နိုင်ငံရေးသမားတွေ အပြန်အလှန် အပြစ်တင်နေတဲ့ ဒေလီလေထု ညစ်ညမ်းမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ ၂၀၂၂ နိုဝင်ဘာလဆန်းပိုင်း ရက်သတ္တပတ်အတွင်းမှာ ဒေလီမြို့ရဲ့ လေထုအခြေအနေက လူတွေအတွက် အန္တရာယ်ရှိတဲ့ အနေအထားအထိ ရောက်လာခဲ့ရာမှာ နိုင်ငံရေးပါတီတွေ အချင်းချင်း အပြစ်တင်တာတွေလည်း ဖြစ်လာနေပါတယ်။
ဒေလီရဲ့ ပြဿနာကို ဒေလီမှာ အုပ်ချုပ်နေတဲ့ အာဏာရပါတီနဲ့ ဖက်ဒရယ် အစိုးရတို့ အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပါတယ်။
ဒေလီမြို့ မှာ ရွေးကောက်ပွဲနိုင်လို့ အုပ်ချုပ်ခွင့်ရထားတဲ့ Am Aadmi Party (AAP) က ဒေလီမြို့ ဝန်ကြီးချုပ် အာဗင် ကက်ဂျ်ရီဝယ်က လေထုညစ်ညမ်းမှုဟာ အိန္ဒိယမြောက်ပိုင်းက ပြည်နယ်တွေ အားလုံးအတွက် ပြဿနာဖြစ်တဲ့အတွက် အားလုံးစုပေါင်း တွေ့ဆုံ အဖြေရှာဖို့ လိုအပ်နေပြီး သူတို့ရဲ့ ဒေလီလေထုညစ်ညမ်းမှု အဖြေရှာတဲ့ အဆိုပြုချက်ကို ပြည်မအစိုးရက ပယ်ချခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဒါပေမဲ့ Bharatiya Janata Party (BJP) က ဖြစ်တဲ့ အိန္ဒိယပြည်မအစိုးရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဘူပန်ဒါ ယာဒက်ဗ် ကတော့ AAP ကသာလျှင် ဒေလီကို ဂက်စ်ဓါတ်ငွေ့ လွှတ်ထားတဲ့ အလုံပိတ်အခန်းလို ဖြစ်အောင် လုပ်နေတာဆိုပြီး အပြစ်တင်ထားပါတယ်။
ဒါ့အပြင် ဒေလီမြို့ကို မြူလွှမ်းစေတဲ့ ပန်ဂျပ်ပြည်နယ်က ယာခင်းမီးရှို့ ရှင်းလင်းမှုတွေ ဖြစ်တာဟာ ပန်ဂျပ်ကို အုပ်ချုပ်နေတဲ့ AAP က ယာခင်းတွေ ရှင်းလင်းဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေအတွက် ရန်ပုံငွေ အသေအချာ ဖယ်မထားလို့ ဖြစ်တယ်လို့လည်း မစ္စတာ ဘူပန်ဒါ ယာဒက်ဗ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ ဒေလီမြို့ ရဲ့ လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားမှုနဲ့ ဒီပါဝလီပွဲတော်ရဲ့ သက်ရောက်မှု
နိုဝင်ဘာလအဝင်မှာ ပိုဆိုးလာတဲ့ ဒေလီမြို့ ရဲ့ လေထုအခြေအနေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ အဆိပ်သင့်မြူတွေ မြို့ အနှံ့ အပြားမှာ ဆိုင်းနေတာကို တွေ့ လာရပါတယ်။
