ပုပ်ဖရန်စစ် - ကက်သလစ်ကျောင်းတော်ကို ပြောင်းလဲခဲ့တဲ့ လက်တင်အမေရိကက ပုပ်ရဟန်းမင်းကြီး

ဓာတ်ပုံ ရင်းမြစ်, EPA
ဖရန်စစ်ရဲ့ ပုပ်ရဟန်းမင်းကြီးဘဝဟာ ကိစ္စရပ်အတော်များများမှာ ပထမဆုံးဆိုတာတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ကက်သလစ်ကျောင်းတော်ကို ပြုပြင်ပြောင်းလဲမှု လုပ်တာတွေကိုလည်း ဘယ်တုန်းကမှ အဆုံးမသတ်ခဲ့ပါဘူး။ သူဟာ အစဥ်အလာသမားတွေကြားမှာ ကောင်းသတင်းနဲ့ ကျော်စောခဲ့သူပါ။
သူဟာ အမေရိကတိုက်တွေက ဒါမှမဟုတ် ကမ္ဘာ့တောင်ပိုင်းရပ်ဝန်းကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာသူပါ။ ၇၄၁ ခုနှစ်မှာ ဆီးရီးယားနွယ်ဖွား ပုပ်ရဟန်းမင်းကြီး တတိယမြောက် ဂရက်ဂရီ ကွယ်လွန်ပြီး ကတည်းကဆိုရင် ဥရောပပြင်ပကနေ ခရစ်ယာန် ဂိုဏ်းအုပ် ဘုန်းတော်ကြီးတစ်ပါးတလေမှ ရဟန်းမင်းကြီးဖြစ်လာတာ မရှိသေးပါဘူး။
သူဟာ စိန့်ပီတာမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး ဂျက်ဇွစ် (ယေဇူးအသင်းဝင်)လည်းဖြစ်ပါတယ်။ သမိုင်းအရ ယေဇူးအသင်းသားတွေဟာ ရောမကနေ သံသယနဲ့ စောင့်ကြည့်ခံရသူတွေရှိပါတယ်။
ဖရန်စစ်ရှေ့က ရဟန်းမင်းကြီးဖြစ်တဲ့ ၁၆ ယောက်မြောက် ဘန်နဒစ်ဟာ နှစ်ပေါင်း ၆၀၀ နီးပါးအတွင်းမှာ ဆန္ဒအလျောက် ရာထူးကနေ အနားယူသွားတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ဗာတီကန်ဥယျာဥ်တော်မှာ ပုပ်ဟန်းမင်းကြီး ၂ ပါး ရှိနေခဲ့ပါတယ်။
အာဂျင်တီးနားက ရဟန်းအမတ် ဘယ်ဂိုလီယိုဖြစ်ခဲ့သူ ဖရန်စစ်ဟာ ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး တာဝန်စယူတဲ့အခါမှာ သက်တော် ၇၀ ကျော်နေပါပြီ။
ကက်သလစ်ဘာသာဝင်အများစုကတော့ ပုပ်ရဟန်းမင်းကြီးအသစ်ဟာ ပိုငယ်ရွယ်တဲ့အမျိုးသားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ယူထားကြပါတယ်။
ဘယ်ဂိုလီယိုဟာ လိင်မှုရေးရာကိစ္စတွေမှာ သူ့ရဲ့ရှေးရိုးစွဲအမြင်တွေကြောင့် ရှေးရိုးစွဲတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သလို လူမှုတရားမျှတမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ အလယ်အလတ်ကျတဲ့ ရပ်တည်ချက်ကြောင့်လည်း ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့အာရုံမိအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ပုပ်လောင်းလျာအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
အော်သိုဒေါက် မဟုတ်တဲ့ သူရဲ့ဘဝဖြတ်သန်းမှု နောက်ခံကြောင့်လည်း ဗာတီကန်ကို အသွင်သစ်ဖြစ်စေဖို့နဲ့ ကက်သလစ် သာသနာ ပိုပြန့်ပွားစေဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း မျှော်လင့်ချက် ကြီးခဲ့ကြပါတယ်။
