နောင်တက်လာမယ့် ပုပ်ရဟန်းမင်းကြီး အာဖရိကကနေ ထွက်ပေါ်လာနိုင်လား

၂၀၂၃ ခုနှစ်အတွင်းက သွားခဲ့တဲ့ တောင်ဆူဒန်နဲ့ ကွန်ဂို ခရီးစဥ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံဖို့ လူထောင်ပေါင်းများစွာ ရောက်ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်အတွင်းက သွားခဲ့တဲ့ တောင်ဆူဒန်နဲ့ ကွန်ဂို ခရီးစဥ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံဖို့ လူထောင်ပေါင်းများစွာ ရောက်ရှိခဲ့
    • ရေးသားသူ, လီဘို ဒီဆဲကို
    • ရာထူးတာဝန်, ကမ္ဘာ့ဘာသာဆိုင်ရာသတင်းထောက်

ကက်သလစ်အသင်းတော်ဝင်တွေ တိုးပွားလာတဲ့အရပ်ဟာ နောင်တက်မယ့်ပုပ်ရဟန်းမင်းကြီး ပေါ်လာမယ့်နေရာလို့ဆိုရင်တော့ အဲဒီရဟန်းမင်းကြီးဟာ အာဖရိကတိုက်ကပဲ ဖြစ်လာဖို့ သေချာသလောက်ဖြစ်ပါတယ်။

အာဖရိကဟာ ကမ္ဘာပေါ်မှာ ကက်သလစ်ဘာသာဝင် အမြန်ဆုံးတိုးပွားနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီနှုန်းဟာ ကမ္ဘာပေါ်က ကက်သလစ်ဘာသာဝင်စုစုပေါင်းရဲ့ တစ်ဝက် လောက်ကို ရှိပါတယ်။ ဗာတီကန်ရဲ့ ၂၀၂၂ ခုနှစ်စာရင်းတွေအရဆိုရင် ကမ္ဘာ့ ကက်သလစ်ဘာသာဝင်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ အာဖရိကမှာနေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဘာသာဝင်စုစုပေါင်းရဲ့ ၀.၃၂ ရာခိုင်နှုန်းအထိ အာဖရိကမှာ တိုးပွားလာခဲ့သလို အဲဒီဦးရေဟာ ဒေသအားလုံးရဲ့ အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ဆိုရင်တော့ အဲဒီလို ကာလတူ နှစ်အတွင်း ဥရောပမှာတော့ ဘာသာဝင်ဦးရေဟာ ၀.၀၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၁၉၁၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိဆိုရင်တော့ ဘာသာဝင်ဦးရေဟာ ၆၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာကို အမေရိကန်အခြေစိုက် Pew စင်တာရဲ့ အချက်အလက်အရသိရပါတယ်။ တစ်ချိန်က ခရစ်ယာန်ဘာသာရဲ့ နှလုံးသည်းပွတ်မြေဖြစ်ခဲ့တဲ့ဥရောပဟာ လက်ရှိကမ္ဘာမှာ လောကီရေးရာကို ပိုဖက်တွယ်တဲ့နေရာတွေထဲက တစ်ခုဖြစ်လာပါတယ်။

လက်တင်အမေရိကန်မှာ ကက်သလစ်အသင်းတော် လွှမ်းမိုးမှုရှိပေမဲ့ တဖက်မှာလည်း ဧဝံဂေလိအသင်းတော်က အဲဒီက နိုင်ငံအများအပြားမှာ တဖြည်းဖြည်းအားကောင်းလာပါတယ်။ လက်တင်နိုဘာရိုမီထရို ရဲ့ ၂၀၂၂ ခုနှစ်လေ့လာမှုအရဆိုရင် ဥရောပက နိုင်ငံပေါင်း ၁၈ နိုင်ငံအတွင်းမှာ ၂၀၁၀ ခုနှစ်မှာ ကက်သလစ်ဘာသာဝင်လို့ ခံယူသူ ၇၀ ရာခိုင်ကျဆင်းခဲ့သလို ၂၀၂၀ မှာတော့ ၅၇ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့ကက်သလစ်ဘာသာဝင်ဦးရေအမြန်ဆုံးတိုးပွားနေတဲ့ အာဖရိက

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ကက်သလစ်ဘာသာဝင် အရေအတွက် အမြန်ဆုံးတိုးပွားနေတဲ့ အာဖရိက

