ပေါ့စတားနဲ့ ဝန်ကြီးချုပ်ဟောင်း နဖူးစာရွာလည်တာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images / PA
- ရေးသားသူ, နာဒင်း ယူဆွစ်ဖ်
- ရာထူးတာဝန်, ကနေဒါ အကြီးတန်းသတင်းထောက်
- ရေးသားသူ, နာဒင်း ဆတ်
- ရာထူးတာဝန်, လော့စ် အိန်ဂျလိစ်မြို့
လူများက တွဲပြီး မြင်တောင့် မြင်ခဲ ခပ်ရှားရှား စုံတွဲပါ။ ကနေဒါ ဝန်ကြီးချုပ်ဟောင်းနဲ့ ကမ္ဘာ့လှည့် အကာသအထိ တက်ခဲ့တဲ့ အမေရိကန် ပေါ့ဆိုတော် ငွေကြယ်ပွင့်တို့အတွဲဖြစ်ပါတယ်။
ကနေဒါ ဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူးဒိုးနဲ့ အဆိုတော် ကေတီ ပယ်ရီတို့က သူတို့ နှစ်ဦး တွဲနေကြပြီလို့ လူသိရှင်ကြား ချပြလိုက်ပါတယ်။ သူတို့ နှစ်ယောက်ကို ပြင်သစ် နိုင်ငံ၊ ပါရီမြို့က ခရေဇီ ဟော့စ် ကပွဲရုံကနေ လက်ချင်းချိတ်ပြီး ထွက်သွားတာကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းတုန်းမှာ မြင်ခဲ့ရပါတယ်။ ပယ်ရီရဲ့ ၄၁ နှစ်ပြည့်မွေးနေ့ကို အဲဒီကပွဲရုံမှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ထရူးဒိုးနဲ့ ပယ်ရီတို့ စုံတွဲဟာ မြင်ရခဲတဲ့အတွဲလို့ ဆိုရမှာပါ။ နှစ်ယောက်စလုံးဟာ ဖြတ်သန်းမှုတွေအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူမြင်ကွင်းမှာ သူ့နည်းသူ့ဟန်နဲ့ အမြင်တင့်ခဲ့ကြသူတွေ ဖြစ်သလို အများမမြင်မိတဲ့ တူတဲ့အချက်တွေလည်း ရှိနေပါတယ်။
သူတို့ နှစ်ယောက်ရဲ့ဖူးစာဟာ ကနေဒါ နိုင်ငံရေးသမိုင်းမှာ လုံးဝကို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။
ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အသီးသီး ကျော်ဖြတ်ရတဲ့အချိန် တစ်နှစ်ကျော်အကြာမှာတော့ သူတို့ နှစ်ဦးရဲ့ အခြေအနေဟာ ပြောနေကြတဲ့သူတို့အကြောင်းကို ခေါင်းစဥ်လည်း ပြောင်းသွားစေပါတယ်။
သူတို့နှစ်ယောက် ဆက်ဆံရေးဟာ ''အတော်လေးကို စိတ်ဝင်စားဖို့ကောင်းသလို မမျှော်လင့်ထားတဲ့ပုံစံ နှစ်ယောက်သားအတွက် ပြန်လည်ပုံဖော်ပေးမှုလည်း ဖြစ်လာစေတယ်'' လို့ လောင်းဘိချ်မှာရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်က ဆက်သွယ်ဆက်ဆံရေးဆိုင်ရာပါမောက္ခ ဟိုဆေး ရိုဒရီဂတ်စ်က ပြောပါတယ်။
