ညှဉ်းပန်းနှိပ်စက် ဗီဒီယိုထွက်လို့ ထောင်ကျတဲ့ ရဲ ထောင်ထဲမှာ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Shutterstock
- ရေးသားသူ, ခိုယွီး
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားသူ, သန်ညာရတ် ဒေါ့ဆုန်း
- ရာထူးတာဝန်, ဘီဘီစီသတင်း
မူးယစ်တရားခံလို့ သံသယရှိသူတယောက်ကို သေအောင် နှိပ်စက်မှုနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ထောင်တသက်ကျနေတဲ့ ထိုင်းရဲအရာရှိဟောင်းတယောက် ဘန်ကောက်ထောင် အကျဉ်းခန်းထဲမှာ သေဆုံးနေတာ တွေ့ရကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။
ဇိမ်ခံကား အများကြီး ပိုင်လို့ ဂျိုးဖရာရီဆိုတဲ့ နာမည်ပြောင်နဲ့ သိကြတဲ့ ထိတိဆန် ဥသန်နဖုန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာဖြစ်ကြောင်း ကနဦး ရင်ခွဲစစ်ဆေးချက်အရ သိရပါတယ်။
၂၀၂၁ က ပေါက်ထွက်လာတဲ့ ဗီဒီယို တခုထဲမှာ ၂၄ နှစ်အရွယ် မူးယစ်မှုနဲ့ မသင်္ကာသူတယောက်ရဲ့ ဦးခေါင်းကို စစ်ကြောရေးမှာ ထိတိဆန်နဲ့ ရဲတစုက ပလတ်စတစ်အိတ်တွေနဲ့ ပတ်လို့ သေဆုံးသွားခဲ့တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုကြောင့် ရဲရဲ့ ရက်စက်မှုကို ထိုင်းနိုင်ငံအနှံ့ ဒေါသထွက် ကန့်ကွက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
ထိတိဆန် သေဆုံးချိန်မှာလည်း ဒီဗီဒီယိုက လူမှုကွန်ရက်မှာ ပြန်တက်လာခဲ့ပါတယ်။
မိသားစုဘက်က သူသတ်သေဆယ်ဆိုတဲ့ကိစ္စကို သံသယ၀င်ကြောင်း ပြောဆိုလာပြီးနောက် ဒီသေဆုံးမှုအတွက် ထိုင်းတရားရေး ဝန်ကြီးဌာနက စုံစမ်းရေး လုပ်ခဲ့ပါတယ်။ တကယ် သတ်သေတာလား အတည်ပြုနိုင်ဖို့ နောက်ထပ် စစ်ဆေးမှုတွေ လိုတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ထိတိဆန် သေဆုံးမှုနဲ့ ပတ်သက်တဲ့ သက်သေအားလုံးကို ဖွင့်ချသင့်ကြောင်းနဲ့ စစ်ဆေးမှုတွေမှာ ပူးပေါင်းပါ၀င်ကြဖို့ ထောင်အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ထိုင်း တရားရေး ဝန်ကြီး ထဝီဆော့ဒ်ဆောင်းက တနင်္လာနေ့မှာ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိတိဆန်ကို အရင်ကလည်း ထောင်၀န်ထမ်းတယောက်က နှိပ်စက်ခဲ့ဖူးကြောင်း သူ့မိသားစုက ပြောပါတယ်။ သောကြာနေ့က ထောင်အကျဉ်းခန်းထဲမှာ တွေ့ခဲ့တဲ့ သူ့အလောင်းကို ထောင်အရာရှိတွေက ကြည့်ခွင့်မပေးဘူးလို့လည်း ပြောပါတယ်။
ဘယ်ထောင်အရာရှိ၊ ဘယ်အကျဉ်းသားကမှ သူ့ကို သေအောင် ရန်ပြု ဖန်တီးတာ မရှိကြောင်းလည်း အာဏာပိုင်တွေက တနင်္ဂနွေနေ့က ဆိုပါတယ်။
ထိတိဆန်ရဲ့ အိမ်ကို ၀င်ရှာချိန်မှာ ဇိမ်ခံပြိုင်ကား အစင်း တဒါဇင်ပိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီလိုကားမျိုး အနည်းဆုံး ၄၂ စီးလောက် သူပိုင်တယ်လို့ အာဏာပိုင်တွေက ယူဆပြီး ဒီထဲမှာ လမ်ဘိုဂီနီ အဗန်တေဒေါ အန္နီဗာစရီယိုလို အစီးတရာပဲ ထုတ်တဲ့ ရှားပါးကားတောင် ပါပါတယ်။ ဒီကားက ထိုင်းမှာ ဘတ်ငွေ ၄၇ သန်း တန်ဖိုးရှိပါတယ်။
တကယ်တော့ ရဲမှူးကြီး ထိတိဆန်ရဲ့လစာက ဒေါ်လာတထောင်လောက်ပဲ ရှိပါတယ်။
ဒီဗီဒီယိုမှာပါတဲ့ သံသယတရားခံ ဂျီရာပုန်း သန္နာပတ်ကို လေမွန်းအောင် လုပ်ပြီး လာဘ်ပေးဖို့ တောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ထိတိဆန်က ပယ်ချပါတယ်။
လိုက်လံရှာဖွေမှုတွေကြောင့် ထိတိဆန် ၂၀၂၁ က အဖမ်းခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိတိဆန် အပြင် တခြား ရဲ အရာရှိငါးယောက်လည်း ဂျီရာပုန်းကို သတ်မှုနဲ့ ၂၀၂၂ ကတည်းက ထောင်တသက် ချမှတ်ခံခဲ့ရပါတယ်။
သူကျူးလွန်ခဲ့တဲ့ ကံအတွက် ပေးဆပ်လိုက်ပုံရကြောင်း ဂျီရာပုန်းရဲ့ ဖခင်က ဒေသတွင်း သတင်းစာတွေကို စနေနေ့က ပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းက ထိတိဆန်ကို ထောင်အရာရှိတွေက အနိုင်ကျင့်စော်ကားတွေတာ ကြုံရကြောင်း သူ့မိသားစုရဲ့ အရင်က တိုင်ကြားချက်ကို စစ်ဆေးနေခဲ့တယ်လို့လည်း အကျဉ်းဌာနဘက်က ပြောပါတယ်။
စိတ်ပူပန်မှုနဲ့ အိပ်မရတဲ့ ပြဿနာတွေကြောင့် ထိတိဆန် ဆရာ၀န်တွေနဲ့ တွေ့ခဲ့ကြောင်းလည်း အကျဉ်းဌာနဘက်က ပြောပါတယ်။
သူမဆုံးခင် တရက်အလိုမှာ သူ့မိသားစုနဲ့ တွေ့ခဲ့ပြီး ဘာမှ ပုံမှန်မဟုတ်တာမျိုးကို သတိမထားမိကြောင်း အကျဉ်းထောင်ဘက်က ပြောပါတယ်။