ဒါပေမဲ့ ဗာတီကန်ထဲက ဗြူရိုကရေစီယန္တရားအဆင့်အဆင့်ကြောင့် ဖရန်စစ်နဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်အချို့ဟာ တင်းခံမှုတွေနဲ့ ကြုံရပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တဲ့ သူ့ရှေ့က ရဟန်းမင်းကြီးက အစဥ်အလာသမားတွေကြားမှာ လူကြိုက်များနေခဲ့တဲ့အချိန် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ထားသူ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ ပုပ် သက်တမ်းမှာ မတူတဲ့ပုံစံနဲ့ လုပ်ဆောင်မယ်ဆိုတာကို ပြသခဲ့ပါတယ်။ ကာဒီနယ်လ်တွေကို အလွတ်သဘောတွေ့ဆုံတာတွေ ရှိတဲ့အပြင် ပုပ်ထိုင်ခုံနေရာမှာလည်း ထိုင်နေတာထက် မတ်တပ်ရပ်ပြီး ပြောလေ့ရှိပါတယ်။
၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်မှာ ပုပ်ဖရန်စစ်ဟာ စိန့်ပီတာ ရင်ပြင်ကို စီးမိုးမြင်ရတဲ့လသာပြတင်းကနေ ပုပ်ရဟန်းမင်းအဖြစ် ပထမဆုံးအကြိမ် ကက်သလစ် ဧည့်ပရိသတ်ကို နှုတ်ဆက်ခဲ့ပါတယ်။
ရိုးရိုးရှင်းရှင်း အဖြူရောင်ကို ဝတ်ဆင်ပြီး သူ့ နာမည်သစ်ကိုတော့ ၁၃ ရာစုက အီတလီ ကက်သလစ် သူတော်စင်လည်းဖြစ်၊ တိရစ္ဆာန်ချစ်သူလည်းဖြစ်တဲ့ အဇီဇီမြို့က စိန့်ဖရန်စစ် ကို ဂုဏ်ပြုတဲ့အနေနဲ့ ပုပ်ဖရန်စစ် ဆိုပြီး ခေါ်တွင်စေခဲ့ပါတယ်။
ကြီးကျယ်ခမ်းနားမှုတွေထက် လူသားဆန်မှုကို ပိုနှစ်သက်ကြောင်း ပြသဖို့ သူက စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ ပုပ်အဆောင်အယောင် ဇိမ်ခံကားနဲ့မဟုတ်ဘဲ တခြားရဟန်းအမတ်တွေ အိမ်ပြန်ရင်စီးတဲ့ ဘတ်စ်ကားကို အတူစီးခဲ့ပါတယ်။
ကက်သလစ် ဘာသာဝင် သန်းပေါင်း ၁,၄၀၀ အတွက် ကျင့်ဝတ်ပိုင်း စံဖြစ်ဖို့လည်း သူ ကြိုးစားပါတယ်။ ''ဆင်းရဲသူတွေအတွက် ရဟန်းမင်းကြီးဖြစ်စေရမယ်၊ ဆင်းရဲသူတွေရဲ့ ကျောင်းတော်ဖြစ်စေရမယ်" ဆိုပြီး သူ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟော်ဟေး မာရီယို ဘယ်ဂိုလီယိုကို အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ်မြို့မှာ ၁၉၃၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်မှာ မွေးဖွားပါတယ်။ မွေးချင်း ၅ ယောက်ထဲ အကြီးဆုံးသားဖြစ်ပါတယ်။ မိဘတွေဟာ ဖက်ဆစ်စနစ်ရန်ကို ကြောက်တဲ့အတွက် သူတို့ ဇာတိ အီတလီကနေ ထွက်ပြေးလာသူတွေဖြစ်ပါတယ်။
တန်ဂိုအကကို ကြိုက်သူဖြစ်ပြီး သူ့ဇာတိမြို့က ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆန် လိုရန်ဇိုကို အားပေးခဲ့သူပါ။
ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် အဆုတ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ခဲ့ရပေမဲ့ အသက်ဘေးကနေ လွတ်ခဲ့သူပါ။ ဒါကြောင့်ပဲ သူ့ဘဝ တစ်လျှောက်မှာ ကူးစက်ရောဂါဒဏ်ကို မကြာခဏ ခံစားခဲ့ရပါတယ်။
နောက်ပြီး အသက်အရွယ်ကြောင့် ညာဘက်ဒူးနာတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Family. In Elvis. Family handout. No fee.
