နိုင်ဂျီးရီးယားမှာ ဆယ်စုနှစ်တစ်ခုကြာ လူအစုလိုက် ပြန်ပေးဆွဲခံနေရမှုတွေကို အစိုးရက ဘာကြောင့် မနှိမ်နင်းနိုင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Ifeanyi Immanuel Bakwenye / AFP via Getty Images
နိုင်ဂျီးရီးယားနိုင်ငံမှာ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုကြီးတွေကို ရင်ဆိုင်နေရပါတယ်။ သောကြာနေ့တုန်းက နီဂျဲပြည်နယ်က စိန့်မေရီ ကက်သလစ် စာသင်ကျောင်းတစ်ခုကနေ ကျောင်းသား ကလေးငယ်တွေနဲ့ ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အတော်များများကတော့ ထွက်ပြေး လွတ်မြောက်လာပြီး မိဘတွေဆီ ပြန်ရောက်လာပြီလို့ သတင်းတချို့က ဆိုပါတယ်။
ဒါဟာ နိုင်ဂျီးရီးယားမှာ သီတင်းတပတ်အတွင်း ဒီလိုပြန်ပေးမှုမျိုး တတိယအကြိမ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပြန်ပေးဓားပြတွေအဖြစ် ဒေသခံတွေ သိထားကြတဲ့ ရာဇဝတ်ဂိုဏ်းတွေက လူတွေကို အတင်းအဓမ္မပြန်ပေးဆွဲ ခေါ်သွားပြီး ပြန်ပေးငွေ တောင်းလေ့ရှိတဲ့ ဖြစ်ရပ်တွေက နိုင်ဂျီးရီးယားနိုင်ငံက နေရာအတော်များများမှာ အဓိက ပြဿနာ အဖြစ် ကြုံတွေ့လာနေရပါတယ်။
၂၀၁၄ ခုနှစ်က ချီဘွတ်ခ်မြို့က စာသင်ကျောင်းကနေ ကျောင်းသူ မိန်းကလေးငယ် ၂၇၆ ယောက်ကို ဘိုကို ဟာရမ် အစ္စလာမစ်ဝါဒီ လက်နက်ကိုင်အုပ်စုက ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တာ အခုဆိုရင် ဆယ်စုနှစ် တစ်ခု ရှိသွားပြီ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာက အာရုံစိုက်လာခဲ့ပြီး အဲဒီမိန်းကလေးတွေ ပြန်လွတ်လာဖို့ ကမ္ဘာတဝန်းက ကြိုးပမ်း လုပ်ဆောင်လာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ချီဘွတ်ခ်မြို့က ဓားစာခံ မိန်းကလေးငယ်အတော်များများ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး တချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မိန်းကလေးငယ် ၁၀၀ လောက်ကတော့ ခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဒါဆိုရင် ဒီလိုပြန်ပေးဆွဲမှုတွေက ဘာ့ကြောင့် ခုချိန်ထိ ဖြစ်နေဆဲပါလဲ။

ဓာတ်ပုံ ရင်းမြစ်, John Okunyomih/ AFP via Getty Images
ဝေးလံခေါင်သီတဲ့ နေရာက စာသင်ကျောင်းတွေ
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းက နေရာအတော်များများမှာ လုံခြုံရေး မတည်ငြိမ်မှုကို ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အုပ်စုတွေ လှုပ်ရှားနေတဲ့ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဗဟိုမြောက်ပိုင်းတွေက လူသူအရောက်နည်းတဲ့ ဒေသတွေမှာ ပိုဆိုးပါတယ်။ ပြန်ပေးဆွဲပုံ ဆွဲနည်းပုံစံကတော့ တစ်ထေရာတည်း ဖြစ်ပါတယ်။ ပထမဆုံး လက်နက်ကိုင် ဂိုဏ်းအုပ်စုတွေ မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာကြမယ်၊ သေနတ်တွေနဲ့ ခြိမ်းခြောက် ပစ်ခတ်မယ်၊ ဓားစာခံတွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားမယ်၊ ပြီးရင်တော့ အနားက တောအုပ်ထဲ ပုန်းလျှိုး ပျောက်ကွယ်သွားပါလိမ့်မယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဓားပြတွေ ဆိုတဲ့ အဲဒီ လက်နက်ကိုင်တွေရဲ့ ပြန်ပေးဆွဲမှုတွေဟာ ဘာသာရေး အကြောင်းရင်းခံထက် ပြန်ပေးငွေ တောင်းဖို့ ဖြစ်ပြီး အထူးသဖြင့် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတာက လုံခြုံရေးအားနည်းလို့ ဖြစ်တယ်လို့ အကဲခတ်တွေက ယူဆပါတယ်။