အခုလို ဖြစ်တဲ့နေရာတွေကို အိန္ဒိယအစိုးရရဲ့ လေထုအရည်အသွေး စောင့်ကြည့်သူတွေက တိုင်းတာခဲ့ရာမှာ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ PM 2.5 အမှုန်တွေပါဝင်တဲ့ အညွှန်းကိန်း Air Quality Index (AQI) အဆိုးဆုံးဖြစ်တဲ့ အမှတ် ၅၀ဝ ကျော်တဲ့ နေရာတွေ အများအပြား ဖြစ်နေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒေလီအစိုးရကတော့ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက မြို့ထဲမှာ အလုပ်လုပ်သူတွေကို အိမ်မှာပဲ လုပ်ခြင်းအားဖြင့် လမ်းပေါ်မောင်းနေတဲ့ ကားအရေအတွက်ကို လျှော့ချဖို့ ကြိုးစားခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ဆိုင်းငံ့ခိုင်းခဲ့ပါတယ်။
အိန္ဒိယမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဒီပါဝလီပွဲတော်မှာ အထူးသဖြင့် မီးရှူးမီးပန်းတွေ ဖောက်လေ့ရှိကြတာကြောင့် လေထုညစ်ညမ်းမှုတက်သွားလေ့ရှိပေမယ့် လက်ရှိပွဲတော်ကာလတဝိုက် လေတိုက်နှုန်းမြင့်မှုနဲ့တကွ အခြား ရာသီဥတု အခြေအနေကောင်းမှုတွေကြောင့် ယခင်နှစ်တွေလောက် မဆိုးဘူးလို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ဒီပါဝလီကာလမှာ လေထုညစ်ညမ်းမှုနဲ့အတူ၊ အပူချိန်ကျတာနဲ့ လေတိုက်နှုန်းကျတာ ဖြစ်လေ့ရှိပါတယ်။
ဒီနှစ် ၂၀၂၂ မှာတော့ လေတိုက်နှုန်းအရမ်းမကျတဲ့အပြင် ပွဲတော်က ခါတိုင်းနှစ်လို နိုဝင်ဘာလထဲမှာ မဟုတ်ဘဲ ရက်သတ္တပတ် အချို့ စောပြီး ကျင်းပဖြစ်တာကြောင့် အပူချိန်လည်း ယခင်နှစ်တွေလောက် မကျဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခြား ဘယ်အခြေအနေတွေကြောင့် လတ်တလော ဒေလီ လေထုညစ်ညမ်းမှုကို ပိုဆိုးစေသလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်ရှိ ဒေလီမြို့ လေထုအခြေအနေကို ပိုဆိုးစေတဲ့ အခြေအနေကတော့ မြို့တော်နဲ့ ကပ်လျက် ပန်ဂျပ်ပြည်နယ်က လယ်သမားတွေက ဆောင်းကာလနဲ့ ကိုက်ညီတဲ့ သီးနှံတွေ စိုက်ပျိုးမြေနေရာအတွက် မီးရှို့ ပြီး ရှင်းတဲ့နည်းကို မြန်မြန်နဲ့ သက်သာတဲ့နည်းအဖြစ် သုံးကြလို့ ဖြစ်ပါတယ်။
အခုလို လုပ်ကြတဲ့အထဲက လယ်သမားတဦးကတော့ ဒီလို မီးရှို့ ရင် လေထုညစ်ညမ်းမယ်ဆိုတာကို သိပြီးသား ဖြစ်ပြီး အရင်ဆုံးလည်း သူတို့ ခံရတာ ဖြစ်ပေမယ့် လယ်သမားတွေ တောရှင်းဖို့ အစိုးရက မကူဘူးဆိုရင် တခြားရွေးစရာမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ မှာ ပန်ဂျပ်ပြည်နယ်အတွင်း ယာခင်းမီးရှို့မှု ၃၆၀ဝ လောက်ရှိတယ်လို့ အိန္ဒိယစိုက်ပျိုးရေး သုတေသနအဖွဲ့ (IARI) အရ သိရပြီး ဒီနှစ်အတွင်း အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယအစိုးရရဲ့ အချက်အလက်တွေအရ ဆိုရင် ဒေလီမြို့က လေထုထဲမှာ လူတွေအတွက် အန္တရာယ်ရှိတဲ့ အမှုန် PM 2.5 ပါဝင်မှု ၃၂ ရာခိုင်နှုန်းဟာ ပန်ဂျပ်ပြည်နယ်က ယာခင်းမီးရှို့မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ဒီနှစ် ဒီပါဝလီပွဲတော် မကျင်းပခင် အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ပိုင်းမှာ မိုးရွာလိုက်သေးတဲ့အတွက် လယ်သမားတွေ မှန်းထားသလောက် ယာခင်း မီးမရှို့နိုင်တာကြောင့် ယခင်နှစ်တွေကလောက် မဆိုးတာလို့ ဆိုပါတယ်။