လူငယ်လေး ဘယ်ဂိုလီယိုဟာ ဓာတုဗေဒ အထူးပြုနဲ့ကျောင်းမပြီးခင်တုန်းက နိုက်ကလပ် အဝင်ဝမှာ စောင့်တဲ့လုံခြုံရေးလုပ်၊ ကြမ်းသုတ်ဘဝကိုလည်း ဖြတ်သန်းခဲ့သူပါ။
သူ့အရပ်က စက်ရုံတစ်ရုံမှာလုပ်တုန်းကဆိုရင် အာဂျင်တီးနား စစ်အာဏာရှင်ကို တွန်းလှန်ဖို့ လှုံ့ဆော်ခဲ့သူ အက်စတာ ဘယ်လီစတီနိုနဲ့လည်း နီးနီးကပ်ကပ်အလုပ်လုပ်ခဲ့သူပါ။ အက်စတာဟာ နှိပ်စက်ခံခဲ့ရပြီး နောက်ပိုင်းမှာ အလောင်းတောင်ပြန်မတွေ့ခဲ့ရပါဘူး။
အဲဒီနောက် သူဟာ ဂျက်ဇွစ် (ယေဇူးအသင်းဝင်) တစ်ဦး ဖြစ်လာပါတယ်။ ဒဿနိက ကို လေ့လာခဲ့ပြီး စာပေနဲ့စိတ်ပညာကို သင်ကြားပါတယ်။ အဲဒီနောက် ဆယ်နှစ်လောက်အကြာမှာ ရဟန်းခံပါတယ်။ ခပ်မြန်မြန်ပဲ ဝါ တက်ပါတယ်။ အဲဒီနောက် ၁၉၇၃ ခုနှစ်မှာ အာဂျင်တီးနားမှာ ပြည်နယ်ဆိုင်ရာ အဆင့်မြင့်ဘုန်းတော်ကြီး ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စွပ်စွဲခံရမှုများ
သူဟာ ရက်စက်တဲ့ အာဂျင်တီးနား စစ်အုပ်စု ဗိုလ်ချုပ်တွေကို ဆန့်ကျင်မှု ပြတ်ပြတ်သားသားရပ်တည်တာမျိုး လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တချို့က မှတ်ယူကြပါတယ်။
၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အတွင်းဖြစ်ပွားပြီး ထောင်နဲ့ချီတဲ့လူတွေ နှိပ်စက်ခံရတာ၊ ဒါမှမဟုတ် သေဆုံးတာနဲ့ ပျောက်ဆုံးတာတွေဖြစ်ခဲ့တဲ့ အာဂျင်တီးနားရဲ့အမည်းစက်စစ်ပွဲ အတွင်း ခရစ်ယာန်ဘုန်းတော်ကြီး နှစ်ပါးကို စစ်တပ်က ပြန်ပေးဆွဲမှုမှာ သူ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အဲဒီ ဘုန်းတော်ကြီး နှစ်ပါးဟာ နှိပ်စက်ခံခဲ့ရပေမဲ့ အသက်ရှင်လျက် ပြန်တွေ့ချိန်မှာ ဆေးထိုး ခံထားရပြီး အဝတ်တချို့လည်း ဗလာဖြစ်နေခဲ့ပါတယ်။
ဘယ်ဂိုလီယိုဟာ ဆင်းရဲသားရပ်ကွက်တချို့မှာ ဒီဘုန်းတော်ကြီး နှစ်ပါးရဲ့ သာသနာပြုမှုက ကက်သလစ်ကျောင်းတော်ရဲ့ ထောက်ခံချက်နဲ့လုပ်ဆောင်တယ်ဆိုတာ အာဏာပိုင်တွေကို သတင်းပေးဖို့ ပျက်ကွက်မှုနဲ့ တရားစွဲခံပါတယ်။ ဒါသာ အမှန်ဆိုရင်တော့ ဒီဘုန်းတော်ကြီး နှစ်ပါးကို လူသတ်အုပ်စုထဲ ဝကွပ်အပ်လိုက်တာလို့ ဆိုလိုရာရောက်ပါတယ်။ ဘယ်ဂိုလီယို ကတော့ ဒီဖြစ်စဥ်မှာ သူပါဝင်ပတ်သက်တာမရှိဘဲ အဲဒီလူတွေ လွတ်ဖို့တောင် နောက်ကွယ်ကနေ သူ ပါဝင်ကူညီခဲ့တယ်လို့ပြောပါတယ်။
ဘာကြောင့် ပေါ်ပေါ်ထင်ထင် ရှုတ်ချပြောဆိုတာမျိုး မရှိတာလဲလို့ မေးတဲ့အခါမှာတော့ သူ့ အတွက် ပြောဖို့ခက်ခဲ့တယ်ဆိုတဲ့အကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အမှန်တကယ်တော့ အသက် ၃၆ နှစ်အရွယ်တုန်းကဆိုရင် ဆုံးဖြတ်ချက်ခိုင်မာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း လုပ်ဆောင်ပြီး ကသောင်းကနင်းဖြစ်မှုတွေကို သူ ဖြတ်ကျော်ခဲ့ရတာပါ။ သူ ကူညီခဲ့တာကြောင့်ပဲ လူအတော်များများဟာ နိုင်ငံထဲကနေ အသက်ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့ကြတာပါ။
