၁၆ နှစ်အောက် လူမှုကွန်ရက်သုံးခွင့် သြစတြေးလျ ပိတ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဟန်နာ ရစ်ချီ
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဆစ်ဒနီ
အထက်လွှတ်တော်က ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေကို အတည်ပြုပြီးနောက် သြစတြေးလျမှာ ၁၆ နှစ်အောက် ကလေးသူငယ်တွေကို လူမှုကွန်ရက် မသုံးဖို့ ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။
အနည်းဆုံး နောက်တနှစ်လောက်ထိ သက်ဝင်မှာ မဟုတ်သေးတဲ့ ဒီပိတ်ပင်မှုကို မလိုက်နာတဲ့ နည်းပညာကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၃၂ သန်းခွဲထိ ဒဏ်တပ်နိုင်ပါတယ်။
လူငယ်တွေကို မိဘအုပ်စုတွေက အများကြီး စိုးရိမ်နေကြတဲ့ လူမှုကွန်ရက် အန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ ဒီဥပဒေ လိုအပ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနေးဆီးက ပြောပါတယ်။
ဒီတားမြစ်မှု ဘယ်လို ဖော်ဆောင်မလဲ မေးခွန်းထုတ်သူတွေက ရှိနေပါတယ်။ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ လူမှုဆက်သွယ်မှုအပေါ် ဒီဥပဒေရဲ့ သက်ရောက်မှုကိုလည်း ဘယ်သူမှ မပြောနိုင်ဘဲ ရှိနေပါတယ်။
ဒီလို ကလေးသူငယ်တွေ လူမှုကွန်ရက်သုံးခွင့် ပိတ်တာဟာ ကမ္ဘာမှာ ဒါက ပထမဆုံး မဟုတ်ပေမယ့်လည်း ဒီဥပဒေမှာက အမြင့်ဆုံး အသက်ကန့်သတ်ချက် ပါဝင်ပါတယ်။ နောက်ပြီး လက်ရှိသုံးစွဲသူတွေ၊ မိဘခွင့်ပြုချက်နဲ့ သုံးနေသူတွေကိုလည်း ချန်ထားပေးမှာ မဟုတ်ပါဘူး။
ကြာသပတေးနေ့နှောင်းပိုင်း သြစတြေးလျ အထက်လွှတ်တော်မှာ ၃၄ မဲ- ၁၉ မဲနဲ့ မဲခွဲအသာရခဲ့တဲ့ ဒီဥပဒေကို အောက်လွှတ်တော်ကို ပို့မှာ ဖြစ်ပါတယ်။ အဲဒီမှာ အစိုးရပါတီက မဲအသာရနေတဲ့အတွက် အနိုင်ရဖို့ကလည်း သေချာနေပါတယ်။ ပြင်ဆင်ချက်တွေကို အတည်ပြုပြီးရင်တော့ တကယ့်ဥပဒေထွက်လာတော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လူမှုကွန်ရက်တွေကို ကန့်သတ်မယ်ဆိုတာကို ဥပဒေက တိတိကျကျ မထုတ်ပြန်ပါဘူး။ သြစတြေးလျ ဆက်သွယ်ရေး ဝန်ကြီးက အီလက်ထရောနစ် လုံခြုံမှု မင်းကြီးအကြံကို ယူပြီး ဒါတွေကို ဆုံးဖြတ်ရမှာပါ။ ဒီမင်းကြီးရုံးကပဲ စည်းမျဉ်းတွေကို ချမှတ်မှာ ဖြစ်ပါတယ်။
ဂိမ်းကစားတာနဲ့ မတ်ဆေ့ချ်ပို့တာတွေကိုတော့ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ယူကျုလိုမျိုး အကောင့်မရှိဘဲ ဝင်ကြည့်လို့ရတဲ့ ဝက်ဆိုက်တွေကိုလည်း ချန်ထားမယ့်ပုံ ပေါ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အသက် ဖော်ထုတ်တဲ့ နည်းပညာတချို့ကို သုံးပြီး ကန့်သတ်သွားမယ်၊ လာမယ့်လတွေအတွင်း စမ်းသပ်မယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။ လူမှုကွန်ရက်တွေကိုယ်တိုင် တာဝန်ယူပြီး ဒီနည်းပညာတွေကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ဘယ်နည်းပညာကို သုံးမယ်ဆိုတာ အာမခံချက် မရှိလို့ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် လူ့ကိုယ်ရေးအချက်အလက်တွေကို သုံးလာတာတွေ ဖြစ်လာနိုင်ကြောင်း ဒစ်ဂျစ်တယ် သုတေသီတွေက သတိပေးထားပါတယ်။ ဒါကြောင့် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အာမခံပေးဖို့ ဝေဖန်သူတွေက တောင်းဆိုနေကြပါတယ်။