သားသမီးတွေ ပြန်လွတ်လာဖို့ မိဘတွေက ပြန်ပေးငွေ ပေးကြမယ့်ပုံ ပိုရှိတယ်လို့ ပြန်ပေးသမားတွေက ယူဆကြကြောင်းလည်း အကဲခတ်တွေက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံ အရှေ့မြောက်ပိုင်းမှာတော့ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲလေ့ရှိတဲ့ ဘိုကို ဟာရမ် လို အစွန်းရောက်ဝါဒီ အုပ်စုတွေကတော့ ငွေရဖို့တင်သာမက အစ္စလာမ်ဘာသာကို စစ်စည်းကမ်းလို တင်းတင်းကျပ်ကျပ် ကျင့်သုံးစေချင်စိတ်ကြောင့်ရော၊ အနောက်တိုင်းပညာရေးစနစ်ကို ဆန့်ကျင်ပြီး မိန်းကလေးငယ်တွေ ပညာမသင်သင့်ဘူးဆိုတဲ့ သူတို့ရဲ့ အယူဝါဒကြောင့်ပါ ကျောင်းသူမိန်းကလေးငယ်တွေကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲ ခေါ်ဆောင်ကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အတော်များများ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က လစ်ဗျားနိုင်ငံမှာ မွမ်မွာ ဂဒါဖီ ပြုတ်ကျပြီးကတည်းက နိုင်ဂျီးရီးယားနိုင်ငံရဲ့ နယ်စပ်တွေကနေတဆင့် လက်နက်တွေ အလုံးလိုက်အရင်းလိုက် ဝင်လာခဲ့တဲ့အတွက် နိုင်ငံတွင်း လုံခြုံရေး အခြေအနေ ပိုဆိုးဝါးလာခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Adam Abu-bashal/Anadolu via Getty Images
ပြန်ပေးငွေ မပေးနိုင်ရင် ပညာသင်ခွင့် မရှိ
ရာဇဝတ်ဂိုဏ်းတွေထံ ငွေထောက်ပံ့မှု ဖြတ်တောက်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြန်ပေးငွေ တောင်းမှုကို ဥပဒေ ချိုးဖောက်မှုအဖြစ် ကြေညာထားပါတယ်။ ဒါပေမဲ့ ဒါက အကျိုးသက်ရောက်မှု မရှိသလောက်ပါပဲ။
နိုင်ဂျီးရီးယား သမ္မတ ဘိုလာ တီနူဘူ က လုံခြုံရေး စိုးရိမ်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် သူ့ရဲ့ ပြည်ပခရီးစဉ်တွေကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ဖယ်ဒရယ် ကောလိပ် ၄၀ကျော် ပိတ်ထားဖို့ကိုလည်း ဗဟိုအစိုးရက ညွှန်ကြားလိုက်ပါတယ်။ ပြည်နယ်တချို့မှာတော့ အစိုးရစာသင်ကျောင်းတွေ ပိတ်ထားလိုက်ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ လုံခြုံရေး မတည်ငြိမ်မှုတွေ တိုးလာနေတာကြောင့် နိုင်ဂျီးရီးယားနိုင်ငံမှာ ဒေါသအမျက်ထွက်နေကြသလို စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေပြီး ကလေးငယ်တွေနဲ့ လူမှုအသိုင်းအဝိုင်းကို အကာအကွယ်ပေးနိုင်ရေးအတွက် ပိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
နိုင်ငံမြောက်ပိုင်းတဝန်း အထူးသဖြင့် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြန်ပေးဆွဲမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ဂျီးရီးယား အစိုးရက ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရင်းအမြစ်တွေက အတော့်ကို နည်းပါးလွန်းလှပါတယ်။ နိုင်ငံ အနောက်မြောက်ပိုင်းမှာတော့ ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်တွေ ပြန်လွတ်လာဖို့ ရာဇဝတ်ဂိုဏ်းတွေနဲ့ အပေးအယူလုပ်နိုင်ရေးမှာ ဌာနေလူမျိုးစု ခေါင်းဆောင်တွေအပေါ် အစိုးရက အားထားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pius Utomi Ekpei/AFP via Getty Images
စီးပွားရေး အကြောင်းရင်း
နိုင်ဂျီးရီးယားမှာ လုံခြုံရေး မတည်ငြိမ်မှုတွေ တိုးလာတာ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ လုံခြုံရေးကင်းမဲ့နေမှုဟာ စီးပွားရေးအခြေအနေ၊ ချို့တဲ့တဲ့ အခြေခံအဆောက်အအုံနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ အကဲခတ် အတော်များများ က ပြောနေပါတယ်။
ဥပမာအားဖြင့် စိတ်မချရလောက်အောင် ဆိုးဆိုးဝါးဝါး လျှပ်စစ်ဓာတ် ပြတ်တောက်မှုတွေကြောင့် အခွင့်အလမ်းတွေ၊ ဆန်းသစ်တီထွင်မှုတွေ မလုပ်နိုင်ကြဘဲ အလုပ်အကိုင် ဖန်တီးမှုတွေမှာ ထိခိုက်လာနေတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ လစ်ဟာနေမှုကြောင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်သား စုဆောင်းမှု လမ်းကြောင်းထဲ လူတွေ ရောက်ကုန်ကြတယ်လို့ နိုင်ဂျီးရီးယားနိုင်ငံထုတ် BusinessDay သတင်းစာပါ လတ်တလော သတင်းဆောင်းပါးတစ်ပုဒ်က ဆိုပါတယ်။