သူဟာ သူ့ရဲ့ ယေဇူးအသင်းသားညီတော် နောင်တော်တွေနဲ့လည်း အယူသဘောထား မတိုက်ဆိုင်တာတွေရှိခဲ့ပါတယ်။ သူ့ညီတော် နောင်တော်တွေကတော့ ဘယ်ရိုလီယိုဟာ လွတ်မြောက်ခြင်းဆိုင်ရာဓမ္မ အတွေးအခေါ် အပေါ် စိတ်ဝင်စားမှု နည်းပါးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အဲဒီအတွေးအခေါ်ကတော့ ခရစ်ယာန်အယူအဆနဲ့ မာ့စ်လူမှုဗေဒ ပေါင်းစပ်ပြီး မတရားမှုကို တိုက်ဖျက်တာ ဖြစ်ပါတယ်။ အဲဒီ အစား သူဟာ ရားဟာဆရာအဖြစ်ကနေပဲ နူးညံ့ပျော့ပျောင်းတဲ့ပုံစံကိုပဲ နှစ်သက်ခဲ့ပါတယ်။
တချို့အချိန်တွေမှာဆိုရင် သူ့ရဲ့ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့အခါ ရောက်မှသာ ယေဇူးအသင်းတော်သားအချို့ သက်ပြင်းချနိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုးရှင်းမှုကို သဘောကျသူ
သူဟာ ၁၉၉၂ ခုနှစ်မှာ ဗြူနိုအေးရိစ်ရဲ့ ပူးတွဲဂိုဏ်းအုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ အဲဒီနောက်မှာ သူ ဂိုဏ်းချုပ်ဖြစ်လာပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ က သူ့ကို ရဟန်းအမတ်အဖြစ် ခန့်ပါတယ်။ အဲဒီနောက် ကက်သလစ်ကျောင်းတော်ရဲ့ အုပ်ချုပ်အရေးပိုင်းတာဝန်ယူတဲ့ရာထူးတွေကို ရရှိပါတယ်။
ကက်သလစ်သာနာတော်မှာ အကြီးပိုင်း ဘုန်းတော်ကြီးတွေ နေထိုင်တဲ့ပုံစံမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ကျင့်ကြံနေထိုင်တယ်ဆိုတဲ့ဂုဏ် သတင်းပျံ့သလို အဲဒီအတိုင်းလည်း နေထိုင်ပါတယ်။
သူဟာ ခရီးသွားတဲ့အခါ အများသောအားဖြင့် ရိုးရိုးတန်းကနေပဲ လေယာဥ်စီးပါတယ်။ နောက်ပြီး ပုပ်ရဟန်းမင်းကြီးတို့အဆောင်အယောင်ဖြစ်တဲ့ အနက်နဲ့ ခရမ်းရောင် ဝတ်စုံအစား ဘုန်းကြီးတစ်ပါးဝတ်လေ့ရှိတဲ့ အနက်ရောင်ဝတ်ရုံကိုပဲ ဝတ်ဆင်ဖို့ နှစ်သက်ပါတယ်။
တရားဟောတဲ့အခါတိုင်းမှာလည်း လူမှုအသိုင်းအဝိုင်းမှာ ဖယ်ကျဥ်ထားမှုမရှိဘဲ အားလုံးပါဝင်နိုင်အောင် သူ တိုက်တွန်းလေ့ရှိပြီး လူ့ဘောင်ထဲက ဆင်းရဲနွမ်းပါးသူတွေအရေးကို အလေးမထားတဲ့ အစိုးရတွေကိုလည်း သူ ဝေဖန်လေ့ရှိပါတယ်။
''ကျွန်ုပ်တို့ဟာ တန်းတူညီမျှမှု မရှိဆုံးကမ္ဘာမှာ ရှင်သန်နေကြရတယ်'' လို့ သူက ပြောပြီး '' ''ဒီအခြေအနေဟာ ဆိုးသထက်ဆိုးလာပေမဲ့ ဆင်းရဲချမ်းသာ ကွာဟချက်နည်းနိုင်သမျှ နည်းအောင်လုပ်ဖို့ ပျက်ကွက်နေကြတယ်'' လို့ သူက ဆိုပါတယ်။
ရဟန်းမင်းကြီးတစ်ပါးအနေနနဲ့ သူဟာ အရှေပိုင်း အော်သိုဒေါက် ကျောင်းတော်နဲ့ နှစ်ပေါင်း တစ်ထောင်နီးပါး ကွာဟနေတဲ့အဟကို စေ့နိုင်အောင် အားထုတ်ပါတယ်။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၀၅၄ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ ကွန်စတန်တီနိုပိုးဂိုဏ်းအုပ်ဆရာတော်ကြီးဟာ ရောမက ခရစ်ယာန်ဂိုဏ်းအုပ်တစ်ပါး ခန့်အပ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖရန်စစ်ဟာ အင်္ဂလီကန်၊ လူသာရင်၊ မက်သဒစ် ခရစ်ယာန်သာသနာတို့နဲ့လည်း အတူလက်တွဲ လုပ်ခဲ့သလို ငြိမ်းချမ်းရေးအတွက် ဆိုပြီး သူနဲ့အတူ ဆုတောင်းဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတို့ကိုလည်း ပါဝင်စေခဲ့ပါတယ်။