နိုင်ငံရေးသမားတစ်ယောက်နဲ့ တွဲလိုက်တာဟာ ပယ်ရီအတွက် အရပ်ဘက်နဲ့ ပရဟိတ လုပ်ငန်းတွေဘက်ကို ပေါင်းကူးပေးသလို ဖြစ်စေတယ်လို့ သူက ပြောပါတယ်။ ဒါအပြင် ဂီတရပ်ဝန်းအပြင် ကမ္ဘာ့အဆင့်အဖွဲ့တွေ၊ နိုင်ငံရေး ပွဲလမ်းတွေနဲ့ ပရိသတ်တွေ ရဖို့လည်း အကြောင်းဖန်စေတယ်လို့ ဆိုပါတယ်။
အသက် ၅၃ နှစ်အရွယ် ထရူးဒိုးအတွက်တော့ California Girls သီချင်းအဆိုတော် ပယ်ရီဟာ ခက်ထန်တဲ့ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံထက် ''ပျော့ပျောင်းတဲ့ဇာတ်ခုံ'' အလှည့်အပြောင်းဖြစ်စေတယ်လို့ မစ္စတာ ရိုဒရီဂတ်စ်က ဆိုပါတယ်။
ဒါတွေထက် ပိုပြီးအရေးကြီးတာက လူသားဆန်နဲ့ ဘဝဖြစ်တည်မှု အခြေအနေတွေကပဲ သူတို့နှစ်ဦး အခုလို တွဲကြဖို့ ဖြစ်စေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
နှစ်ဦးစလုံးဟာ လက်ရှိမှာ တစ်ကိုယ်ရေတစ်ကာယ သမားတွေဖြစ်နေပါတယ်။ ထရူးဒိုးဟာ ဇနီးနဲ့ ၂၀၂၃ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။
လူတွေရဲ့အပြောကို ခေါင်းစဥ်ပြောင်းသွားစေတယ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းက သူတို့ နှစ်ဦးကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့က လွတ် ဗီအိုလွန် စားသောက်ဆိုင်မှာ ညစာအတူစားနေကြတာကို တွေ့ခဲ့ရအပြီးမှာ သူတို့ နှစ်ယောက် တွဲနေကြပြီလားဆိုတဲ့သတင်းတွေ ထွက်ခဲ့ပါတယ်။
အဲဒီနောက် ၂ ရက်အကြာမှာတော့ ထရူးဒိုးကို မြို့ထဲမှာ ပယ်ရီ ဖျော်ဖြေတဲ့ပွဲကို တက်တာ မြင်ခဲ့ရပြီး သူ့ရဲ့နာမည်ကျော် Firework နဲ့ Teenage Dream သီချင်းတွေ လိုက်ဆိုနေတာကိုပါ တွေ့ခဲ့ရပါတယ်။
အဲဒီနောက် အောက်တိုဘာလလယ်ပိုင်းမှာတော့ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်တာ ဘာဘရာကမ်းလွန်က ပယ်ရီရဲ့ ဇိမ်ခံရွက်လှေပေါ် နှစ်ယောက်သား အနမ်းပေးနေကြတဲ့ပုံတွေ ပျံ့ခဲ့ပါတယ်။
သူတို့နှစ်ယောက် တွဲ မတွဲကို ထရူးဒိုးရော၊ ပယ်ရီပါ လူသိရှင်ကြား ထုတ်မပြောကြသေးပါဘူး။ သူတို့ ကိုယ်စားလှယ်တွေကလည်း ဘီဘီစီရဲ့ မှတ်ချက်တောင်းခံမှုကို အကြောင်းမပြန်ခဲ့ကြပါဘူး။
ဒါပေမဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပါရီမှာ အတူမြင်ရတဲ့ဓာတ်ပုံထွက်လာပြီးတဲ့နောက်မှာတော့ ပယ်ရီဟာ ပြီးခဲ့တဲ့လ လန်ဒန်မြို့ ဖျော်ဖြေပွဲအတွင်းမှာ သူတို့ ဆက်ဆံရေးကို ရည်ညွှန်းပြောတဲ့ အပြောတစ်ခုကို ပြောခဲ့ပါတယ်။
