ဒီဇယ်အင်ဂျင်တွေမှာ ဟိုက်ဒရိုဂျင်လောင်စာသုံးဖို့ ကြိုးစားမှုတွေ ဘယ်လောက် အောင်မြင်နေပြီလဲ

ဟိုက်ဒရိုဂျင်သုံးနိုင်တဲ့ ဒီဇယ်အင်ဂျင် ပြောင်းလဲမှုတွေဟာ သတ္ထုတွင်းတူးလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်မယ်

ဓာတ်ပုံ ရင်းမြစ်, DOMINIK VANYI

ဓာတ်ပုံ ပုံစာ, ဟိုက်ဒရိုဂျင်သုံးနိုင်တဲ့ ဒီဇယ်အင်ဂျင် ပြောင်းလဲမှုတွေဟာ သတ္ထုတွင်းတူးလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်မယ်

ဒီဇယ်အင်ဂျင်တွေမှာ ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပေါင်းစပ်သုံးဖို့ ကြိုးစားမှုတွေထဲက ထင်ရှားတဲ့ ကြိုးစားမှု တခုကို သြစတြေးလျနိုင်ငံမှာ တွေ့ရပါတယ်။

သမားရိုးကျ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အစရှိတဲ့ ရုပ်ကြွင်းလောင်စာတွေကို စွမ်းအင်ရအောင် လောင်ကျွမ်းစေမယ်ဆိုရင် လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထွက်တတ်ပေမယ့် ဟိုက်ဒရိုဂျင်လောင်ရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်တာကြောင့် ဒါကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ လောင်စာတခုအဖြစ် ရှုမြင်ထားကြတာ အချိန်အတော်ကြာပြီလည်း ဖြစ်ပါတယ်။

အခုလို ကြိုးစားမှုအတွက် သြစတြေးလျမှာ ဟိုက်ဒရိုဂျင်နဲ့ ဒီဇယ် တွဲဖက် အသုံးပြုနိုင်တဲ့ အင်ဂျင်ကို စမ်းသပ်နေပြီး သြစတြေးလျနိုင်ငံအတွင်းက ကာဗွန်ဓာတ်ငွေ့ စွန့်ထုတ်မှုများတဲ့ လုပ်ငန်းကြီးတွေကို ကာဗွန်အထွက်လျော့အောင် လုပ်နိုင်ဖို့ မျှော်မှန်းနေတာလည်း ဖြစ်ပါတယ်။

ဒီဇယ်အင်ဂျင်တွေမှာ ဟိုက်ဒရိုဂျင်တိုက်ရိုက်ပေးသွင်း လည်ပတ်စေနိုင်တဲ့စနစ်တခုကို ထပ်မံတပ်ဆင်နိုင်ခဲ့
ဓာတ်ပုံ ပုံစာ, ဒီဇယ်အင်ဂျင်တွေမှာ ဟိုက်ဒရိုဂျင်တိုက်ရိုက်ပေးသွင်း လည်ပတ်စေနိုင်တဲ့စနစ်တခုကို ထပ်မံတပ်ဆင်နိုင်ခဲ့

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က အင်ဂျင်နီယာတွေရဲ့ အပြောအရ ဆိုရင် သူတို့ဟာ သမားရိုးကျ ဒီဇယ်သုံး အင်ဂျင်ကို ဟိုက်ဒရိုဂျင်လည်း တွဲဖက်အသုံးပြုနိုင်အောင် ပြုပြင်ပြောင်းလဲ လိုက်နိုင်ပြီလို့ ဆိုပါတယ်။

အခုလို ပြုပြင်ပြောင်းလဲလိုက်တဲ့ အင်ဂျင်မှာ ဒီဇယ်အနည်းငယ်သာ အသုံးပြုဖို့ လိုအပ်ပြီး ဟိုက်ဒရိုဂျင်ကို အဓိကထား အသုံးပြု လည်ပတ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုလို အောင်မြင်သွားတဲ့ အင်ဂျင်ကို ပြုပြင်တဲ့ ပုံစံကို ဒီအင်ဂျင်နီယာတွေက မှတ်ပုံတင် မူပိုင်ခွင့် ယူထားပြီး ဖြစ်ပြီး ဒီဇယ်သက်သက်သုံး အင်ဂျင်သုံးတာထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှုနှုန်း ၈၅ ရာခိုင်နှုန်းအထိ လျော့သွားမယ်လို့ ဆိုပါတယ်။

အခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အဖွဲ့ကတော့ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က စက်ပစ္စည်း လည်ပတ်မှုနဲ့ ထုတ်လုပ်ရေးအပိုင်း အင်ဂျင်နီယာဌာနက ပါမောက္ခ ရှောင်ကွတ်နဲ့ သူ့ရဲ့ အဖွဲ့သားတွေ ဖြစ်ပါတယ်။

ရှိပြီးသား ဒီဇယ်အင်ဂျင်တွေမှာ ကာဗွန်ထုတ်လွှတ်မှု အလွန်နည်းတဲ့ ဟိုင်ဒရိုဂျင်သုံးနိုင်မှုကို နိုင်ငံတကာက အလွန်စိတ်ဝင်စားနေကြရာမှာ အခုလို သူတို့အဖွဲ့ရဲ့ စမ်းသပ်မှု အောင်မြင်သွားလို့ ဂျာမနီ၊ တောင်အာဖရိက၊ ဘရာဇီး၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က အားတက်သရော စုံစမ်းမေးမြန်းလာကြတယ်လို့ ဆိုပါတယ်။

ပါမောက္ခ ရှောင်ကွတ်က သူတို့ အဖွဲ့သားတွေဟာ ရှိနေပြီးသား ဒီဇယ်အင်ဂျင်တွေမှာ ဟိုက်ဒရိုဂျင်တိုက်ရိုက်ပေးသွင်း လည်ပတ်စေနိုင်တဲ့စနစ်တခုကို ထပ်မံတပ်ဆင်နိုင်ခဲ့ပြီး ဒီနည်းအတိုင်း ဘယ်လိုသမားရိုးကျ အင်ဂျင်မျိုးကိုမဆို ဒါကို ထပ်တပ်နိုင်တယ်လို့ ဆိုပါတယ်။

သူတို့စနစ်ရဲ့ ထူးခြားချက်ကတော့ ဒီဇယ်နဲ့ ဟိုက်ဒရိုဂျင်လောင်စာနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်အောင် လုပ်ထားတဲ့စနစ် ဖြစ်ပြီး ဒီလိုပေါင်းစပ်ထားတဲ့ လောင်စာကနေ အင်ဂျင်လည်ပတ်အောင် စွမ်းအင်ထုတ်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ပေါင်းစပ်တဲ့နေရာမှာ ၉၀ ရာခိုင်နှုန်းက ဟိုက်ဒရိုဂျင်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းသာ ဒီဇယ်ဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

အခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အဖွဲ့ကတော့ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က စက်ပစ္စည်း လည်ပတ်မှုနဲ့ ထုတ်လုပ်ရေးအပိုင်း အင်ဂျင်နီယာဌာနက ပါမောက္ခ ရှောင်ကွတ် နဲ့တကွ သူ့ရဲ့ အဖွဲ့သားတွေ ဖြစ်
ဓာတ်ပုံ ပုံစာ, အခုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အဖွဲ့ကတော့ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်က စက်ပစ္စည်း လည်ပတ်မှုနဲ့ ထုတ်လုပ်ရေးအပိုင်း အင်ဂျင်နီယာဌာနက ပါမောက္ခ ရှောင်ကွတ် နဲ့တကွ သူ့ရဲ့ အဖွဲ့သားတွေ ဖြစ်

အခုလို လောင်စာနှစ်မျိုးကို ပေါင်းစပ်တဲ့နေရာမှာ အတော်သတိထား ချိန်သားကိုက်ဖို့ လိုအပ်ပြီး ဟိုက်ဒရိုဂျင်ထည့်တဲ့အချိန် ချိန်သားမကိုက်ဘူးဆိုရင် ပေါက်ကွဲမှု ဖြစ်သွားနိုင်လို့ အင်ဂျင်စနစ်တခုလုံး လောင်သွားနိုင်တယ်လို့ ပါမောက္ခ ကွတ်က ရှင်းပြပါတယ်။

ပုံမှန်အားဖြင့် ဟိုက်ဒရိုဂျင်လောင်စာသုံး အင်ဂျင်တွေကို လည်ပတ်စေရာမှာ အင်ဂျင်စလင်ဒါအတွင်းမှာရှိတဲ့ လေနဲ့ရောနှောမိပြီး လူအသက်ရှူလမ်းကြောင်း ထိခိုက်စေတဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓာတ်ငွေ့ ထွက်လာတတ်ပါတယ်။

ဒီလို ဖြစ်တတ်တဲ့အတွက်ကြောင့်ပဲ ဟိုက်ဒရိုဂျင်သုံး မော်တာတွေ စီးပွားဖြစ် မတွင်ကျယ်သေးတာလည်း ဖြစ်ပါတယ်။