မူဆလင် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာလည်း အစ္စလာမ်ဘာသာကို အကြမ်းဖက်မှုနဲ့ ယှဥ်တွဲ မမြင်သင့်တဲ့အကြောင်း သူ ပြောခဲ့ပါတယ်။ ''အစ္စလာမ္မစ် အကြမ်း ဖက်မှုအကြောင်း ကျွန်ုပ်တို့ ပြောကြရင် ကတ်လသစ် အကြမ်းဖက်မှုအကြောင်းလည်း ကျွန်ုပ်ပြောရပါလိမ့်မယ်'' လို့ သူက ကြေညာခဲ့ပါတယ်။
နိုင်ငံရေးအရဆိုရင်တော့ သူဟာ ဖောက်ကလန်ကျွန်းစုအရေးမှာဆိုရင် အာဂျင်တီးနား အစိုးရရဲ့ပြောဆိုချက်အပေါ် ရပ်တည်ပါတယ်။ ဝတ်ပြုဆုတောင်းပွဲ တစ်ခုမှာဆိုရင် သူက ''ကိုယ့် နိုင်ငံအတွက် ကာကွယ်ဖို့ဆိုပြီး သူတို့ မိခင်မြေအတွက် အသက်ပေးသွားတဲ့သားကောင်းတွေနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဝတ်ပြုဆုတောင်း ပေးဖို့ ကျွန်ုပ်တို့ စုဝေးကြတာဖြစ်ပါတယ်'' လို့ ပြောပါတယ်။
စပိန်စကားပြောတဲ့ လက်တင်အမေရိကန်ဖွား တစ်ဦးလည်းဖြစ်တာကြောင့် အမေရိကန် အစိုးရက ကျူးဘားနိုင်ငံနဲ့ ပတ်သက်ပြီး သမိုင်းဝင်တဲ့ချဥ်းကပ်မှု တစ်ခု လုပ်တဲ့အခါမှာ ကြားဝင်ညှိနှိုင်း သူအဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ထူးထူးခြားခြား သူ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရှေးရိုးစွဲ သမား
ကက်သလစ်ကျောင်းတော်ရဲ့ မူအများအပြားနဲ့ပတ်သက်ရင် ပုပ်ရဟန်းမင်းကြီးဟာ ရှေးရိုးစွဲသမား တစ်ဦးဖြစ်ပါတယ်။
''ဆေးပေးပြီး ညင်သာစွာသေဆုံးစေခြင်း၊ သေဒဏ်ပေးခြင်း၊ ကိုယ်ဝန်ဖျက်ချခွင့်၊ အသက်ရှင်သန်ခွင့်၊ လူ့အခွင့်အရေးနဲ့ ခရစ်ယာန်ရဟန်းတွေရဲ့ ဗြဟ္မစရိယ ကိစ္စတွေနဲ့ ပတ်သက်လာရင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ လိုပါပဲ'' လို့ ပုပ်ရဟန်းမင်းကြီးနဲ့အတူ ကျမ်းစာကျောင်း အတူတက်ခဲ့ဖူးသူ ဂိုဏ်အုပ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ အိုဗာဒို မူစတိုက ပြောပါတယ်။
ကျောင်းတော်ဟာ လိင်ဖြစ်တည်မှုကို အခြေမခံဘဲ လူတိုင်းကို ရင်ဝယ်ပိုက်သင့်တယ်လို့ သူက ပြောပေမဲ့ လိင်တူချစ်သူကို လက်ခံမှုဟာ ဘုရားသားတွေအတွက် ခွဲခြားဆက်ဆံမှု တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။
လိင်တူစုံတွဲတွေအတွက် လိင်တူ ပေါင်းစည်းမှုပုံစံကို လိုက်လျောတဲ့ပုံစံ နွေးနွေးထွေးထွေးပြောဆိုတဲ့ စကားလုံးတွေရှိခဲ့ပေမဲ့ ဖရန်စစ်ဟာ ဒါကို လက်ထပ်ထိမ်းမြားမှုလို့ တခါမှာ မညွှန်းဆိုခဲ့ပါဘူး။ သူကတော့ ဒါဟာ ''ဘုရားရဲ့အကြံအစီကို ကဖျက်ယဖျက်လုပ်ရန်ကြိုးပမ်းမှု ဖြစ်လိမ့်မယ်'' လို့ပဲ ပြောခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဖြစ်ပြီး မကြာခင်မှာပဲ သူဟာ ရောမမှာပြုလုပ်တဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ချီတက်ပွဲတစ်ခုမှာ ပါဝင်ခဲ့ပြီး ''ကိုယ်ဝန်စရှိချိန်ကစလို့'' မမွေးသေးတဲ့ ကလေးတွေအတွက် အခွင့်အရေးဆိုပြီး တောင်းဆိုခဲ့ပါတယ်။
