ပလတ်စတစ်အမှိုက်တွေကို ဘယ်လို အသွင်ပြောင်းနိုင်ပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေနိုင်ငံ ကိန်းဘရစ်ဂျ် တက္ကသိုလ်က ပါမောက္ခ အာဝင် ရိုက်စနာရဲ့ အဆိုအရ ပလတ်စတစ် အမှိုက်တွေ လွှင့်ပစ်ထားရာ နေရာတွေဟာ အနာဂတ် ရေနံမြေလိုတောင် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ပါမောက္ခ အာဝင် ရိုက်စနာဟာ ကိန်းဘရစ်ဂျ် တက္ကသိုလ်က စွမ်းအင်နဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ ပါမောက္ခတဦး ဖြစ်ပါတယ်။
ပါမောက္ခ ရိုက်စနာရဲ့ အဆိုအရ ပလတ်စတစ် ဆိုတာဟာ ရုပ်ကြွင်းစွမ်းအင် ပုံစံတမျိုးပဲ ဖြစ်ပြီး စွမ်းအင်တွေနဲ့ ပြည့်ဝနေသလို ဓာတုဖွဲ့စည်းပုံလည်း ကြွယ်ဝပြီး ဒါတွေကို လူတွေက ဖော်ထုတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပလတ်စတစ်တွေ ထုတ်တာ ဘယ်လောက်များနေပြီလဲ
ပလတ်စတစ်တွေရဲ့ ဓာတုဖွဲ့စည်းပုံက ခိုင်မာလှပြီး ဆွေးမြေ့သွားဖို့အတွက် နှစ်ရာနဲ့ချီပြီး ကြာနိုင်တယ် ဆိုပေမဲ့ ကမ္ဘာပေါ်မှာ ဖန်တီး ထုတ်လုပ်ပြီးခဲ့သမျှ ပလတ်စတစ် တန်ချိန် ၇ ဘီလျံ တန်ချိန်ထဲက ၁၀ ရာခိုင်နှုန်းထက် နည်းတဲ့ ပမာဏလောက်သာ ပြန်လည် ပုံပြောင်း အသုံးပြုရပါသေးတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Ellen MacArthur Foundation က ပလတ်စတစ် စီမံချက် ဆိုင်ရာ မန်နေဂျာ ဒီလ်ယားနား မီဟေလိုဗာ ကတော့ လူတွေရဲ့ ထုတ်နှုတ်ရယူ အသုံးပြုပြီး စွန့်ပစ် ပစ္စည်း ပြန်ထုတ်တဲ့ စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီပြီး တန်လာတဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဆုံးရှုံးရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအနေနဲ့ ကမ္ဘာတလွှားမှာ နှစ်စဉ် ပလတ်စတစ် တန်ချိန် သန်း ၄၀ဝ လောက် ထုတ်လုပ်နေပြီး ဒါဟာ ကမ္ဘာလူဦးရေ စုစုပေါင်းရဲ့ အလေးချိန်နဲ့ ထပ်တူဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ်တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ အမှိုက်ပုံကြီးတွေဆီ ဒါမှမဟုတ် သဘာဝ ပတ်ဝန်းကျင်ကို ပျံ့နှံ့ရောက်ရှိသွားကြပြီး ဆွေးမြေ့ဖို့အထိ ဆိုရင် နှစ်ပေါင်း ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပလတ်စတစ်တွေကို ဘယ်လိုနည်းတွေနဲ့ ပြန်သုံးနိုင်သလဲ