သူနဲ့ ထရူးဒိုးတို့ နမ်းနေတဲ့ပုံတွေ ထွက်လာပြီး မကြာခင်မှာပဲ လန်ဒန်ဖျော်ဖြေပွဲမှာ ပရိသတ်ထဲက တစ်ယောက်က သူ့ကို စင်ပေါ်တက် လက်ထပ်ခွင့်တောင်းတဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
''ဒါနဲ့လေ။ ရှင် ကျွန်မကို လွန်ခဲ့တဲ့ ၄၈ နာရီလောက်က အခုလို ခွင့်တောင်းခဲ့ရမှာ'' လို့ ပယ်ရီက တုံ့ပြန်ခဲ့ပါတယ်။
အများက သူတို့နှစ်ဦး တွဲကြလိမ့်မယ်လို့ မမြင်မိကြပေမဲ့ အကဲခတ်တွေကတော့ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတာဟာ တစ်ယောက်ချင်းစီရဲ့ပုံရိပ်ကိုလည်း မြင့်စေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရူးဒိုးဟာ ၂၀၁၅ ခုနှစ်မှာ ကနေဒါရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကို ခြေဆန့်ခဲ့သူပါတယ်။ ဒါပေမဲ့ အခုနှစ် အစောပိုင်းမှာ သူ့ကို လူကြိုက်များမှု ထိုးဆင်းသွားချိန်မှာတော့ ရာထူးကနေ နုတ်ထွက်ဖို့ဖြစ်ခဲ့ပါတယ်။
''နေသာတဲ့မနက်ဖြန်တွေ'' ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သူ့ရဲ့နိုင်ငံရေး လုပ်ငန်းစဥ် ကတိတွေကြောင့် ပြည်တွင်းက လူငယ်ထုအပြင် ပြည်ပမှာပါ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ လူကြိုက်များခဲ့ပါတယ်။ ဒါပေမဲ့ သူ့ပုံရိပ်ကို ထိခိုက်စေတဲ့ အရှုပ်တော်ပုံတွေကြောင့် ကြာကြာမခံခဲ့ပါဘူး။
ဘဟားမားက အဂါခန် ပုဂ္ဂလိကကျွန်းကို ခရီးထွက်တာအပါအဝင် ဇိမ်ခံခရီးတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တာကြောင့် ဝေဖန်ခံရပါတယ်။ ဘဟားမားက ကျွန်းကို သွားတဲ့ခရီးကတော့ ပြည်ထောင်စုအဆင့် ကိုယ်ကျိုးစီးပွားရောယှက်မှု ချိုးဖောက်တယ်လို့ နောက်ပိုင်းမှာ တွေ့ရှိခံရပါတယ်။
အဲဒီနောက် ထရူးဒိုးဟာ ၂၀၁၉ ခုနှစ်ကတည်းကလည်း သူ့မျက်နှာကို အမည်းသုတ်ထားရဲ့အငြင်းပွားစရာ ဓာတ်ပုံဟောင်းတွေ ထွက်လာလို့ လူသိရှင်ကြား တောင်းပန်ခဲ့ရပါတယ်။
သူ ဝန်ကြီးချုပ်သက်တမ်းမှာ ကနေဒါနိုင်ငံသားတွေဟာ သူ့ခေါင်းဆောင်မှုကို စိတ်မရှည်ကြတော့ဘဲ သူ မပါဘဲ ရှေ့ခရီးကို ဆက်ဖို့ အသင့်ဖြစ်ခဲ့ကြပါတယ်။
ပယ်ရီဟာလည်း ပြီးခဲ့တဲ့နှစ်အတွေအတွင်း မနှစ်ခြိုက်စရာကောင်းတဲ့သတင်းခေါင်းစဥ်တပ်တာတွေ ကြုံရပါတယ်။
