ဒေလီ မီးခိုးမြူ - လေထုညစ်ညမ်းတာဆိုးလာနေလို့ ကျောင်းတွေ ကောလိပ်တွေ ပိတ်ထားရ

ဓာတ်ပုံ ရင်းမြစ်, Gettty Images
အိန္ဒိယမြို့တော် ဒေလီမှာ လေထုညစ်ညမ်းမှုအခြေအနေက ပိုပိုဆိုးလာနေတဲ့အတွက် ကျောင်းတွေ၊ ကောလိပ်တွေ ရက်အကန့်အသတ်မရှိပိတ်ထားဖို့ မြို့တော်အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့အထိ လမ်းပန်းဆက်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေက လွဲလို့ ကျန်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကိုလည်း ပိတ်လိုက်ပါတယ်။
မြို့တော်မှာရှိတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ ၁၁ ရုံထဲက ၅ ရုံကို ပဲ လည်ပတ်ခွင့်ပြုထားပါတယ်။
ဒီပါဝလီပွဲတော်ကာလအချိန်ကတည်းက ဒေလီဟာ အဆိပ်အတောက်ပါတဲ့ မီးခိုးမြူတွေရဲ့ အောက်မှာ မွန်းကျပ်နေတာပါ။
လူရဲ့ အဆုတ်ထဲက လေပြွန်ငယ်လေးတွေပိတ်ဆို့သွားအောင်အထိ ဘေးများလှတဲ့ အမှုန်လေး တွေက လေထဲမှာ အရမ်းကိုများနေတယ်၊ ဘာသာရပ်အခေါ်တော့ လေထုထဲမှာ PM2.5 ပါဝင်နေမှု အဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘေးကင်းဇုန်ရဲ့ အထက် အတော်မြင့်တဲ့ နေရာမှာ ရောက်နေပါတယ်။
မြို့တော်ရဲ့နေရာတော်တော်များများမှာ အဆင့် ၄၀၀ အထိရှိနေတာကို အင်္ဂါနေ့ကတွေ့ရပြီး၊ ဒါဟာ "ပြင်းထန်ပြီးဘေးဖြစ်စေတဲ့အဆင့်" လို့သတ်မှတ်ထားကြပါတယ်။
သုည ကနေ ၅၀ အထိက "ကောင်းမွန်"တယ်၊ ၅၁ ကနေ ၁၀၀ အထိက "ကျေနပ်ဖွယ်ရှိ"တယ် စသဖြင့် လေထုအရည်အသွေးဆိုင်ရာ ညွှန်းကိန်း (AQI )က ဆိုပါတယ်။
လေထုအခြေအနေ ဆိုးတဲ့အတွက် တချို့ကျောင်းတွေက အရင်သီတင်းပတ်ကတည်းက ပိတ်ထားတာပါ။ ဒေလီပြည်နယ်အစိုးရက မြို့တော်မှာ မီးခိုးမြူတွေ ထူထူထဲထဲ အုပ်ဆိုင်းနေတဲ့ အတွက် လေထုအရည်အသွေးကောင်းလာဖို့ရည်ရွယ်ပြီး မြို့ကိုလော့ခ်ဒေါင်း ပိတ်ချဖို့ စဉ်းစား နေတယ်လို့လည်း ဆိုပါတယ်။
ဒေလီဟာ မော်တော်ယာဉ်တွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေက ကာဗွန်ထုတ်လွှတ်မှုတွေ၊ ဖုန်မှုန့်တွေ၊ ရာသီဥတုချိန်ခါအနေအထားတွေနဲ့အတူ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့ဖြစ်နေတာပါ။ ဘေးပတ်ဝန်းကျင်ပြည်နယ်တွေက လယ်သမားတွေ ကောက်ရိုးပြတ်မီးရှို့ကြတဲ့အချိန် ဆောင်းရာသီကာလကျရင် ဒေလီမြို့လေထုထဲ အဆိပ်ငွေ့တွေ ပိုတိုးလာလေ့ရှိပါတယ်။ အဲဒီလိုကာလတချိန်တည်းမှာပဲ ဒီပါဝလီပွဲတော်ကာလဆိုတော့ ပွဲတော်မှာ ပစ်ဖောက်ကြတဲ့ မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေကလည်း လေထုကို ပိုဆိုးစေပါတယ်။ ဒီအထဲ ဒီရာသီက လေငြိမ်တဲ့ရာသီဖြစ်လေတော့ ညစ်ညမ်းတဲ့ အငွေ့တွေ၊ အမှုန်တွေက ကမ္ဘာ့မြေပြင်နဲ့ ကပ်ကပ် လေးရှိနေတဲ့ လေထု အောက်လွှာထဲမှာပဲ ခိုအောင်းနေပါတယ်။

ဒေလီ လေထုညစ်ညမ်းတဲ့အရေးနဲ့ ပတ်သက်ပြီး ဒေလီက ဘီဘီစီ သတင်းထောက် ဂီတ ပန်ဒီက အခုလိုသုံးသပ်ရေးပါတယ်။
ဒေလီမှာနေသူတွေအဖို့ နှစ်တိုင်းနှစ်တိုင်း ဆောင်းတွင်းနီးလာပြီဆိုရင် အရင်ကြုံခဲ့ရဖူးတာမျိုး ထပ်ကြုံရဦးတော့မယ် ဆိုတာကို သွားတွေးမိပါတယ်။ မနက်ခင်း ကောင်းကင်က စိုးရိမ်စရာကောင်းတဲ့ မီးခိုးရောင်မှုန်မှိုင်းမှိုင်းပါ၊ လူတွေမှာ နှာစေးလို့ နှာခေါင်းတွေပိတ်၊ မျက်လုံး တွေက ယား၊ ဆေးရုံတွေမှာလည်း အသက်ရှူရခက်လို့၊ အသက်ရှူကျပ်လို့ ဆိုပြီး ရောက်လာတဲ့လူတွေနဲ့ ပြည့်နေပါတယ်။ တတ်နိုင်တဲ့သူတွေကတော့ အဖိုးကြီးကြီးပေးရတဲ့ လေသန့်စင်စက်တွေ ပြေးဝယ်ကြပါတယ်။ ဒေလီမှာ လေလေးတချက်ရှူသွင်းလိုက်တာက အန္တရာယ်ပေး နိုင်ပါတယ်။
"ကမ္ဘာမှာလေထုအညစ်ညမ်းဆုံးမြို့တော်တွေထဲ" ဒေလီက ထိပ်မှာနေရာယူထားတာနဲ့အတူ မြို့သူမြို့သားတွေကလည်း လေထုအရည်အသွေးညွှန်ပြတဲ့ အပ်ပ်ကို ဖုန်းမှာ ခဏခဏ ပွတ် ကြည့်ကြပါတယ်။ ကင်ဆာရောဂါတွေ၊ နှလုံးရောဂါတွေ ဖြစ်စေတာအပါအဝင် အဆုတ်ကို ထိခိုက်တဲ့ အမှုန်လေးတွေ လေထဲပါဝင်နေတဲ့ အဆင့်က ဘယ်လောက်လဲဆိုတာ သိကြရဖို့ PM2.5 အဆင့်ကို လူတွေက ကြည့်ကြပါတယ်။ PM10 အမှုန်က နည်းနည်းပိုကြီးတယ်၊ အဲဒါကလည်း ထိခိုက်မှု များတော့ အဲဒါကိုလည်း လူတွေကြည့်ကြတယ်။
PM2.5 က ၅၀ အောက်ဆိုရင် ကောင်းတယ်၊ ၁၀၀ အောက်ဆိုရင် မဆိုးသေးဘူးလို့ ဆိုကြတဲ့နေရာမှာ အခု ဒေလီကတချို့ အရပ်တွေမှာ ၃၆၃ ကို ပြနေပါပြီ၊ နိုအီးဒါ အရပ်ဆိုရင် ၅၀၀ ဖြစ်နေပါပြီ။
နှစ်တိုင်းပါပဲ၊ လေထုက မှုန်မှိုင်းလာပြီဆိုရင် အဆင့်အမြင့်ဆုံး တရားရုံးချုပ်ကနေ ပြည်နယ် အစိုးရနဲ့ ဖက်ဒရယ်အစိုးရတို့ကို ရုံးတော်ကို ဆင့်ခေါ်ပြီး လေသန့်စင်သွားအောင် ဘာလုပ်ကြဖို့ရှိလဲလို့ မေးပါတယ်။ တရားရုံးချုပ်ကနေ ဒီနှစ်မှာ တခုခုလုပ်ဖို့ တွန်းတဲ့အခါမှာတော့ အာဏာပိုင်တွေက သူတို့ဆောင်ရွက်ချက်တွေကို အင်္ဂါနေ့ကနေ စတင်ပါတော့တယ်။
