ဇန်နဝါရီလ ၂၈ ရက် ထိပ်တန်းသတင်းများ - မြောက်ဦးမှာ လက်နက်ကြီးကျလို့ နေအိမ် ဆယ်ချီ မီးလောင်

မီးလောင်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီနေ့မနက်ပိုင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၂၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့ နန်းတော်ရာကုန်း အနောက်ဘက်နဲ့ မြောက်ဘက်နေရာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲရာကနေ နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့မှာ ဒီနေ့မနက်ပိုင်းက မီးလောင်တဲ့ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီရုပ်သံတွေထဲမှာတော့ နေအိမ်တွေ ၅ လုံးထက်မနည်းအတန်းလိုက် မီးလောင်နေတာကိုတွေ့ရသလို ဒေသခံတွေ အထုပ်အပိုးတွေ စုပြီး ဘေးလွတ်ရာ တိမ်းရှောင်ဖို့ လုပ်နေတာနဲ့ မီးသတ်ကားတစ်စီးက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

မြောက်ဦးမြို့က မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ရခိုင်ပြည်နယ်သတင်းတွေကို အဓိကဖော်ပြနေတဲ့ ဒေသတွင်း သတင်းတွေမှာတော့ မြောက်ဦးမြို့မှာ မနေ့ညတုန်းက လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၄ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့အကြောင်း သတင်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေပါတယ်။

ဒီထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားက တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နေရာအများစုမှာ ဆက်သွယ်ရေးပြတ်တောက်နေပြီး အဲဒီထဲမှာ မြောက်ဦးမြို့နယ်လည်း ပါဝင်ပါတယ်။

အေအေ ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ကတော့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်‌တွေမှာ အရင်ရက်တွေနည်းတူ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် - ၃၇၇ ခြေမြန်တပ်ရင်း၊ အမှတ် - ၅၄၀ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁ ရဲတပ်ရင်းတို့ရှိပြီး အဲဒီတပ်ရင်းတွေက ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ အခုလ အစောပိုင်းတုန်းကလည်း မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေထဲက နန်းတော်ရာကုန်း ဘက်ကို ကျရောက်ခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

မလေးရှား မြေပြိုမှုထဲပါခဲ့တဲ့ မြန်မာတွေရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့

ကူညီကယ်ဆယ်ရေး လုပ်ငန်း

ဓာတ်ပုံ ရင်းမြစ်, Bernama

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ ကင်မရွန်းတောင်ပေါ်မြို့၊ ကန်ပုံဘာတူးရပ်ကွက်က တောင်ပေါ်စိုက်ခင်း မြေပြိုကျမှုမှာ မြေပုံအောက်ရောက်ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ယောက်ရဲ့ ရုပ်အလောင်းအားလုံးကို ပြန်ရှာတွေ့ပြီလို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ ညပိုင်းက Cameron Highlands ခရိုင်က မြေပြိုကျမှုမှာ လူ ၅ ဦးပျောက်ဆုံးခဲ့တာဖြစ်ပြီး ၂ ဦးရဲ့ ရုပ်အလောင်းကို သောကြာနေ့မှာ ပြန်ရှာတွေ့ခဲ့ပေမဲ့ ၃ ဦးရဲ့ ရုပ်အလောင်းကိုတော့ စနေနေ့ကမှ တွေ့ရှိတာလို့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

‘‘အခု ရုပ်အလောင်းတွေ အားလုံးကို DNA စစ်ထားတယ်။ ကျန်ခဲ့တဲ့မိသားစုတချို့ရဲ့ DNA နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဘယ်သူဘယ်ဝါ တိတိကျကျအတည်ပြုနိုင်ရင် အားလုံးကို အတူတကွသင်္ဂြိုဟ်ပေးမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အခုအတည်ပြုထားချက်အရ သေဆုံးခဲ့သူ အားလုံးက ချင်းပြည်နယ်၊ မင်းတပ်မြို့က စိုက်ပျိုးရေးလုပ်သား‌ ချင်းတိုင်းရင်းသားတွေပါ။'' လို့ ဦးစန်းဝင်းကပြောပါတယ်။

သေဆုံးသူ မြန်မာနိုင်ငံသားတွေမှာ အသက် ၅၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၃၅ နှစ်ကျော် အမျိုးသား ၃ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ပါဝင်ပါတယ်။