ကမ္ဘာကျော် သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ထုတ်၊ ရဲရဲဝတ် ရဲရဲပြောတဲ့သူ ဖြတ်သန်းမှုတွေကြောင့် ပေါ့ ယဥ်ကျေးမှုကို အတိုင်းအတာတစ်ခုအထိ ပုံဖော်ပေးရာရောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွေဟာ သူ့ရဲ့အဆိုတော်ဘဝ ရွှေခေတ်လို့ဆိုနိုင်အောင် အောင်မြင်မှု အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ Billboard က သူ့ကို ၂၁ ရာစုအတွက် အကျော်ကြားဆုံးပေါ့အဆိုရှင် ဂီတ ငွေကြယ်ပွင့်တွေထဲက တစ်ပွင့်လို့ နာမည်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူလည်း ဝေဖန်မှုတွေ ဝိုင်းခဲ့ပါတယ်။ သူ့ တေးသီချင်းခွေသစ် ၁၄၃ ဟာ သူ ထွက်ဖူးသမျှ အခွေထဲ အနုပညာအား စိုက်ထည့်မှု အဆိုးဆုံးအခွေလို့ ဆိုပြီး အကဲခတ်တွေက ရေးပါတယ်။
ပြီးတော့ အခုနှစ် အစောပိုင်းမှာလည်း ဘီလျံနာ သူဌေး ဂျက်ဖ် ဘီဇော့ရဲ့ ဇနီး လော်ရန် ဆန်းချက်၊ CBS သတင်းကြေညာသူ ဂေးကင်းတို့နဲ့အတူ အမျိုးသမီးတွေချည်း လိုက်ပါတဲ့ Blue Origin အာကာသခရီးစဥ်မှာ ပါဝင်တဲ့အတွက် အလှောင်ခံရပါတယ်။
ပယ်ရီကတော့ ဝေဖန်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ''ကျွန်မဟာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါဘူး'' လို့ ပြောပြီး ''ဒါပေမဲ့ အင်တာနက်ဟာ စိတ်ထိခိုက်နေသူတွေနဲ့ ကုသဖို့ရာလိုနေသူတွေအတွက် အပြစ်တွေစုပြုံဖို့ရာ နေရာတစ်ခုနဲ့ သိပ်ကို တူနေသလိုပဲ'' လို့ ဧပြီလတုန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနောက် သူနဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်မင်းသား အော်လန်ဒို ဘလွန်းတို့ လမ်းခွဲတဲ့သတင်း ထွက်လာပါတယ်။ ပယ်ရီဟာ ၂၀၁၁ ခုနှစ်မှာ သရုပ်ဆောင်နဲ့ လူရွှင်တော် ရပ်ဆဲ ဘရန့်နဲ့ လမ်းခွဲအပြီးမှာ ဘလွန်းနဲ့ တွဲခဲ့တာဖြစ်ပါတယ်။
''အကြောင်းမလှတဲ့ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်လယ်ပိုင်းကို ရောက်နေချိန်မှာ မတူတဲ့ဇာတ်တစ်ခုကို ဖမ်းတီးလိုက်တာက အကောင်းဆုံးပါပဲ'' လို့ လော့စ် အိန် ဂျလိစ် တိုင်းမ်စ် သတင်းစာရဲ့ ပေါ့ ဂီတ ဝေဖန်ရေးဆောင်းပါးရှင် မိုက်ခဲ ဝုဒ်က ရေးပါတယ်။
ထရူးဒိုးနဲ့ ဇာတ်လမ်းဟာ ''လမ်းချော်နေတဲ့ဇာတ်ကြောင်းတစ်ပုဒ်ကနေ အကြောင်းအရာပြောင်းပြီး တခြား ဇာတ်လမ်းတစ်ခုကို ပြောဖို့ရာ ဖြစ်စေခဲ့တယ်'' လို့လည်း သူက ရေးပါတယ်။