အခုလို အိန္ဒိယမှာ နှစ်စဉ် ယာခင်းမီးရှို့ ရှင်းလင်းမှုကို ၂၀၁၅ ခုနှစ်ကတည်းက တားမြစ်ထားတဲ့ကြားက အခုအချိန်အထိ ဆက်လုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဒီပါဝလီ ပွဲတော်က ဒေလီမြို့ ရဲ့ လေထုညစ်ညမ်းမှုကို ဘယ်လို သက်ရောက်လေ့ရှိသလဲ
သိပ္ပံနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဌာနဆိုတဲ့ ဒေလီအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့ တခုက ပြီးခဲ့တဲ့ ၂၀၂၁ အထိ လွန်ခဲ့တဲ့ လေးနှစ်ကာလအတွက် ဒီပါဝလီကာလ ဒေလီမြို့ တွင်း PM 2.5 လေထုတွင်း ပါဝင်မှု မြင့်တက်လေ့ရှိတာကို တွေ့ ရတယ်လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ အတွင်း ဒေလီမြို့ရဲ့ ငါးနေရာမှာ ဖြန့်ကျက်ပြုလုပ်တဲ့ လေ့လာမှု တခုမှလည်း ယာခင်း မီးမရှို့ ဖြစ်တဲ့ နှစ်နှစ်အတွင်း လေ့လာမှုကို အခြေခံပြီး မီးရှူးမီးပန်းတွေကြောင့် ဘယ်လောက်အထိ ဒေလီမြို့ကို လေထုညစ်ညမ်းစေသလဲ ဆိုတာ ခွဲခြား လေ့လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေ့လာချက်အရ မီးရှူးမီးပန်းတွေကြောင့် ပွဲတော် ဒုတိယနေ့ အရောက်မှာ ဒေလီလေထုအတွင်း PM 2.5 အမှုန်တွေ ၄၀ ရာခိုင်နှုန်းလောက်အထိ များပြားသွားစေပေမယ့် ပွဲတော်အပြီး မကြာခင်မှာတော့ ပြန်ကျသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။
ဒီပါဝလီ ပွဲတော်အတွင်းမှာ ဖောက်လေ့ရှိတဲ့ မီးရှူးမီးပန်းတိုင်းကြောင့်တော့ လေထုအတွင်းမှာ PM 2.5 အမှုန်တွေ ဖွဲ့စည်းဖြစ်တည်မှု မရှိဘူးဆိုပေမယ့် အကြီးစား မီးရှူးမီးပန်းတွေကတော့ အဲဒီလို အမှုန်တွေ ဖြစ်စေလေ့ရှိပါတယ်။
အိန္ဒိယမှာ လုပ်ခဲ့ဖူးတဲ့ သုတေသနတခုအရ ဒီပါဝလီကာလ မီးရှူးမီးပန်း ဖောက်မှုကြောင့် PM 2.5 အမှုန် ထက် ကြီးပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်သေးတဲ့ PM 10 အမှုန်တွေ၊ ဆာလ်ဖာဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်၊ အိုဇုန်း၊ သံဓါတ်၊ ခဲဓါတ်၊ မန်းဂနီးစ် ဓာတ်၊ ကြေးနီ၊ ဘယ်ရလီယံ ဓါတ်နဲ့ နီကယ် ဓါတ်တွေ လေထုထဲမှာသိသိသာသာ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်နယ်အများအပြားမှာ ဒီပါဝလီပွဲတော်ကာလ မီးရှူးမီးပန်း ရောင်းချမှုနဲ့ ဖောက်တာတွေကို တားမြစ်မှု ရှိပေမယ့် ချိုးဖောက်သူကို ထိထိအရေးမယူတဲ့ အနေအထားလည်း ရှိနေပါတယ်။
