် ရုရှားကျူးကျော်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ပေးဖို့မဖြစ်မနေလိုအပ်ကြောင်းပြောဆိုပါတယ်။
ဂျာမနီဝန်ကြီးချုပ်ရဲ့ အိန္ဒိယခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်ကို ဒေလီလေဆိပ်မှာ ကြိုဆိုလိုက်ပါတယ်။
နှစ်ဖက်စလုံးက စီးပွားရေးနဲ့ မဟာဗျူဟာဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျာမန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ စီးပွားရေးကိုယ်စားလှယ် အုပ်စုနဲ့အတူ အိန္ဒိယကို ၂ ရက်ခရီးစဉ်အဖြစ်လာရောက်တာဖြစ်ပါတယ်။ ကုန်သွယ်ရေးတိုးမြှင့်ဖို့ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ကုန်သွယ်ရေးတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။
ဂျာမနီဟာ အိန္ဒိယရဲ့ အဓိကပြိုင်ဘက် တရုတ်နဲ့ ကုန်သွယ်ရေး အားကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ရုရှားရဲ့ စွမ်းအင်အပေါ်မှီခိုနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
အိန္ဒိယကလည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာကို ထောက်ခံမဲမပေးဘဲ ရုရှားနဲ့ စီးပွားရေးအရ ဆက်သွယ်လုပ်ကိုင်ခဲ့ပါတယ်။ အိန္ဒိယကို အဓိက လက်နက်ရောင်းချနေတဲ့ နိုင်ငံဟာလည်း ရုရှားဖြစ်ပါတယ်။
အခုတွေ့ဆုံဆွေးနွေးပြီးနောက် ဂျာမန်အိန္ဒိယဝန်ကြီးချုပ်နှစ်ယောက်ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ ဝန်ကြီးချုပ်နရန်ဒြာမိုဒီက ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာပါတယ်။
"ယူကရိန်းစစ်ပွဲစတင်ကတည်းက ဆွေးနွေးဖြေရှင်းကြဖို့ သံတမန်နည်းနဲ့ ဖြေရှင်းကြဖို့ အိန္ဒိယကပြောဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အိန္ဒိယပါဝင်ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ" လို့ပြောသွားတာဖြစ်ပါတယ်။
ဘယ်လာရုစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုလာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ မဟာမိတ် ဘယ်လာရုစ်ခေါင်းဆောင် အလက္ဇန္ဒား လူကာရှန်ကိုဟာ တရုတ်နိုင်ငံကို လေးရက်ခရီးစဉ်အဖြစ် အင်္ဂါနေ့မှာ ရောက်လာဖို့ ရှိပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်မျိုးကို အတုယူကြဖို့ မစ္စတာလူကာရှန်ကိုက တခြားတိုင်းပြည်တွေကို တိုက်တွန်းနေပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်အနေနဲ့ သူ့ကိုယ်သူ ကြားနေနိုင်ငံအဖြစ်ပြောဆိုတာကို အကြီးအကျယ်ကန့်ကွက်နေကြပါတယ်။
သောကြာနေ့တုန်းက တရုတ်က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေးမူတွေထဲမှာ ရုရှားနဲ့ ယူကရိန်းကို ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးစကားပြောကြဖို့ တိုက်တွန်းထားပြီး တရုတ်နိုင်ငံက ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်လိုကြောင်းဖော်ပြထားပါတယ်။