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ထုတ်ပြလာတာကလည်း အကဲခတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့တခြားအကြောင်းထက် မေတ္တာရိပ်ဘက်ကို ခိုသွားစေပါတယ်။
ပါမောက္ခ ရိုဒရီဂတ်စ်ကတော့ ပါရီမှာ နှစ်ယောက် အတူ တွေ့ခဲ့ရတာဟာ နှစ်ယောက်ကြားက မေတ္တာသက်ဝင်မှုကို ပါးစပ်က ထုတ်မပြောဘဲ အမြင်နဲ့ပဲ ပြသလိုက်တဲ့ သူတို့အကြောင်း လှစ်ပြမှု အမြင့်ဆုံးအခြေအနေလို့ ပြောပါတယ်။
'' နှစ်ယောက် စလုံးက အများအမြင်မှာ မျက်စိ ဒေါက်ထောက်ကြည့်ခံနေရတော့ သူတို့ကြောင်းကို ပညာသားပါပါ ထုတ်ပြလိုက်တာဟာ အကောင်းမြင်တဲ့ဘက်အခြမ်းကို ရောက်သွားအောင် လုပ်ရာလည်းရောက်တယ်''
နတ်ရေးတဲ့ဖူးစာလား
သူတို့ နှစ်ဦးမှာ တူတဲ့အချက်တွေ ရှိနေပါတယ်။
ပယ်ရီနဲ့ ထရူဒိုးတို့ဟာ အယူအဆပိုင်းမှာ တူတာတွေတွေ့ရတယ်လို့ အယ်လ်အေ အခြေစိုက် ဂီတစာဆို ဂဲရစ် ကနေဒီက မှတ်ချက်ပြုပါတယ်။ နှစ်ဦးစလုံးဟာ သူတို့ နယ်ပယ်တွေမှာ လူ့ဘောင်က ရှေးရိုးအစဥ်အလာတွေကို ချိုးဖျက်ကြတဲ့သူတွေလို့ မှတ်ချက်ပေးပါတယ်။
ပယ်ရီကိုယ်တိုင်လည်း နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားမှုနဲ့ မကင်းသူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်အတွက် အခါခါ မဲဆွယ် ဖျော်ဖြေရေး လုပ်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာလည်း သမ္မတလောင်း ကာမလာ ဟဲရစ်ကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်ပါတယ်။
နောက်ပြီး LGBTQ အခွင့်အရေးနဲ့ အမျိုးသမီးအရေးကို ထောက်ခံ လှုပ်ရှားသူဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ ထရူးဒိုး တစ်ယောက် လူသိရှင်ကြား ထောက်ခံတဲ့နယ်ပယ်ဖြစ်ပါတယ်။ ထရူးဒိုးဟာ အရင်က အစိုးရအဖွဲ့ထဲ ကျားမ တန်းတူညီမျှတဲ့ပမာဏရှိရမယ်လို့ သူ့ မူဝါဒထဲ ထည့်ခဲ့ဖူးပါတယ်။
သူတို့ နှစ်ယောက်စလုံးဟာ မွေးထားတဲ့ကလေးငယ်တွေအတွက်လည်း မမေ့ထားကြတဲ့မိဘတွေ ဖြစ်ကြပုံပါ။ ပယ်ရီရဲ့ လေးနှစ်အရွယ် သမီး ဒေစီဆိုရင် သူ့ရဲ့ အင်စတာဂရမ်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ထရူးဒိုးဆိုရင်လည်း သူ့ကလေး သုံးယောက်နဲ့အတူ အားလပ်ရပ်သပ်သပ် သတ်မှတ်ပြီး အချိန်ကုန်ဆုံးတာကို သူ့ အင်စတာဂရမ်ကနေ မြင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တဖက်မှာလည်း ထရူးဒိုးဟာ ပယ်ရီနဲ့ တွဲပြီး အရင်က သူ့ အရင် ကနေဒါဝန်ကြီးချုပ်ဟောင်းတွေ မလျှောက်ဖူးတဲ့ နိုင်ငံရေးအလွန်ကို လျှောက်နေပါတယ်။ အရင်ဝန်ကြီးချုပ်ဟောင်းတွေဟာ ဥပဒေအတိုင်ပင်ခံကုမ္ပဏီတွေကို ဝင်တာ ဒါမှမဟုတ် အကြံပေးတာတွေ လုပ်ကြလေ့ရှိပါတယ်။