စွန့်ပစ် ပလတ်စတစ်တွေကို ပြန်လည် ဆေးကြော သန့်စင် အရေကြိုပြီး ပြန်အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ပလတ်စတစ်ရဲ့ အချိန်နဲ့အမျှ ဖြည်းဖြည်းချင်း ဆွေးမြေ့တတ်တဲ့ သဘောကြောင့် ဒီလို ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ်တွေရဲ့ အရည်အသွေး လိုအပ်ချက်ရှိတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။
ပလတ်စတစ် ထုတ်လုပ်တဲ့ နယ်ပယ် အနေနဲ့ ပလတ်စတစ်ကို ဓာတုဗေဒ အထောက်အကူပြု ပြန်လည် အသုံးပြုဖို့ စိတ်အားထက်သန်နေကြရာမှာ ထပ်တိုး ဓာတုပစ္စည်းသုံးပြီး ပလတ်စတစ်ရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံကို ပြောင်းလဲစေတဲ့နည်းကို သုံးမှာ ဖြစ်ပါတယ်။
အခုလို ပလတ်စတစ်ကို ဓာတုဗေဒ ဖွဲ့စည်းပုံအထိ ပြောင်းလဲနိုင်ခြင်းအားဖြင့် ကုန်ကြမ်းသဖွယ် အသွင်ပြောင်းသွားပြီး ဓာတ်ဆီ ဒါမှမဟုတ် ဒီဇယ် လောင်စာအထိ ပြန်လည် အသွင်ပြောင်းနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ဒီလိုဖြစ်အောင် လုပ်နေတဲ့ နည်းလမ်းက ကုန်ကျစရိတ်များပြီး ထိရောက်မှုလည်း မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။
အခုလို ကုန်ကျစရိတ်များရတဲ့ အကြောင်းအရင်းကတော့ ဒီလို ပလတ်စတစ်ကို ပုံပြောင်းတဲ့ လုပ်ငန်းစဉ်မှာ အပူချိန် ၃၀ဝ ဒီဂရီ စင်တီဂရိတ်အထိ ပူတဲ့ အပူချိန် လိုအပ်လို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cambridge University
ပါမောက္ခ ရိုက်စနာနဲ့အဖွဲ့ရဲ့ ပလတ်စတစ် ပုံပြောင်းပုံ
ပါမောက္ခ ရိုက်စနာနဲ့ အဖွဲ့က စမ်းသပ် သုတေသနလုပ်နေတဲ့ ပလတ်စတစ်ကို ပုံပြောင်းတဲ့ နည်းပညာရဲ့ ထူးခြားချက်ကတော့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမှု ဖြစ်ပါတယ်။
သူတို့ရဲ့ နည်းပညာဟာ ပလတ်စတစ် သာမကပဲ ကာဗွန်ဒိုင် အောက်ဆိုဒ်လို အညစ်အကြေးကိုပါ တပါတည်း ဓာတုပစ္စည်းတွေ အဖြစ် ပုံစံပြောင်းနိုင်ပါတယ်။
ဒီပြောင်းလဲမှုက ထွက်လာတဲ့ syngas ဟာ သဘာဝပတ်ဝန်းကျင်အတွက် ရေရှည်ကောင်းတဲ့ ဟိုက်ဒရိုဂျင်လောင်စာရဲ့ အဓိက အစိတ်အပိုင်းတခုလည်း ဖြစ်ပြီး သူတိုရဲ့ နည်းပညာအရ ပုံပြောင်းထွက်လာတဲ့ glycolic acid ဟာလည်း အလှကုန် ထုတ်လုပ်ရာမှာ ပြန်လည် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒီလို လုပ်နိုင်ဖို့အတွက် ဓာတုဓာတ်ကူ ပစ္စည်းတမျိုးကို အသုံးပြုကာ ဓာတ်ပြုမှုကို မြန်ဆန်စေပြီး အလင်းစုပ်အောင် ပြုလုပ်တာလို့ ဆိုပါတယ်။