သားဖွားမီးယပ်ဆရာဝန်တွေအနေနဲ့ ကောင်းကျိုးဆိုးပြစ်ကို ချိန်ဆဖို့ သူက တောင်းဆိုခဲ့ပြီး အဲဒီ အချိန်တုန်းက ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ ကျင်းပနေတဲ့ အိုင်ယာလန်ကိုလည်း သတင်းစကားတစ်ခုပါးခဲ့ပါတယ်။ အားနွဲ့သူကို ကာကွယ်ပေးဖို့ လူထုကို သူက မေတ္တာရပ်ခံခဲ့ပါတယ်။
အမျိုးသမီးတွေ ရဟန်းဖြစ်ခွင့်ကိုလည်း သူက ဆန့်ကျင်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ တုန်းကလည်း ဒါက မဖြစ်နိုင်ဘူးလို့ ပယ်ချခဲ့ကြောင်း သူ ပြောခဲ့ပါတယ်။
ပြီးတော့ ရောဂါ ဖြစ်ပွားတာကို ကာကွယ်ဖို့ ကိုယ်ဝန်မယူကို သူ အစောပိုင်းမှာ လက်ခံခွင့်ပြုသယောင်ရှိခဲ့ပေမဲ့ ဒါနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး ပေါ ၆ ရဲ့ အယူကို သူ ချီးကျူးခဲ့ပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေကို အမျိုးသားတွေက သူတို့ စေလိုရာစေ ဘဝမျိုး မလုပ်နိုင်အောင် လျှော့ချနိုင်မယ်ဆိုတဲ့သတိပေးချက်ပါ။
၂၀၁၅ ခုနှစ်တုန်းကတော့ ပုပ်ဖရန်စစ်ဟာ ဖိလစ်ပိုင်မှာ ဧည့်ပရိသတ်ကို တစ်ခုပြောခဲ့တာရှိပါတယ်။ အဲဒါကတော့ သန္ဓေတားခြင်းဟာ ''ကလေးမယူရာကနေ အိမ်ထောင် အသိုက်အမြုံ ပျက်ရာ ပျက်ကြောင်း''လည်း ပါဝင်တယ်လို့ သူ ပြောပါတယ်။ ကလေးမရှိတာက ဒီလို ပျက်ရာ ပျက်ကြောင်း မဟုတ်စေဘဲ ကလေးမယူဖို့ ဆုံးဖြတ်ချက်ကသာ ဒီလိုဖြစ်စေတာလို့ သူ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကလေးသူငယ်အပေါ် အကြမ်းဖက်မှုကို ကိုင်တွယ်မှု
သူ ပုပ်ရဟန်းမင်းကြီးတာဝန်ယူချိန် ကြီးမားဆုံးစိန်ခေါ်မှုကို ပြပါဆိုရင် စစ်မျက်နှာပြင် နှစ်ခုကနေ လာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ပထမတစ်ခုက ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို ကောင်းကောင်း ကိုယ်တွယ်ဖြေရှင်းမှု မလုပ်နိုင်ဘူးလို့ စွပ်စွဲခံရမှုနဲ့ ဒုတိယကတော့ ကက်သလစ်ကိုးကွယ်ယုံကြည်မှု ကို လျော့ပါးစေအောင်လုပ်တယ်လို့ ရှေးရိုးစွဲသမား အကဲခတ်တွေက ဝေဖန်မှုဖြစ်ပါတယ်။ အထူးသဖြင့် ကက်သလစ်ဘာသာဝင်တွေကို ကွာရှင်းခွင့်နဲ့ ပြန်လည်ထိမ်းမြားခွင့် ပေးဖို့ သူ့ စိတ်ကူးကို မြင်ကြလို့ ဖြစ်ပါတယ်။
ရှေးရိုးစွဲသမားတွေဟာ ကလေးသူငယ်အကြမ်းဖက်ခံရမှု ပြဿနာကို သူတို့အတွက် ကာလရှည် လက်နက်အဖြစ် အသုံးချပါတယ်။
၂၀၁၈ ခုနှစ်မှာ ဂိုဏ်းချုပ် ကာလို မာရီယာ ဗီဂါညိုဟာ ဒါနဲ့ပတ်သက်ပြီး ၁၁ မျက်နှာပါ ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အရင် ရဟန်းအမတ်ဟောင်း သောမတ်စ် မက်ခ်ကာရစ်ခ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဗာတီကန်ဘက်က လုပ်သင့်လုပ်တာတွေကို တသီကြီးကို သတိပေး တဲ့ စာတစ်စောင်ကို သူထုတ်ပါတယ်။
မက်ခ်ကာရစ်ခ်ဟာ အရွယ်ရောက်ပြီးသူတွေကိုရော၊ အသက်မပြည့်သူတွေကိုပါ ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ မက်ခ်ကာရစ်ခ်ဟာ အဂတိနဲ့ ပြည့်နှက်နေတဲ့သူဖြစ်တာတောင် သူ့ကို ''ယုံကြည်ရတဲ့အတိုင်ပင်ခံ'' အဖြစ် ပုပ်ရဟန်းမင်းကြီးက ထားထားတယ်လို့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဗီဂါညိုဟာ က ပြောပါတယ်။ အဲဒီအတွက် အဖြေက ရှင်းပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နုတ်ထွက်ဖို့ဖြစ်တယ် လို့ သူက ပြောပါတယ်။
ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဗီဂါညိုက ''ဒီ လိင်တူကွန်ရက်ဟာ'' ... ''လျှို့ဝှက်မှုတွေအောက်မှာ ကတ်သလစ်ကျောင်းတော်ကို ရေဘဝဲတစ်ကောင်ရဲ့လက်တွေလို့ ရစ်သိုင်းပြီး အသက်ရှူကျပ်အောင် လုပ်နေတယ်'' လို့ သူက ပြောပါတယ်။
ဒီအခြေအနေဟာ ကက်သလစ်ကျောင်းတော် တစ်ခုလုံးအပေါ် လွှမ်းမိုးနေခဲ့ပါတယ်။ မက်ခ်ကာရစ်ခ်ကတော့ ဗာတီကန်ရဲ့စုံစမ်းစစ်ဆေးမှုကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှာ ရာထူး ရုပ်သိမ်းခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကပ်ဘေးကာလမှာ ဗိုင်းရပ်စ်ပြန့်တာကို ကာကွယ်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးဟာ စိန့် ပီတာ ရင်ပြင်မှာ ပုံမှန်ပြုလုပ်နေကျ လူထုရှေ့ထွက် ဝတ်ပြုဆုတောင်းတာကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှုရဲ့ အခရာပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံဖို့ဟာ လူတိုင်း လုပ်ရမယ့် တာဝန်ဝတ္တရားလို့ဆိုပြီး ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ သက်တော် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာကြောင့် ပုပ်ဖရန်စစ်ဟာ နှစ်ပေါင်း ၁,၀၀၀ ကျော်အတွင်းမှာ ရှေ့က တာဝန်ထမ်းဆောင်ခဲ့သူ ရဟန်းမင်းကြီးတစ်ပါးကို တာဝန်ထမ်းဆောင်ဆဲ ရဟန်းမင်းကြီးတစ်ပါးက ဦးဆောင် စျာပန ပြုလုပ်ပေးရသူ ဖြစ်လာပါတယ်။
သူကိုယ်တိုင်လည်း ကျန်းမာရေးပြဿနာတွေကြောင့် အကြိမ်ကြိမ် ဆေးရုံတက်ခဲ့ရသူပါ။ ဒါပေမဲ့ ဖရန်စစ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပုံရပါတယ်။
၂၀၂၃ ခုနှစ်မှာ သူဟာ တောင်ဆူဒန်နိုင်ငံကို ကြွပြီး ပဋိပက္ခ အဆုံးသတ်ဖို့ နိုင်ငံ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်းကို ရုရှား ကျူးကျော်မှုမှာ ရုရှားရဲ့ ဝါဒဖြန့်မှု သတင်းစကားကို လက်ခံထားပုံ ရတာကြောင့် ယူကရိန်းတွေဘက်က စိတ်ပျက်တာတွေရှိခဲ့ပေမဲ့ ယူကရိန်းမှာဖြစ်တဲ့ ''ယုတ္တိမရှိတဲ့၊ ရက်စက်တဲ့ စစ်ပွဲ'' ကို အဆုံးသတ်ဖို့ သူ တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် တစ်နှစ်အကြာမှာ သူဟာ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနဲ့ စင်္ကာပူတို့မှာ တစ်ထောက်စီနားတဲ့ ကမ္ဘာ့တိုက်ကြီး ၂ ခုကို ဖြတ်သန်းတဲ့ လေးနိုင်ငံ ခရီးရှည်ကြီးကို နှင်ခဲ့ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးကို မမေ့ထားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ စင်္ကာပူအရောက်မှာတော့ ယေဇူး အမှုတော်ထမ်းတွေနဲ့တွေ့ဆုံချိန်မှာ မြန်မာမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အရေးကိုလည်း မမေ့မလျော့ ပြောခဲ့ပါတယ်။