ဒါပေမဲ့လည်း တစ်ဖက်မှာကြည့်ရင် ဒါဟာ ဝန်ကြီးချုပ်ဟောင်း တစ်ယောက်အတွက် သူမတူတဲ့ ပုံရိပ်တစ်ခုကို ဖော်တာလို့ အိုတာဝါ တက္ကသိုလ်က စျေးကွက်စီးပွားရေးဆိုင်ရာပါမောက္ခ မိုက်ကယ် မူဗေက ပြောပါတယ်။
အရင် ဝန်ကြီးချုပ်ဟောင်း ဖျဲ လေယော့ ထရူးဒိုးရဲ့ သားလည်းဖြစ်တဲ့ ထရူးဒိုးဟာ လူမြင်ကွင်းမှာ ကြီးပြင်းလာရသူဖြစ်ပါတယ်။အမေရိကန်သမ္မတကတော့ ပတ် နစ်ဆင်ဆိုရင် ထရူးဒိုးရဲ့ မွေးကင်းစ ပုံလေးတစ်ပုံကို သိမ်းထားတာတောင်ရှိပါတယ်။
ဇနီးနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ ထရူးဒိုးဟာ သူ့အဖေရဲ့အတိတ်နဲ့အနှိုင်းခံရတာကနေလည်း မလွတ်ပြန်ပါဘူး။ သူ့အဖေလည်း ဝန်ကြီးချုပ်ရာထူး ယူထားချိန်မှာပဲ ကလေး သုံးဦးထွန်းကားခဲ့တဲ့ ပထမအိမ်ထောင်ဇနီး မာဂရက်နဲ့ လမ်းခွဲခဲ့တာကြောင့်ဖြစ်ပါတယ်။
သူ့ အဖေ ဝန်ကြီးချုပ်ဟောင်း ထရူးဒိုးမှာလည်း သူ့ဇာတ်လမ်းနဲ့သူပါ။ အမေရိကန် အဆိုတော် ဘာဘရာ စတိုင်းဆန်း၊ ကနဒါ ရုပ်ရှင်မင်းသမီး ကင် ကတ်ရဲတို့နဲ့ဇာတ်လမ်းက လူသိများပါတယ်။
''သမိုင်း တစ်ကြော့ပြန်လည်တာကို မြင်ရတာမျိုးဖြစ်နေတယ်'' လို့ အိုတာဝါက ကာလတန် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ သင်နေတဲ့ ပါမောက္ခ မယ်လ်ဝိုင်းက ပြောပါတယ်။
ဒါပေမဲ့ ပါမောက္ခ မယ်လ်ဗီကတော့ ဇနီးနဲ့ကွဲကွာလိုက်တဲ့ အိမ်ထောင်ရှင်ဟောင်း ဖခင်တစ်ယောက်ကို စာနာမြင်တဲ့အမြင်တွေလည်း ရှိကြတယ်လို့ မှတ်ချက်ပြုပါတယ်။
ထရူးဒိုးဟာ နိုင်ငံရေးလောကထဲကနေ မထွက်ခင်လေးမှာပဲ မီးဖိုချောင်သုံး ပစ္စည်းတွေကို ဝယ်နေတဲ့ သူ့ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ဒါကိုကြည့်ပြီး ထရူးဒိုးဟာ ''အိမ်ထောင်ကွဲလိုက်တဲ့ ဖခင်တစ်ယောက်ရဲ့အခြေအနေ'' ကို အချက်ပြလိုက်တာလို့ ဝေဖန်ရေးသမားတချို့က မှတ်ယူပါတယ်။
''ထရူးဒိုးအနေနဲ့ ကွာရှင်းပြတ်စဲမှုအလွန် စိတ်ဒဏ်ရာတွေ အတည်ထိုင်ဖို့ ကြိုးစားပြီးတဲ့နောက်မှာ သူ့ဘဝသစ်တစ်ခုကို စတင်ဖို့ ရည်ရွယ်တာလို့ မြင်တဲ့လူအချို့လည်း ရှိကြတယ်'' လို့ ပါမောက္ခ မယ်လ်ဗီက ပြောပါတယ်။