ပါမောက္ခ ရိုက်စနာရဲ့ အဆိုအရ သူတို့ရဲ့ စနစ်ဟာ ပုံမှန် အိမ်တွင်း အပူချိန်နဲ့ ဖိအားအတွင်းမှာကိုပဲ အလုပ်လုပ်ပြီး နေရောင်ပြလိုက်တာနဲ့ ဓာတ်ပြုမှု ဖြစ်စဉ်က အလိုအလျောက် အလုပ်လုပ်တယ်လို့ ဆိုပြီး ပတ်ဝန်းကျင် ထိခိုက်စေတဲ့ စွန့်ပစ် ပစ္စည်းလည်း မထွက်ဘူးလို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် မီးရှို့ပစ်တဲ့နည်းနဲ့ပဲ ပြန်သုံးနိုင်တဲ့၊ အစားအစာတွေ စွန်းပေနေတဲ့ ပလတ်စတစ်မျိုးတွေကိုလည်း ပါမောက္ခ ရိုက်စနာရဲ့ စနစ်က ချေဖျက်နိုင်ပြီး သူတို့စနစ်ကို ပိုတောင် လည်ပတ်မှု ကောင်းစေသေးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, University of Portsmouth
ပလတ်စတစ်ကို ဘယ်လိုတွေ ပုံပြောင်းနိုင်သေးသလဲ
ပလတ်စတစ်ကို ပုံပြောင်းပြီး အသုံးဝင်အောင် ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေထဲမှာ ဆပ်ပြာမှုန့်၊ ချောဆီ၊ သုတ်ဆေး၊ ပျော်ဝင်အရည်တွေသာမကပဲ ဇီဝဆေးဝါးထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ ဆွေးမြေ့လွယ်တဲ့ ဓာတုဓာတ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
ပလတ်စတစ်ဟာ မော်လီကျူးကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပိုလီမာတွေနဲ့ တည်ဆောက်ထားရာမှာ သဘာဝအရလည်း ဒီပိုလီမာတွေကို ချိုးဖျက်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ယူကေနိုင်ငံ ပို့စ်မတ်သ် တက္ကသိုလ်က ဝါရင့်သုတေသီ ဒေါက်တာ ဗစ်တိုးရီးယား ဘန်မာရဲ့ အဆိုအရ သဘာဝအလျောက် ရှိနေတဲ့ ဘက်တီးရီးယားတချို့မှာရှိတဲ့ အင်ဇိုင်းတွေဟာ သဘာဝ ပိုလီမာတွေကို ချေဖျက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ဒီအင်ဇိုင်းတွေကို လူလုပ် ပိုလီမာရှိတဲ့ ပလတ်စတစ်ကို ချေဖျက်နိုင်ဖို့အတွက် သူတို့ရဲ့ ဖွဲ့စည်းပုံကို အနည်းငယ်သာ ပြောင်းဖို့ လိုပြီး ချေဖျက်နိုင်မှု မြန်ဆန်အောင်၊ သန်သန်မာမာ ဖြစ်အောင်နဲ့ တည်ငြိမ်အောင် ပြောင်းနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဒေါက်တာ ဘန်မာနဲ့ အဖွဲ့ဟာ ကွန်ပျူတာနည်းပညာ အထောက်အကူနဲ့ PET ပိုလီမာ အမျိုးအစား ပိုလီယက်စတာ ပလတ်စတစ် အမျိုးမျိုးကို ချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အန်ဇိုင်းနဲ့ ပလတ်စတစ်ကို ချေဖျက်တာဟာ ဓာတုဗေဒနည်းနဲ့ ချေဖျက်တာနဲ့ တူညီပေမဲ့ ဒေါက်တာဘန်မာတို့အဖွဲ့ကတော့ ရေကိုသာ အသုံးပြုတယ်လို့ ဆိုပြီး အများဆုံး လိုအပ်တဲ့ အပူချိန်ကလည်း ၇၀ ဒီဂရီ စင်တီဂရိတ်သာ ရှိတဲ့အတွက် တခြားပလတ်စတစ်ကို အသွင်ပြောင်းတဲ့ နည်းလမ်းတွေထက် စွမ်းအင် အသုံးပြုမှု နည်းမယ်လို့ ဆိုပါတယ်။