ရဟန်းမင်းကြီးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတိုက်တွန်းခဲ့သလို့ ဗာတီကန်မှာတောင် လာရောက်ခိုလှုံနိုင်တယ်လို့ သူ့ရဲ့စင်္ကာပူ ခရီးစဥ်အတွင်း ထုတ်ပြောခဲ့တယ်လို့ ခရီးစဥ်အပြီး ဖော်ပြတဲ့ ဗာတီကန်ကလာတဲ့သတင်းတွေက ရေးသားခဲ့ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းစကားကိုလည်း သူ့ရဲ့ အပတ်စဉ် တနင်္ဂနွေတိုင်း လူထု ကို မိန့်ကြားရာမှာ ထည့်သွင်းပြောလေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟော်ဟေး မာရီယို ဘယ်ဂိုလီယိုဟာ အပြောင်းအလဲအတွက် စိန့်ပီတာရင်ပြင်ထက်က ပုပ်ရဟန်းမင်းကြီး ပုလ္လင်ကို ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အလယ်အလတ်အတွေးအခေါ်ဘက် ပိုယိမ်းတဲ့ ခေါင်းဆောင်တစ်ဦးကို သဘောကျသူ အချို့ရှိမှာဖြစ်ပေမဲ့ ဝေဖန်ရေးသမားတွေကတော့ ကက်သလစ် ကျောင်းတော်က ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဖြေရှင်းရာမှာ အားနည်းချက်ရှိခဲ့တယ်လို့ သူ့ကို ညွှန်းဆိုကြပါလိမ့်မယ်။
ဒါပေမဲ့ ဒါကို ပြောင်းလဲဖို့ သူ ကြိုးပမ်းခဲ့ပါတယ်။
မြန်မာအပါအဝင် ဥရောပနိုင်ငံတွေက မဟုတ်တဲ့ ကက်သလစ် ရဟန်းအမတ် ၁၄၀ ကျော်ကို သူခန့်အပ်ခဲ့ပါတယ်။ ပြီးတော့ သူ စတင်လက်ခံယူတုန်းက ကက်သလစ်ကျောင်းတော်မျိုးမဟုတ်ဘဲ ကမ္ဘာနဲ့ ပိုပြီး လိုက်လျောညီထွေဖြစ်မယ့် ကျောင်းတော်အဖြစ် သူ ချန်ရစ်ခဲ့ပါတယ်။
ပြီးတော့ သူဟာ ပကာသန မမက်တဲ့ ပုပ်တစ်ဦးအဖြစ် နမူနာဖြစ်အောင် ဗာတီကန်က စစ္စတင်းချက်ပယ်ပါဝင်တဲ့ ပုပ်ရဟန်းမင်းကြီး နန်းတော်မှာ မနေဘဲ အဲဒီနဲ့ကပ်လျက်က (ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ ၂ က ဧည့်ရိပ်သာအဖြစ် တည်ဆောက်ခဲ့တဲ့) ခေတ်မီအဆောင်မှာ နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
သူကတော့ ဘယ်အရာမှာမဆို ဂုဏ်ပကာသန ကင်းတယ်လို့ မှတ်ယူထားသူပါ။ ''ဒေါင်း တစ်ကောင်ကို ကြည့်ကြည့်ပါလား'' လို့ သူက ဆိုပြီး ''ရှေ့က ကြည့်ရင်တော့ လှသားပဲ။ နောက်က ကြည့်မယ်ဆိုရင်တော့ အမှန်တရားကို မြင်နိုင်တယ်'' လို့ သူက နမူနာပြ ပြောပါတယ်။
ကက်သလစ်ကျောင်းတော် ပြောင်းလဲလာအောင် သူလုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ကျောင်းတော်ထဲက အတွင်းရေးပဋိပက္ခတွေထဲမှာပဲ မြုပ်မနေစေဘဲ ဆင်းရဲတဲ့သူတွေအတွက်၊ လူထုကို အကျိုးပြုတဲ့ ကျောင်းတော်ဖြစ်အောင် သူ ပြောင်းလဲခဲ့ပါတယ်။
''ကျွန်ုပ်တို့ဟာ သူ့ဘာသာ သီးခြားနစ်မွန်းနေတဲ့ ကျောင်းတော်တစ်ခုရဲ့ နာမကျန်းမှုတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်'' လို့ ရဟန်းမင်းကြီးအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ သူပြောခဲ့ပါတယ်။
''လမ်းပေါ်ရောက်နေတဲ့ ဒဏ်ရာရ ကျောင်းတော်နဲ့ နာမကျန်းပြီး စွန့်ပစ်ခံထားရတဲ့ ကျောင်းတော်ကြား ဘယ်ကျောင်းတော်ကို ရွေးမလဲဆိုရင် ပထမကျောင်းတော်မျိုးကိုပဲ ကျွန်ုပ် ရွေးချယ်မှာပါ။''