ဒါကြောင့် အသစ်တက်လာမယ့်ပုပ်ရဟန်းမင်းကြီးနေရာအတွက် ရဟန်းမင်းကြီးရွေးချယ်ရေးဆိုင်ရာ ရဟန်းအမတ်တွေက ပုပ်ရဟန်းမင်းလောင်းကို မဲပေးရွေးချယ်ကြတဲ့အခါမှာ နေရာဒေသကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါသလား။

ကက်သလစ်ဘုန်းတော်ကြီးလည်းဖြစ် ဒီပေါတက္ကသိုလ်ရဲ တွဲဘက်ပါမောက္ခလည်း ဖြစ်တဲ့ နိုင်ဂျီးရီးယား ကက်သလစ် ဖာသာ စတန်ချူအီလိုကတော့ ထည့်သွင်းစဥ်းစားသင့်တယ်လို့ ထင်ပါတယ်။

"အာဖရိကန်ကနေ ပုပ်ရဟန်းမင်းကြီးတက်လာမှာ အလွန်ဝမ်းမြောက်စရာဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။ အသင်းတော်ရဲ့ ဦးဆောင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ဝတ်ပြုဆုတောင်းကြသူတွေကို အကောင်းဆုံး ထင်ဟပ်တာမျိုး ဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆာဟာရကန္တရရဲ့ တောင်ဘက်ပိုင်း အာဖရိကနိုင်ငံတွေက ရဟန်းအမတ် အရေအတွက်ကို တိုးခန့်ခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ခံခဲ့ချိန် ၂၀၁၃ တုန်းကဆိုရင် ၉ ရာခိုင်နှုန်း မဲပေးနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ရဟန်းအမတ်တွေ တိုးခန့်လို့ မဲပေးနိုင်တဲ့အရေအတွက်ဟာ ၂၀၂၂ ခုနှစ်မှာ ၁၂ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ပါတယ်။

ဒီလိုမဲရာခိုင်နှုန်း တိုးလာပေမဲ့ အာဖရိကတိုက်က ရဟန်းမင်းကြီးလောင်းကိုပဲ မဲပေးမယ်လို့ဆိုလိုရာ မရောက်တဲ့အကြောင်း ဖာသာချူအီလိုကပြောပါတယ်။

အရည်အချင်းပြည့်ဝသူ တစ်ယောက်ယောက်ကို ရဟန်းမင်းတွေက ရွေးချယ်မှာပါ။ "အရင်ကတည်းက လွှမ်းမိုးမှု ရှိနှင့်ပြီးသားသူ တစ်ယောက်ယောက်ပေါ့" လို့ သူက ပြောပါတယ်။

"ဒါပေမဲ့ စိန်ခေါ် ချက်နဲ့ ပြဿနာဖြစ်စေတာက ဒီနေ့ ဗာတီကန် နန်းတော်မှာ အရေးပါတဲ့ရာထူး တစ်ခုခုယူထားတဲ့ အာဖရိကက အကြီးတန်းဘုန်းတော်ကြီး တစ်ပါးတစ်လေမှ ရှိမနေတာပါပဲ''

"လက်ရှိ ကက်သလစ်ရပ်ဝန်းမှာ အရေးပါတဲ့ပုပ်ရဟန်း မင်းကြီးဖြစ်နိုင်စွမ်းရှိတဲ့ အာဖရိကန် ရဟန်းအမတ် တစ်ယောက်ယောက်ကို ပြပါဆိုရင် တစ်ယောက်မှကို ရှိမနေတာ"

ရဟန်းမင်း ပီတာ တက်ခ်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရွေးချယ်ခံခဲ့ရချိန် ၂၀၁၃ ခုနှစ်တုန်းက ဂါနာနိုင်ငံသား ရဟန်းအမတ် ပီတာ တက်ခ်ဆင်လည်း အလားတူ ဝင်ရောက်အရွေးခံခဲ့ပါတယ်

လက်ရှိမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရဟန်းမင်းကြီးရာထူးအတွက် ဝင်ရောက်အရွေးခံတဲ့ ၂၀၁၃ ခုနှစ်တုန်းကဆိုရင် အဲဒီနေရာအတွက် ခိုင်မာတဲ့ပြိုင်ဘက်ဟာ ဂါနာ ရဟန်းအမတ် ပီတာ တက်ခ်ဆင်ဖြစ်ပါတယ်။