ဒေါက်တာ ဘန်မာဟာ သူတို့ ဖန်တီးထားတဲ့ အင်ဇိုင်းကို ဆက်လက် တိုးမြှင့် ပုံပြောင်းလေ့လာနေပြီး ပိုလီယက်စတာ အဝတ်ကနေ ပိုလီယက်စတာ ပြန်ထုတ်နိုင်မယ့် တစ်ကျော့ပြန်သုံး စီးပွားရေး နယ်ပယ်မှာ အသုံးဝင်ဖို့ မျှော်လင့်နေပါတယ်။
ပိုလီယက်စတာနဲ့ ထုတ်လုပ်ပြီးသား အဝတ်အစားကို ပြန်လည်ချေဖျက်ရေးမှာတော့ လက်ရှိ ခက်ခဲနေသေးပြီး ဆိုးဆေးနဲ့တကွ တခြား ဓာတုဗေဒပစ္စည်းတွေလည်း ပါဝင်မှုကြောင့် သဘာဝအတိုင်း ဆွေးမြေ့အောင် လုပ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဒေါက်တာ ဘန်မာကတော့ စွန့်ပစ်အဝတ်အထည်တွေထဲက PET ကို ပိုလီယက်စတာအသစ် ပြန်ထုတ်နိုင်တဲ့ အရည်တွေ ဖြစ်အောင် ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပြီး ဒီဖြစ်စဉ်မှာ တခြားပါဝင်ပစ္စည်းတွေက အင်ဇိုင်းရဲ့ ချေဖျက်နိုင်စွမ်းကို မနှောင့်ယှက်နိုင်အောင် သုတေသန ဆက်လုပ်နေပါတယ်။
ပလတ်စတစ်ကို အသွင်ပြောင်းမှု အလားအလာ
ကမ္ဘာတဝန်း ပလတ်စတစ် ထုတ်လုပ်မှု ဆက်လက် မြင့်တက်နေရာမှာ ၂၀၆၀ အရောက်မှာ လက်ရှိထက် သုံးဆလောက် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီလို အလားအလာရှိနေတာကို ဖြေရှင်းရာမှာ ပလတ်စတစ်ကို ပြန်သုံးတဲ့ နည်းလမ်းကိုသာ ပြောဆိုနေကြပြီး လိုက်မီအောင် မလုပ်နိုင်လောက်ဘူးလို့လည်း ဝေဖန်နေသူ အများအပြား ရှိပါတယ်။
ပါမောက္ခ ရိုက်စနာကတော့ သူတို့ရဲ့ စနစ်ကို ဖြည်းဖြည်းချင်း တိုးမြှင့်ပြီး ပိုမို နက်နဲတဲ့ ပလတ်စတစ် အသွင်ပြောင်း ပစ္စည်းတွေ ထုတ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ တချိန်ချိန်မှာ နေရောင်ခြည် သီးသန့်အသုံးပြုတဲ့ ပလတ်စတစ် အသွင်ပြောင်း စက်ရုံကြီးတွေအထိ ပေါ်လာဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့စနစ်က ထုတ်ပေးနိုင်တဲ့ syngas ကို လက်ရှိမှာ ရုပ်ကြွင်းလောင်စာတွေ သုံးပြီး ထုတ်လုပ်နေတာ တနှစ်ကို တန် သန်း ၆၀ဝ အထိ ရှိနေပြီးသား ဖြစ်တဲ့အတွက် သူတို့ကလည်း အလားတူ အလျင်မီ ပြည့်မီအောင် ထုတ်လုပ်နိုင်လာရင် ဓာတုလောင်စာ ဈေးကွက်ကို ပတ်ဝန်းကျင်အတွက် ရေတိုရေရှည်ကောင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ ရိုက်စနာက ပြောဆိုခဲ့ပါတယ်။