ဒီလို အသက်ကန့်သတ်မှုတွေကြောင့် ဗီပီအန်ခံပြီး တခြားတနိုင်ငံက သုံးနေတာမျိုး ဟန်ဆောင်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း သူတို့က သတိပေးပါတယ်။
ဒီစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ကြိုးစားတဲ့ ကလေးတွေကိုတော့ ပြစ်ဒဏ်ချမှာ မဟုတ်ပါဘူး။
ဒီပြုပြင်ရေးတွေနဲ့ ပတ်သက်ပြီး ဆန္ဒသဘောထား စစ်တမ်း ကောက်ကြည့်ရာမှာတော့ သြစတြေးလျမိဘနဲ့ အုပ်ထိန်းသူ အများစုက ထောက်ခံတာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း လူမှုကွန်ရက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ရှိတဲ့ အန္တရာယ်တွေကို ထိရောက်အောင် ဖော်ထုတ်ဖို့မှာတော့ ဒီပိတ်ပင်မှုက ဝေဝါးလွန်းလှတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါကြောင့် ကလေးတွေကို အင်တာနက် ထိန်းချုပ်မှု မရှိတဲ့ အစွန်အဖျားတွေကို တွန်းပို့သလို ဖြစ်နိုင်ကြောင်းလည်း သတိပေးကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပဒေ မပြဋ္ဌာန်းခင်မှာ ဆွေးနွေးမှု လုပ်ရာမှာတော့ ဥပဒေက အသေးစိတ် မဖော်ပြလို့ ဆိုပြီး ဂူဂယ်နဲ့ ဆနပ်တို့က ဝေဖန်ကြပါတယ်။ မက်တာကတော့ ဒီဥပဒေက ထိရောက်မှာ မဟုတ်သလို ကလေးတွေကို ဘေးကင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တစ်တော့ကတော့ သြစတြေးလျ အစိုးရ သတ်မှတ်တဲ့ လူမှုကွန်ရက်ဆိုတာ ကျယ်ပြန့်ပြီး မရှင်းလင်းဘူး၊ အင်တာနက် ဝန်ဆောင်မှုတိုင်းနဲ့ အကျုံးဝင်နိုင်တယ်လို့ ဆိုပါတယ်။
ဒီဥပဒေရဲ့ ဥပဒေဘောင်ဝင်မှုကိုလည်း X က မေးခွန်းထုတ်ပါတယ်။ ဒီဥပဒေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ သြစတြေးလျ လက်မှတ်ထိုးထားတဲ့ လူ့အခွင့်အရေးစာချုပ်တွေနဲ့ မကိုက်ညီနိုင်ဘူးလို့လည်း ပြောပါတယ်။
တခါ သြစတြေးလျအစိုးရဟာ လူတွေရဲ့ ဘဝမှာ လူမှုကွန်ရက်တွေရဲ့ ကဏ္ဍကို နားမလည်ဘူး၊ ဆွေးနွေးမှု မရှိဘူးလို့ လူငယ် အကျိုးဆောင်တချို့က စွပ်စွဲပါတယ်။
ရှုပ်ထွေးမှု ရှိကြောင်း သြစတြေး၀န်ကြီးချုပ် အယ်လ်ဘာနေးဆီးက ဝန်ခံပေမယ့် ဒီဥပဒေဘက်က ကာကွယ်ပြောပါတယ်။
မနှစ်က ပြင်သစ်မှာ ၁၅ နှစ်အောက် ကလေးတွေ မိဘခွင့်ပြုချက်မရဘဲ လူမှုကွန်ရက် မသုံးဖို့ ပိတ်တဲ့ ဥပဒေကို အသက်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီသုံးစွဲသူ တဝက်လောက်က ဗီပီအန်ခံပြီး သုံးနိုင်ကြတာကို သုတေသနတွေက ပြနေပါတယ်။
အမေရိကန် ယူးတားပြည်နယ်က ပြဋ္ဌာန်းတဲ့ သြစတြေးလျလို ဥပဒေမျိုးကိုလည်း ပြည်ထောင်စု တရားသူကြီးက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ဖျက်သိမ်းခဲ့ပါတယ်။
သြစတြေးလျဥပဒေကို ကမ္ဘာ့ခေါင်းဆောင်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
နော်ဝေးမှာလည်း မကြာခင်က သြစတြေးလျလို လိုက်လုပ်ဖို့ ပြင်နေပြီး ဗြိတိန်မှာလည်း ဒီပိတ်ပင်ဖို့ စဉ်းစားနေကြောင်း နည်းပညာ ဝန်ကြီးက ပြောပါတယ်။ လတ်တလောအတွင်း လုပ်ဖို့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တစ်ဖနီ တန်းဘူးလ် ဆစ်ဒနီက ဖြည့်စွက်ပေးပို့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