မြေပြိုမှုဖြစ်တဲ့ဒေသဟာ မလေးရှားနိုင်ငံ မြောက်ဘက်မှာရှိပြီး မြို့တော်ကွာလာလမ်ပူကနေ ကီလိုမီတာ ၄၅၀ ကွာဝေးပါတယ်။ စိုက်ပျိုးရေးအဓိကလုပ်ကြတဲ့ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က Cameron Highlands ရဲတပ်ဖွဲ့က မြေပြိုနိုင်ခြေရှိတာကို သတိပေးခဲ့ပြီးနောက်မြေပြိုကျမှုဖြစ်ပေါ်ခဲ့ချိန်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်သွားတာပါ။

လက်ရှိမှာ အဲဒီနေရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတွေဆောင်ရွက်နေပြီး အကူအညီပေးရေးတွေဆက်လုပ်နေတယ်လို့ဆိုပါတယ်။

ဝင်ငွေနည်းအမျိုးသမီးတွေ လစဥ်ဓမ္မတာကိစ္စကို ဘယ်လိုဖြေရှင်းနေကြလဲ

ဝင်ငွေနည်းအမျိုးသမီးတွေ လစဥ်ဓမ္မတာကိစ္စကို ဘယ်လိုဖြေရှင်းနေကြလဲ

အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းပြည်ကို တည်ငြိမ်အောင်နဲ့ စီးပွားရေး နာလန်ထူအောင် မလုပ်နိုင်တာကို ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အိမ်ထောင်စုတွေရဲ့ ဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ပိုဆိုးလာပြီး လျှပ်စစ်မီး လုံလုံလောက်လောက် မရတာ၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲလာတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ အလုပ်အကိုင်တွေ ရှားပါးလာပြီး လုပ်အားခ နည်းပါးလာတာလို အခြေအနေတွေက စီးပွားရေး ပြန်လည် နာလန်ထူဖို့ နှောင့်နှေးစေတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြခဲ့ပါတယ်။

တဖက်မှာလည်း ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်စျေးနှုန်း မြင့်တက်မှုတွေ ကြုံနေရတဲ့ အခြေခံလုပ်သားတွေဟာ လုပ်ခလစာ မတိုးတဲ့အခါ နေ့စဥ်အသုံးစရိတ်အကျပ်အတည်းတွေရှိလာပါတယ်။

မြင့်တက်လာတဲ့ လူနေမှုစရိတ်၊ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့ကြား မဖြစ်မနေကုန်ကျရတဲ့အသုံးစရိတ်ကလွဲလို့ ငွေမသုံးဖို့ လျှော့ချရတဲ့စရိတ်တွေထဲ စျေးတွေတက်လာတဲ့ အသင့်သုံးအမျိုးသမီးလစဉ်သုံးပစ္စည်း လည်းအပါအဝင်ဖြစ်ပါတယ်။

ဒါပေမဲ့ လစဉ်ကြုံရတဲ့ဓမ္မတာချိန်မှာ မဖြစ်မနေသုံးရမယ့် Pad ကို လုံးဝလက်လွှတ်လို့လည်းမရပြန်ပါဘူး။ ဒီတော့ ဝင်ငွေနည်းအမျိုးသမီးတွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနေကြပါသလဲ။ ရုပ်သံမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတ္တုတွင်းဒေသ မော်ချီးကို ထိန်းချုပ်လိုက်ပြီလို့ KNDF ပြော

မော်ချီးဒေသမှာကို ထိန်းချုပ်လိုက်ပြီလို့ဆို

ဓာတ်ပုံ ရင်းမြစ်, KNDF

ကယား(ကရင်နီ)ပြည်နယ်ထဲ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းစတဲ့ အဖိုးတန် သတ္တုတွေထွက်ရာ မော်ချီးသတ္တုတွင်းဒေသကို ထိန်းချုပ်လိုက်ပြီလို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

ဇန်နဝါရီလ တစ်လအတွင်း ကယား(ကရင်နီ)ပြည်နယ်ထဲက စစ်ရေးအခြေအနေကို ထုတ်ပြန်ချိန် မော်ချီးဒေသ အကြောင်းကိုပါ ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။

