‘‘ရုရှားရဲ့စဥ်းလဲမှုကို ယုံကြည်လို့မရဘူး’’- ယူကရိန်းသမ္မတ

ဓာတ်ပုံ ရင်းမြစ်, Getty Images
‘‘စဥ်းလဲမှုကို ယုံကြည်လို့မရဘူး’’ လို့ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု အဆုံးသတ်ရေး စည်းလုံးကြဖို့ ယူကရိန်းသမ္မတ ဗော်လော်ဒီမီယာ ဇလန်းစကီးက တိုက်တွန်းပြောဆိုပါတယ်။
မစ္စတာ ဇလန်းစကီးက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မာန်ပါပါမိန့်ခွန်းပြောရင်း ‘‘ကမ္ဘာကို အန္တိမစစ်ပွဲဆင်နွှဲဖို့ တွန်းပို့နေတဲ့’’ နျူကလီးယားလက်နက်ပိုင်ရှင် ရုရှားကို ရပ်တန့်သွားအောင် လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။
ရုရှားဟာ စားရေရိက္ခာအစ စွမ်းအင်အဆုံး အရာအားလုံးကို လက်နက်သဖွယ်အသုံးချနေတယ် လို့လည်း သူက စွပ်စွဲပါတယ်။
ရုရှားရဲ့အင်အားပြည့်ကျူးကျော်မှုဟာ ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချမှုတွေ ပေါက်ပေါက်လာနေစေပါတယ်။
ရုရှားက ကမ္ဘာအတွက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာကို အဓိကထားပြောတဲ့ သူ့မိန့်ခွန်းထဲမှာ သမ္မတ ဇလန်းစကီးက ရုရှားတွေကို တိုက်ထုတ်ပြီးမှသာ ကမ္ဘ့ာရာသီဥတုပြောင်းလဲမှုလို ဘုံစိန်ခေါ်မှုတွေကို ကျကျနနဖြေရှင်းနိုင်မယ်လို့လည်း သူက ပြောပါတယ်။
‘‘ရုရှားဟာ အန္တိမစစ်ပွဲဖြစ်လာဖို့ ကမ္ဘာကိုတွန်းပို့နေချိန်မှာ ရုရှားကျူးကျော်သလို ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ မကျူးကျော်အောင် ယူကရိန်းက တတ်နိုင်သမျှကြိုးပမ်းနေတယ်’’ လို့ မစ္စတာ ဇလန်းစကီးက ကမ္ဘာ့ခေါင်းဆောင်တွေတက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောပါတယ်။
ရုရှားဟာ ‘‘နျူကလီးယားလက်နက်ကိုင်ဆောင်ထားခွင့်’’ မရှိဘူးလို့လည်း သူက ပြောပါတယ်။
‘‘လက်နက်တပ်ဆင်နေမှုကို ကန့်သတ်ရပါမယ်၊ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်ပေးရပါမယ်၊ နှင်ထုတ်ခံရသူတွေ နေအိမ်ပြန်ဆောင်ကျဥ်းပို့ရပါမယ်၊ နယ်မြေသိမ်းထားသူတွေဟာ သူတို့နေရပ်မြေကို ပြန်ခြေဦးလှည့်ရပါမယ်။’’

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘ဒါတွေဖြစ်အောင် ကျွန်တော်တို့ စည်းလုံးရပါမယ်။ ကျွန်တော်တို့ လုပ်မှာပါ’’ လို့ မစ္စတာ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကလေးငယ်တွေကို ပြန်ပေးဆွဲပြီး ‘’လူမျိုးတုန်းသတ်ဖြတ်မှု’’ကို ကျူးလွန်နေတယ်လို့ သူက စွပ်စွဲပါတယ်။