အခုလို ဟိုက်ဒရိုဂျင်နဲ့ အင်ဂျင်စလင်ဒါထဲက လေရောသွားမှုကို ထိန်းချုပ်နိုင်မယ်ဆိုရင် နိုက်ထရိုဂျင်အောက်ဆိုဒ် မထွက်တော့အောင် လုပ်နိုင်မယ်ဆိုတာကို လေ့လာမှုတွေကတဆင့် သိရှိထားပြီး ဖြစ်တယ်လို့လည်း ပါမောက္ခ ကွတ်က ဆိုပါတယ်။

hydrogen
ဓာတ်ပုံ ပုံစာ, သြစတြေးလျမှာ ဟိုက်ဒရိုဂျင်နဲ့ ဒီဇယ် တွဲဖက် အသုံးပြုနိုင်တဲ့ အင်ဂျင်ကို စမ်းသပ်နေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သြစတြေးလျမြို့တော် ဆစ်ဒနီမှာ လက်ရှိအခြေစိုက်ထားတဲ့ ပါမောက္ခ ကွတ်နဲ့ အဖွဲ့ရဲ့အဆိုအရ အခုလို ဟိုက်ဒရိုဂျင်သုံးနိုင်တဲ့ ဒီဇယ်အင်ဂျင် ပြောင်းလဲမှုတွေဟာ သတ္ထုတွင်းတူးလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။

အဲဒီ နယ်ပယ်တွေက ဒီဇယ်သုံး ကားကြီးတွေနဲ့တကွ စွမ်းအင်အမြောက်အများလိုအပ်တဲ့ စက်ကိရိယာတွေမှာ ဟိုက်ဒရိုဂျင်ထည့်ပြီး လည်ပတ်နိုင်အောင် အင်ဂျင်တွေ ပြုပြင်လိုက်ဖို့က လပိုင်းသာ ကြာနိုင်တယ်လို့လည်း ဒီအဖွဲ့က ယုံကြည်နေပါတယ်။

ဒါပေမဲ့ သမားရိုးကျ ကားဈေးကွက် နယ်ပယ်မှာတော့ လျှပ်စစ်သုံးနဲ့ လျှပ်စစ်နဲ့တခြားလောင်စာ တွဲဖက်သုံး ကားတွေက ခေတ်ရှေ့ပြေးနေကြပြီးသား ဖြစ်နေပြီး ဒီဇယ်သုံးကားတွေကိုလည်း စတင် အစားထိုးလာပြီ ဖြစ်တဲ့အတွက် အခုလို ဟိုက်ဒရိုဂျင်နဲ့ ဒီဇယ် တွဲဖက်သုံးတဲ့ နည်းပညာကို စိတ်ဝင်စားကြနိုင်ခြေ နည်းမယ်လို့ ပါမောက္ခ ကွတ်က ဆိုပါတယ်။

တဖက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ဘီလျံများစွာ တန်ကြေးရှိတဲ့ သတ္ထုတွင်းတူးလုပ်ငန်း နယ်ပယ်မှာ ဒီဇယ်စွမ်းအင်ကိုသာ လုံးဝအသုံးပြုနေသေးတဲ့အခြေအနေကို ဟိုက်ဒရိုဂျင်အစားထိုး သုံးမှုနဲ့ အဖြေရှာဖို့ လိုနေပြီလို့လည်း ပါမောက္ခ ကွတ်က ဆိုပါတယ်။

လက်ရှိ သြစတြေးလျရဲ့ ဒီနယ်ပယ်မှာ ဒီဇယ်သုံး လျှပ်စစ်ထုတ်စက်ကြီးတွေ၊ ကုန်တင်ကား အကြီးစားကြီးတွေနဲ့ မြေအောက်သုံး စက်ကြီးတွေကို ကာဗွန်ထုတ်လွှတ်မှုများလို့ဆိုပြီး ချက်ချင်း အစားထိုးမယ်ဆိုရင် ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာသွားမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ချက်ချင်းအစားထိုးတာ မဟုတ်ဘဲ ဟိုက်ဒရိုဂျင်ကို ဒီဇယ်နဲ့ တွဲဖက် အသုံးပြုတဲ့ အင်ဂျင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် ဖြေးဖြေးချင်း ပြောင်းလဲသွားလို့ရမယ်လို့လည်း သူက ဆိုပါတယ်။