ပြီးတော့ ၂၀၀၅ ခုနှစ်မှာ ရဟန်းအမတ်တွေက ၁၆ ဦးမြောက် ဘန်နဒစ် နာမည်နဲ့ ရဟန်းမင်းကြီး ဘန်နဒစ် ၁၆ ကို ရွေးချယ်တဲ့အခါတုန်းကလည်း နိုက်ဂျီးရီးယား ရဟန်းအမတ် ဖရန်စစ် အာရင်ဇဲဟာ အလားအလာကောင်းတဲ့တဲ့ ရဟန်းမင်းကြီးလောင်းလျာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ကာလမှာတော့ အဲဒီအခင်းအကျင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဖာသာချူအီလိုက ပြောပါတယ်။

"ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရိကနဲ့ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်းရှိခဲ့ပေမဲ့ ကက်သလစ် အသင်းတော်နဲ့ အာဖရိက တစ်တိုက်လုံးအတွက် ဒီနေ့ ဒီအခြေအနေ ရောက်လာတာကို ကျွန်တော်တို့ အံ့သြနေရတုန်းပါပဲ'' လို့လည်း သူက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဘာသာဝင်များတဲ့အရပ်ကနေ ထွက်ပေါ်သင့်လား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဖရိကကနေ ပုပ်ရဟန်းမင်းကြီးဖြစ်ဖူးသူ ၃ ဦးရှိခဲ့ပါတယ်။ နောက်ဆုံးအာဖရိကန် ပုပ်ရဟန်းမင်းကြီးကတော့ ဂယ်လာစီးရပ် ၁ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော် တုန်းကပါ။ အဲဒီအချိန်တုန်းကလည်းလည်း အခြားသူတွေအတွက် များစွာသောဝေဖန်မှု တွေရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း နောင်ဖြစ်လာမယ့်ပုပ်ရဟန်းမင်းကြီးဟာ ဘယ်ကနေမှ ဖြစ်လာသင့်တယ်ဆိုတာကို အရမ်းအလေးပေးလွန်းနေကြတယ်လို့ ဆိုပြီး အာဖရိကန် ကက်သလစ်အချို့က ထင်ပါတယ်။ အဲဒီထဲမှာ နိုင်ဂျီးရီးယား ဘုန်းတော်ကြီးလည်းဖြစ်၊ နော့ထရာ ဒမ်းတက္ကသိုလ်ရဲ့ ပါမောက္ခလည်းဖြစ်တဲ့ ဖာသာ ပေါလင်းနပ်စ် အီကီချူခူ အိုဒဇိုလည်း ပါဝင်ပါတယ်။

"ကျွန်တော်ဆိုရင် သူက အာဖရိကကဖြစ်လို့၊ သူကတော့ ဥရောပကလာလို့ ဒီလိုတွေးပြီး အကိုက်ညီဆုံး ပုပ်ရဟန်းမင်းလောင်းရယ်လို့ တွေးခဲ့တာမျိုးမရှိပါဘူး" လို့ သူက ပြောပါတယ်။

"ဘယ်နေရာကနေလာလာ အရေးမကြီးပါဘူး။ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရပြီဆိုတာနဲ့ လူတိုင်းပြဿနာက ကိုယ်ဖြေရှင်းပေးရမယ့် ပြဿနာဖြစ်သွားပြီ။ ဘယ်နေရာကပဲ လာလာ၊ ဘာသာဝင် ဘယ်လောက်ပဲများများ၊ ဘယ်လိုအဆက်အနွှယ်တွေပဲ ရှိရှိ ကိုယ်ဟာ တစ်စိတ်တည်းထားပြီး သာသနာ့ဝန်ကို ထမ်းရမှာပါပဲ''

ဒီနေရာမှာ အရေးအကြီးဆုံးအချက်ဆိုပြီး သူထောက်ပြတာကတော့ ပုပ်ရဟန်းမင်းကြီးဟာ ''အသင်းတော်မှာ ဘာသာရေးအကျွမ်းကျင်ဆုံး၊ ဘာသာရေးအတွက် အစူးစမ်းဆုံး ဥသျှောင်ပဲ ဖြစ်ရမယ်'' လို့ ဆိုပါတယ်။

"ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်အစဥ်အလာကို နောကြေသူဖြစ်ပြီး လူထုကို တည့်မတ်ထိန်းကျောင်းသွန်သင်ပေးနိုင်သူလည်းဖြစ်ဖို့လိုတယ်'' လို့ သူက မြင်ပါတယ်။

ပုပ်ရဟန်းမင်းကြီးကို သြဘာပေးနေကြတဲ့ ကွန်ဂိုက ကက်သလစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်ဂိုနိုင်ငံကို ၂၀၂၃ ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သွားရောက်ခဲ့တုန်းမှာ စုဝေးပွဲကို လူဦးရေ ၁ သန်း နီးပါးတက်ရောက်ခဲ့ပါတယ်