"အခွင့်အလမ်း ကင်းမဲ့နေတဲ့ လူငယ် အတော်များများအတွက် ပြန်ပေးဆွဲတာကသာ ချမ်းသာကြွယ်ဝနိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် မြင်လာကြပါတယ်။ ရာဇဝတ်မှု ကျူးလွန်ဖို့ကသာ မျှော်လင့်ချက် ဖြစ်လာချိန်မျိုးမှာ နိုင်ငံအနေနဲ့ ဗျူဟာပိုင်း လက်လွတ်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။
ပြန်ပေးသမားတွေရဲ့ ငွေကြေးကွန်ရက်တွေကို ဟန့်တားနိုင်ဖို့အတွက် ခေတ်မီ ခြေရာခံ နည်းပညာရပ်တွေ လိုအပ်နေကြောင်း ဒါပေမဲ့ ရာဇဝတ်သားတွေ ခေါ်ယူခန့်ထားမှု လျော့ကျသွားစေဖို့အတွက် စီးပွားရေး တည်ငြိမ်စေဖို့ အမြန်ဆုံး အဓိက ဦးစားပေး လုပ်ဆောင်ဖို့ လိုတယ်လို့လည်း အာဖရိကဒေသ ဆိုင်ရာ SBM ထောက်လှမ်းရေး အကြံပေးအဖွဲ့က ဆိုပါတယ်။
နိုင်ဂျီးရီးယားအပေါ် ထရမ့်ရဲ့ သဘောထား
နိုင်ဂျီးရီးယားမှာ ရှိတဲ့ ခရစ်ယာန်တွေ ကွပ်မျက်ခံနေရတယ်ဆိုပြီး အမေရိကန် သမ္မတ ထရမ့် အပါအဝင် အမေရိကန်မှာ ရှိတဲ့ လက်ျာဝါဒီ ပုဂ္ဂိုလ်တွေက ပြောဆိုခဲ့ကြအပြီး သောကြာနေ့မှာ လူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အစိုးရကတော့ ဒီစွပ်စွဲပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။
နိုင်ဂျီးရီးယားမှာ အစ္စလာမစ် လက်နက်ကိုင်တွေက ခရစ်ယာန်တွေကို အကွက်ကျကျ ပစ်မှတ်ထားနေတယ်လို့ ဝါရှင်တန်မှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေက စွပ်စွဲပြောဆိုနေတာ လနဲ့ချီနေပြီ ဖြစ်ပါတယ်။
သမ္မတထရမ့်က တကယ်လို့ ခရစ်ယာန်တွေ သတ်ဖြတ်ခံနေရတာကို နိုင်ဂျီးရီးယား အစိုးရက ဆက်ခွင့်ပြုထားမယ်ဆိုရင် ယမ်းနံ့တွေ ဖုံးလွှမ်းနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံထဲ သူ့ရဲ့ တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ အခုလ အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
နိုင်ဂျီးရီးယား အစိုးရကတော့ ခရစ်ယာန်တွေ ကွပ်မျက် ခံနေရတယ် ဆိုတဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ဘဝနဲ့ လုံးဝ ကွာဟနေတဲ့ ပြောဆိုချက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
"အကြမ်းဖက်သမားတွေက သူတို့ရဲ့ အယူဝါဒတွေကို လက်မခံသူမှန်သမျှကို တိုက်ခိုက်လေ့ရှိပါတယ်။ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ သူတို့နဲ့ အယူဝါဒ မတူသူ ဘယ်သူမဆို တိုက်ခိုက်မှာပါ" လို့ နိုင်ဂျီးရီးယား အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း ဂျီဟာ့ဒ် ဝါဒီ အုပ်စုတွေက ဆယ်စုနှစ် တစ်ခုကျော်ကြာ တိုက်ခိုက်နေကြပါတယ်။
တိုက်ခိုက်မှု အများစုဟာ နိုင်ငံမြောက်ပိုင်း မွတ်ဆလင်အများစု နေထိုင်ရာ ဒေသတွေမှာ ဖြစ်နေတာမို့ အဲဒီက ဓားစာခံအများစုဟာ မွတ်ဆလင်တွေ ဖြစ်ကြတယ်လို့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာလည်း မွတ်ဆလင်အများစု ဖြစ်တဲ့ လှည့်လည်ကျက်စားသူတွေနဲ့ ခရစ်ယာန် ဒေသခံ စိုက်ပျိုးမွေးမြူသူတွေအကြား မကြာခဏဆိုသလို လူသေဆုံးရတဲ့အထိ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်လေ့ရှိပါတယ်။
ဒါပေမဲ့လည်း သူတို့အကြား တိုက်ခိုက်မှုတွေဟာ ဘာသာရေးထက် ရေပြင်၊ မြေပြင်လို သယံဇာတ အရင်းအမြစ်တွေ လုရာကနေ ဖြစ်လေ့ ရှိတာလို့ အကဲခတ်တွေက ပြောပါတယ်။
BBC News၊ BBC News Africa နဲ့ BBC Global Journalism ဌာနတွေက သတင်းပေးပို့ချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။