အခုလို မီးရှူးမီးပန်းကြောင့် လေထုထဲ များသွားနိုင်တဲ့ ဓာတုပစ္စည်းတွေထဲက တချို့ဟာ ကားတွေက ထွက်တဲ့ အငွေ့ကြောင့်လည်း ဖြစ်နိုင်တာကို သတိချပ်ရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီပါဝလီကာလမှာဆိုရင် လူတွေက ကားတွေသုံးပြီး လက်ဆောင်ဝယ်တာတွေ၊ ဆွေမျိုးနဲ့ အပေါင်းအသင်းတွေဆီ သွားလည်တာမျိုးလည်း ပိုလုပ်လေ့ရှိကြပါတယ်။

ဒေလီ လေထုညစ်ညမ်းမှုက ဘယ်လိုဖြစ်လာနိုင်သေးသလဲ
ဒေလီမြို့ ကို ယေဘုယျ လေထု ညစ်ညမ်းနေစေတဲ့ အကြောင်းတွေထဲမှာ ဒီပါဝလီကာလ မီးပန်းတွေနဲ့ နီးစပ်ရာ ပြည်နယ်တွေက ယာခင်းမီးရှို့မှုတွေသာမက စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်နေတဲ့ အခိုးအငွေ့တွေ၊ ယာဉ်အသွားအလာက ထွက်နေတဲ့ အခိုးအငွေ့တွေနဲ့ ဒါတွေကို လေထဲမှာ ကြာကြာ ပိုရှိစေတဲ့ ရာသီဥတု အခြေအနေတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလက အစိုးရရဲ့ တရားဝင် အချက်အလက်တွေ အရဆိုရင် အဲဒီနှစ်က ဒီပါဝလီပွဲတော် အပြီး တပတ်အကြာမှာ ယာခင်းမီးရှို့မှုကြောင့်ဖြစ်တဲ့ ဒေလီမှာ PM2.5 အမှုန်များမှုက ၄၈ ရာခိုင်နှုန်းရှိပေမယ့် နောက်ထပ် တပတ်အကြာမှာ ၁၀ ရာခိုင်နှုန်းသာ ရှိတော့တာကို တွေ့ ရပါတယ်။
အဲဒီ ၂၀၂၁ ခုနှစ်အတွင်းက နိုဝင်ဘာ ပထမ နှစ်ပတ်အတွင်းမှာ ဟာရာနာနဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း စံချိန်တင်တဲ့ ယာခင်း မီးရှို့မှု ၅၇၀ဝ၀ အထိ ရှိခဲ့တာကိုလည်း တွေ့ ရပါတယ်။
လက်ရှိ ၂၀၂၁ အောက်တိုဘာလအတွင်းမှာ ဒေလီအနီးအနား ပြည်နယ်တွေက ယာခင်းမီးရှို့မှု နည်းသေးတာနဲ့ အတူ ဒေလီမှာ PM2.5 အမှုန် များပြားမှုအတွက် ဒီမီးရှို့မှုတွေက ၅ ရာခိုင်နှုန်းသာ သက်ဆိုင်သေးတယ် ဆိုပေမယ့် မကြာခင် ပိုများနိုင်ခြေလည်း ရှိနေပါတယ်။
အိန္ဒိယရဲ့ တရားဝင် လေထုအရည်အသွေး ကြိုတင်သတိပေးစနစ် အရရော အမေရိကန် အာကာသ အေဂျင်စီရဲ့ မီးသတိပေးစနစ်အရပါ ဒီပါဝလီ ပွဲတော်နီးလာတဲ့ကာလမှာပန်ဂျပ်နဲ့ ဟာရာနာပြည်နယ်တွေအတွင်း ယာခင်းမီးရှို့ မှုတွေ သိသိသာသာ များလာနေတာကို တွေ့ရပြီး နောက်လာမယ့် ရက်သတ္တပတ်တွေမှာ ပိုများလာနိုင်ခြေ ရှိတဲ့အတွက် ဒေလီမြို့ လေထုညစ်ညမ်းမှုက စိတ်မချရသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။