အိုဒဇိုကတော့ ''ဘာသာဝင်များလို့ မဲများပြီး အာဖရိကကနေ ရဟန်းမင်းကြီးတစ်ပါး တက်လာသင့်တယ်လို့ အပြောခံရင် ခံရအခက်ဆုံးပဲလို့ ဆိုပါတယ်။

"အခုပြောနေကြတာက ဟုတ်ပြီ၊ အာဖရိကမှာ ကက်သလစ် ဘာသာဝင်များလာနေတယ်။ ဒီတော့ ပုပ်နေရာကို ကို အဲဒီကနေ ရွေးလိုက်ရင် ဆိုတာမျိုးပေါ့''

သူကတော့ ဗာတီကန် နန်းတော်မှာ သြဇာရှိသူတွေအနေနဲ့ အာဖရိကမှာဖြစ်နေတဲ့ သက်ဝင်ယုံကြည်မှုနဲ့ဆက်နွှယ်တဲ့အရေးကိစ္စတွေကို အလေးထားပြီး အာရုံစိုက်ဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။

''အာဖရိကတိုက်သားတွေနဲ့ သူတို့ရဲ့ သက်ဝင်ယုံကြည်မှုတွေဟာ တခြားကက်သလစ်ဘာသာဝင်တွေထက်စာရင် တစ်ထစ်လျှော့ ခံထားရတဲ့ အမေ့လျှော့ခံလိုပဲ'' တစ်ခါတလေ ခံစားရတဲ့အကြောင်းလည်း သူက ရှင်းပြပါတယ်။

''အာဖရိက တိုက်သားတွေကြုံနေရတဲ့ပြဿနာတွေဟာ အရေးစိုက်ခံရသင့်သလောက် အာရုံစိုက် မခံရဘူးလို့ ခံစားလာကြမယ်ဆိုရင် လူတွေ ပါးစပ်ဖျားမှာ မေးခွန်းတွေထွက်လာလိမ့်မယ်။ ငါတို့ ဆီက နွယ်ဖွားတစ်ယောက် အဲဒီရောက်မှ ငါတို့အရေးကို အလေးထားမှာလားပေါ့''

အသင်းတော်ထဲ လူမျိုးရေးခွဲခြားမှု ရှိနေလား

အာဖရိကတိုက်က ရဟန်းအမတ်အရေအတွက်တိုးလာပေမဲ့လည်း ကက်သလစ်အသင်းတော်ထဲမှာတော့ တကယ့်သြဇာမရှိကြဘူးလို့ ဖာသာ ချူအီလိုပဲ သူလည်း ခံစားရပါတယ်။

"ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ခန့်အပ်ထားတဲ့ ရဟန်းတွေရဲ့ အရည်အချင်းကို သိက္ခာချတာ မဟုတ်ပါဘူး" လို့ သူက ရှင်းပြပါတယ်။

"ဒါပေမဲ့ ခန့်ပြီးပြီဆိုရင် ဒီလူတွေကို သြဇာတိက္ကမ ပေးလိုက်ပြီလား။ ကိုယ်ခန့်တဲ့သူကို လုပ်ပိုင်ခွင့်ပေးရမယ်။ သူတို့လုပ်တဲ့အလုပ်အပေါ် ယုံကြည်ပြီး သူတို့အလုပ်ကို လုပ်နိုင်အောင် လုပ်ပိုင်ခွင့်ပေးရမယ်'' လို့ သူက မေးခွန်းလည်း ထုတ်၊ ပြောလည်း ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အားထုတ်ခဲ့တဲ့ကြိုးပမ်းမှုတွေကို ကတိမ်းကပါးဖြစ်စေတဲ့ပြဿနာဟာ အသင်းတော် ဦးဆောင်မှုအပိုင်းမှာ အလွှာအသီးသီးကို ကိုယ်စားပြုပြီး ပါဝင်နိုင်မှုဆိုတဲ့အချက်လို့ ဖာသာ နှစ်ဦးစလုံးက ပြောပါတယ်။

"အသင်းတော်ထဲမှာ ကျွန်တော် မထိ မတို့ မပြော ကြသေးတဲ့ကိစ္စဆိုရင် လူမျိုးရေး ခွဲခြားမှုရှိနေလားဆိုတဲ့ ကိစ္စပဲ'' လို့ ဖာသာ အိုဒဇိုက ပြောပါတယ်။