‘‘ဖားဆောင်းမြို့နယ်ထဲ ပါဝင်တဲ့ မော်ချီးဒေသမှာ သတ္တုတွင်းကို လုံခြုံရေးစောင့်ကြပ်တဲ့ စစ်ကောင်စီ တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာမဖြစ်ဘဲ တပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ စခန်းကုန်းတွေကနေ စွန့်ပစ် ဆုတ်ခွာသွားတာကြောင့် မော်ချီးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်တာ’’ လို့ ဆိုပါတယ်။

ဖားဆောင်းမြို့နယ်နဲ့ဆက်လျက်မှာရှိတဲ့ ဘော်လခဲမြို့နယ်ထဲမှာလည်း ရွာသစ်မြို့နဲ့ ဘော်လခဲမြို့ကြားက ၁၂ မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

သံလွင်မြစ်ကမ်းဘေး၊ ထိုင်း-မြန်မာနယ်စပ်အနီးက ရွာသစ်မြို့ကိုတော့ ထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲမှုအပြီးပေါ်လာတဲ့ ကယား(ကရင်နီ)ပြည်နယ်မြို့တော် လွိုင်ကော်မြို့သိမ်း တိုက်ပွဲအခြေအနေကို ထုတ်ပြန်ရာမှာတော့ ‘‘လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့တွေက စစ်ကောင်စီတပ်စခန်း ၂၀ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လွိုင်ကော်အခြေစိုက် ဒကစ ကို ဝိုင်းရံ ခြိမ်းခြောက် တိုက်ခိုက်နိုင်ခဲ့တယ်’’ လို့ ဆိုပါတယ်။

ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့ကို ၂၀၂၃ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မယ်စဲ့မှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက် ကရင်နီပြည်သူ့စစ်လည်း ပူးပေါင်းပါဝင်ခဲ့ပြီး ပြည်နယ်ထဲက မြို့နယ်တွေမှာ စစ်ရှိန် မြင့်တက်နေပါတယ်။

လာအိုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမယ့် pullman ဟိုတယ်ကို ဇန်နဝါရီလ ၂၇ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမယ့် pullman ဟိုတယ်ကို ဇန်နဝါရီလ ၂၇ ရက်တုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေ ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံ၊ လွမ် ဖရာဘန်မြို့မှာ ဒီနေ့ စတင် ကျင်းပနေပြီဖြစ်ပါတယ်။

လာအိုနိုင်ငံဟာ အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်။

ဇန်နဝါရီလ ၂၈ ရက်ကနေ ၂၉ အထိ ကျင်းပမယ့် အဲဒီအစည်းအဝေးကို လာအိုဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Saleumxay Kommasith က ဦးဆောင်ကျင်းပမှာဖြစ်ပြီး မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နဲ့ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

လွမ်ဖရာဘန်မှာ ကျင်းပတဲ့ အခုအစည်းအဝေးပွဲဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့လာအိုနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။

အစည်းအဝေးတက်မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ‘‘ဝန်ကြီးတွေဟာ ဒေသတွင်းကို ရိုက်ခတ်တဲ့ မြန်မာပြည်တွင်းက အခြေအနေလို ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြဖို့ ရှိတယ်’’ လို့ ဇန်နဝါရီလ ၂၆ ရက်တုန်းက ထုတ်ပြန်ပြောဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အလှည့်ကျဥက္ကဋ္ဌရဲ့ ဦးစားပေးလုပ်ဆောင်မယ့် လုပ်ငန်းဆောင် တာတွေကို အဓိကထားဆွေးနွေးကြမှာဖြစ်ပြီး မနှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံအစည်းအဝေးပွဲနောက်ဆက်တွဲ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမတိုင်ခင် သီတင်းပတ်တွေတုန်းကတော့ အာဆီယံအလှည့်ကျ လာအိုနိုင်ငံက ခန့်အပ်လိုက်တဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံ အာလွန်ကောင်း ကစ်တီကွန်းဟာ နေပြည်တော် အထိလာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်၊ သူ့ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့၊ အပစ်ရပ် NCA စာချုပ်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း သီးခြားစီ တွေ့ဆုံထားပါတယ်။

ဒါကြောင့် အထူးသံဟာ မြန်မာ့အရေး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံထားတဲ့သူ့ခရီးစဥ်တွေနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အခုအစည်းအဝေးမှာ ဆွေးနွေးတင်ပြနိုင်ခြေရှိတယ်လို့ နားလည်ရပါတယ်။