ဒါပေမယ့် လုပ်ဆောင်တဲ့ဟာတွေက သေနတ်ဒဏ်ရာကို ပတ်တီးနဲ့ စည်းပေးသလိုပုံမျိုးနဲ့ တူပါတယ်၊ အခုလို လုပ်ဆောင်တာမျိုး အရင်တုန်းကလည်း လုပ်ခဲ့ဖူးကြပါတယ်၊ ဒါပေမယ့် မြို့တော်ရဲ့ ရေရှည်လေထုအရည်အသွေးကတော့ သိပ်အပြောင်းအလဲ မရှိပါဘူး။ ကျွမ်းကျင်သူ တွေက လေထု သန့်စင်ဖို့ ပြတ်ပြတ်သားသားနဲ့ အားကောင်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့လိုတယ်၊ အဲဒါမျိုးတွေကို နိုင်ငံခေါင်းဆောင်တွေက သူတို့ ဦးစားပေး လုပ်မယ့် စာရင်းထဲမှာ မထည့်ကြပါဘူးလို့ ဆိုကြပါတယ်။ နောက်နှစ် ဆောင်းဦးစရင် ဒါမျိုးထပ်ကြုံဦး မှာပဲလို့ သူတို့က သတိပေးပါတယ်။

ဒီနှစ်မှာ လေထုညစ်ညမ်းတာက သိပ်ကိုဆိုးဝါးတော့ အိန္ဒိယရဲ့ အဆင့်အမြင့်ဆုံး တရားရုံးချုပ်က ဒီပြဿနာကို ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို "ချက်ချင်း အရေးပေါ် " ချမှတ်ပါလို့ ပြည်နယ်အစိုးရနဲ့ ဖက်ဒရယ်အစိုးရတို့ကို အမိန့်ချခဲ့ပါတယ်။
တရားရုံးဆုံးဖြတ်ချက်ရပြီးတဲ့အခါ ဒေလီပြည်နယ်ရဲ့ လေထု အရည်အသွေး စီမံခန့်ခွဲရေး ကော်မရှင်က အစည်းအဝေးထိုင်ပြီး အရေးပေါ်လုပ်ဆောင်ချက်တွေကို ကြေညာခဲ့ပါတယ်။
သူတို့ကြေညာတဲ့အထဲမှာ ဒေလီနဲ့ ဘေးပတ်ဝန်းကျင်ပြည်နယ်တွေဖြစ်တဲ့ ဥတ္တာ ပရာဒေ့ရှ်၊ ပန်ဂျတ်၊ ဟာယားနား၊ ရာဂျက်စတန် ပြည်နယ်တွေ ထဲကို နိုဝင်ဘာ ၂၁ ရက်နေ့အထိ မရှိမဖြစ် လူသုံးကုန် ပစ္စည်းတွေ သယ်တဲ့ကားက လွဲလို့ ကျန်တဲ့ ထရပ်ကားတွေ အဝင် မရှိစေရဆိုပြီး တားမြစ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလုပ်ဆောင်မှုတွေ၊ တားမြစ်ထားတဲ့ ကာလအတွင်း ဒေလီနဲ့ ဘေးပတ်ဝန်းကျင်က ပြည်နယ်တွေက ပုဂ္ဂလိကပိုင် ရုံးတွေကိုလည်း သူတို့ရဲ့ ဝန်ထမ်းအရေအတွက် တဝက်ကို အိမ်ကနေပဲ အလုပ်လုပ်စေဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
အိန္ဒိယရဲ့ လေထုညစ်ညမ်းမှု ပြဿနာက ဒေလီမှာပဲ ဖြစ်နေတာမဟုတ်ပါဘူး။
အမေရိကန် သုတေသီအဖွဲ့တခုဖြစ်တဲ့ Energy Policy Institute at the University of Chicago (EPIC)က ထုတ်ပြန်တဲ့ အစီရင်ခံစာ တခုထဲမှာ အိန္ဒိယမြို့တွေဟာ လေထု ညစ်ညမ်းတဲ့ ကမ္ဘာကမြို့တွေထဲ ထိပ်ဆုံးနေရာတွေမှာ ရှိနေကြပြီး လေထု အရည် အသွေး ဆိုးဝါးတာကြောင့် အိန္ဒိယမှာ နှစ်စဉ် လူ ၁ သန်းကျော် အသက်ဆုံးနေရတယ် လို့ ရေးထားပါတယ်။