ပါမောက္ခ ကွတ် အနေနဲ့ သူ့ရဲ့ မျိုးဆက်သစ် အင်ဂျင်ဟာ နောက် ၂ နှစ်အတွင်း ရောင်းကုန်အဆင့်တခု ရောက်လာမယ်လို့လည်း မျှော်လင့်နေပါတယ်။

hydrogen

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြစတြေးလျနိုင်ငံ ဆိုတာကလည်း နေရောင်ခြည်များများရပြီး လေတိုက်များတဲ့ နိုင်ငံလည်းဖြစ်တဲ့အတွက် အဲဒီကရတဲ့ ပြည့်မြဲစွမ်းအင်ကနေလည်း ဟိုက်ဒရိုဂျင်ထုတ်ရ လွယ်ကူနိုင်

အခုလို မျှော်လင့်နေကြတဲ့ သြစတြေးလျ အခြေစိုက်အဖွဲ့နဲ့ အပြိုင် နည်းပညာသစ် ဖော်ဆောင်ဖို့ ကြိုးစားနေကြသူတွေ နိုင်ငံတကာမှာလည်း ရှိနေကြပေမယ့် သြစတြေးလျက အဖွဲ့ကတော့ သူတို့မှာ တပန်းသာတဲ့ အချက်ရှိနေတယ်လို့ ယူဆနေကြပါတယ်။

အဲဒီအချက်ကတော့ ဟိုက်ဒရိုဂျင် အချိုးအစား ရာခိုင်နှုန်းများများနဲ့ ဒီဇယ် အချိုးအစား ရာခိုင်နှုန်းနည်းနည်း အသုံးပြု အောင်မြင်မှုဖြစ်တယ်လို့ ဒီအဖွဲ့မှာ ပါဝင်တဲ့ တရုတ်နိုင်ငံကနေ နယူးဆောက်ဝေးလ်စ် တက္ကသိုလ်မှာ လာရောက် တက်ရောက်နေတဲ့ ပါရဂူတန်း ကျောင်းသား ရှင်ယုလွီက ဆိုပါတယ်။

အခုလို ကမ္ဘာ့လေထု ညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့တကွ တခြားဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို တခြားသူတွေ သုတေသနလုပ်နေတဲ့ နည်းလမ်းတွေထက်နည်းအောင် လုပ်နိုင်ခဲ့ရာမှာ အသေးစား အင်ဂျင်နဲ့ စမ်းသပ်မှုအောင်မြင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သူတို့ရဲ့ အောင်မြင်မှုနဲ့ ရှေ့ရေးအလားအလာတို့နဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးတခုဟာလည်း ဟိုင်ဒရိုဂျင်စွမ်းအင်ဆိုင်ရာ နိုင်ငံတကာဂျာနယ်မှာ ဖော်ပြခံခဲ့ရပြီး ဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်လောင်စာကို ထုတ်ယူရာမှာတော့ မြေကြီးထဲကနေလည်း ထုတ်ယူနိုင်ပေမယ့် အများစုကို အဆင့်ဆင့် ထုတ်ယူတဲ့ လုပ်ငန်းစဉ်နဲ့ ထုတ်လုပ်ရပြီး ဒီလုပ်ငန်းစဉ်မှာ ကာဗွန်မိုနောက်ဆိုဒ်လည်း ထွက်တယ်လို့ ဆိုပါတယ်။

အမှန်တကယ် သဘာဝပတ်ဝန်းကျင် မထိခိုက်မယ့် ဟိုက်ဒရိုဂျင်ထုတ်နည်းကတော့ ပြည့်မြဲစွမ်းအင်သုံး ထုတ်ထားတဲ့ လျှပ်စစ်ကို အသုံးပြုပြီး ရေကို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ခွဲခြားတဲ့နည်းဖြစ်ပါတယ်။

ဒီနည်းလမ်းက လက်ရှိမှာ ကုန်ကျစရိတ်ကြီးမားတဲ့ နည်းလမ်းဖြစ်နေသေးပေမယ့် နည်းပညာတိုးတက်မှုနဲ့တကွ လျှပ်စစ်စွမ်းအင် ဈေးချိုလာမှုနဲ့အတူ ရေရှည် အလားအလာကောင်းတဲ့ နည်းလမ်းတခု ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံ ဆိုတာကလည်း နေရောင်ခြည်များများရပြီး လေတိုက်များတဲ့ နိုင်ငံလည်းဖြစ်တဲ့အတွက် အဲဒီကရတဲ့ ပြည့်မြဲစွမ်းအင်ကနေလည်း ဟိုက်ဒရိုဂျင်ထုတ်ရ လွယ်ကူနိုင်ပါတယ်။