"ပုပ်ရဟန်းမင်းကြီးဟာ ဘယ်ကနေပဲ ပေါ်ပေါက်လာလာ ဒီအခြေအနေက ဖြစ်လာမယ့်သူကို တစ်နည်းတစ်ဖုံနဲ့ ထိခိုက်စေမှာပါပဲ။ ပုပ်ရဟန်းမင်းကြီးက အာဖရိကကနေ လာတာဆိုရင် အာဖရိကက ပုပ်လို့ပဲ ရှင်းရှင်းမြင်ကြမှာပဲလေ''

၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ သူ့ရဲ့နေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်မယ့် ရဟန်းအမတ်အရေအတွက် ၃ ပုံ ၂ ပုံအထိ ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်း အသစ်ကို ဘယ်သူ့ကိုပဲ ရွေးချယ်ပါစေ ဆင်းရဲသူနဲ့ အမေ့ပျောက်ခံတွေအရေးကို အလေးထားတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့လမ်းစဥ်ကို လိုက်မယ့်သူဖြစ်လာနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

ဒါကပဲ ကက်သလစ်အသင်းတော်ကို "နားထောင်ခြင်း အသင်းတော်"ဖြစ်လာဖို့ အာရုံစိုက်လာစေပြီး ''ချို့တဲ့သူကို အလေးထားတဲ့အသင်းတော်''ဖြစ်လာစေဖို့၊ ထောင်လွှားမှု မရှိတဲ့အသင်းတော် စတဲ့ဂုဏ်တွေနဲ့ ပြည့်လာစေဖို့ ချဥ်းကပ်မှုလို့ ဖာသာ ဖာသာ ချူအီလိုက ရည်ညွှန်းပါတယ်။

ကင်ညာက ဘာသာရေးအခမ်းအနားမှ ဝတ်ပြုဆုတောင်းသူ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသင်းတော်ဦးဆောင်အပိုင်းမှာ အဖွဲ့ဝင်တွေကို ပိုပြီးကိုယ်စားပြုနိုင်တဲ့ ဖြစ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကြိုးပမ်းခဲ့ပါတယ်

အံ့အားသင့်စေတဲ့အရာ

ဒါပေမယ့်လည်း နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဘယ်သူရွေးချယ်ခံရလိမ့်မလဲဆိုတာက ခန့်မှန်းဖို့ခက်ခဲတဲ့အရာဖြစ်ပါတယ်။

"အသင်းတော်ကို ဦးဆောင်မယ့်သူကို သန့်ရှင်းသောဝိဉာဥ်တော် ဘုရားက စောင်မ ကူညီ ရွေးချယ်ပေးမယ်လို့ ကက်သလစ်တွေက ယုံကြည်ကြပါတယ်" လို့ သူကပြောပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်တုန်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရွေးခဲ့တုန်းကလို ပုပ်ရဟန်းမင်းရွေးရာမှာ အံ့သြစရာကောင်းတဲ့အဖြေထွက်လာနိုင်တာမျိုးလို့ ဆိုလိုရာရောက်ပါတယ်။ " သူက ဘယ်သူကမှ မခန့်မှန်းထားခဲ့တဲ့လူမျိုးပေါ့" လို့ ဖာသာ ချူအီလိုက ပြောပါတယ်။

နောင်တက်လာမယ့် ပုပ်ဟာ သူ့အရင် ရဟန်းမင်းကြီး လျှောက်ခဲ့တဲ့လမ်းကို ဆက်လျှောက်တာနဲ့ အာဖရိကနေ ပုပ်ရဟန်းမင်းကြီးတစ်ပါး တက်လာတာ ဘယ်တစ်ခုက ပိုအရေးကြီး သူ့ကို မေးကြည့်ခဲ့ပါတယ်။

''ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးပီပီလိုပဲ ကျွန်တော် ဖြေရမယ်ထင်ပါတယ် " လို့ သူက ရယ်သွေးပြီးတော့ ပြောပါတယ်။

"ဖရန်စစ်ရဲ့ အမြော်အမြင်ရှိမှုအတိုင်း ဆက်ပြီး ဖော်ဆောင်မယ့် ပုပ်ရဟန်းမင်းကြီးတစ်ပါးကို ဘုရားက ပေးပါလိမ့်မယ်လို့ ကျွန်တော်ဆုတောင်းပါတယ်။ အဲဒီရဟန်းမင်းကြီးဟာလည်း အာဖရိကက ထွက်ပေါ်လာပါစေလို့ပဲပေါ့"