ယူကရိန်းကလေးငယ်တွေကို ရုရှားဆီ တရားမဝင်ပြန်ပို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို မတ်လမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ခဲ့ ပါတယ်။
မော်စကိုဟာ ယူကရိန်းရဲ့စွပ်စွဲချက်တွေကို အထပ်ထပ် ငြင်းဆိုပါတယ်။ ဒါပေမဲ့ ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ သက်သေတွေတိုးလာနေတယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းအချို့က ထောက်ပြပါတယ်။
ဒုတိယကမ္ဘာစစ်ကတည်းကဆိုရင် ဥရောပမှာ အကြီးမားဆုံးစစ်ပွဲဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကြိုးပမ်းဖို့ မျှတမှုမရှိတဲ့သတ်မှတ်ချက်တွေနဲ့ ‘’မရိုးဖြောင့်တဲ့အပေးအယူ’’ သဘောတူညီချက်တွေကိုလည်း သမ္မတက သတိပေးပါတယ်။
ဒါပေမဲ့ စစ်ပွဲရလဒ်ဟာ အားလုံးအပေါ် သက်ရောက်မှုရှိမယ်ဆိုတဲ့ အကြောင်း သမ္မတက နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးတာဖြစ်ပါတယ်။
ရုရှားရဲ့ရည်မှန်းချက်ဟာ ‘‘ခင်ဗျားတို့ကို ဆန့်ကျင်ဖို့၊ စည်းဘောင်တွေနဲ့သတ်မှတ်ထားတဲ့ကမ္ဘာ့ အခင်းအကျင်းကို ဆန့်ကျင်ဖို့’’ ယူကရိန်းကို လက်နက်သဖွယ်ပြောင်းလဲဖို့ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
သမ္မတကတော့ သူ လနဲ့ချီအောင် ကောက်ကြောင်းဖော်ပြနေတဲ့ ငြိမ်းချမ်းရေးပုံစံဟာ ယူကရိန်း အတွက်တင်မဟုတ်ဘဲ ကျန်တဲ့ ကမ္ဘာလုံးအတွက်ပါ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် သမ္မတရဲ့ အခုပြောဆိုမှုတွေဟာ ရုရှား-ယူကရိန်းအရေးမှာ ဘေးကနေ ကြည့်နေကြတဲ့ ဘရာဇီးနဲ့ အိန္ဒိယလို ‘‘ကမ္ဘာ့တောင်ပိုင်း’’နိုင်ငံတွေအများစုအတွက် ရည်ညွှန်းရာလည်း ရောက်နေပါတယ်။
နိုင်ငံအချို့ဟာ ရုရှားအစိုးရနဲ့ စီးပွားရေးဆက်ဆံရေးခိုင်မာအောင်ကြိုးပမ်းနေတယ်ပါတယ်။
အနောက်အင်အားကြီးနိုင်ငံတွေကတော့ အဲဒီနိုင်ငံတွေကို ဖွံ့ဖြိုးတိုးတက်ရေးပြဿနာတွေနဲ့ရာသီဥတုပြောင်းလဲမှုလို ကိစ္စရပ်တွေကို ပိုအာရုံစိုက်ကြဖို့ ကုလသမဂ္ဂမှာ တိုက်တွန်းနေပါတယ်။
ဒီနေ့အစောပိုင်းမှာတော့ ယူကရိန်းသမ္မတဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့မိန့်ခွန်းကို လက်ခုပ်တီးအားပေးခဲ့ပြီး အဲဒီမိန့်ခွန်းမှာ သမ္မတ ဘိုင်ဒန်က ရုရှားကျူးကျော်မှု မရပ်တန့်ဘူးဆိုရင် အကျိုးဆက်တွေ ဖြစ်လာမယ့်အကြောင်း သတိပေးပါတယ်။
‘‘ရုရှားဟာ နောက်ဆက်တွဲ အကျိုးဆက်မရှိဘဲ ယူကရိန်းအပေါ် ရက်စက်မှုကို ကမ္ဘာက ခွင့်ပြုမယ်၊ နောက်ပြီး ကမ္ဘာကြီးဟာ စိတ်ပျက်လာမယ်လို့ ထင်နေပါတယ်။ ယူကရိန်း အစိတ်စိတ်အမြွှာမြွှာဖြစ်တဲ့အထိ ခွင့်ပြုလိုက်တယ်ဆိုရင် ဘယ်နိုင်ငံတွေ လွတ်လပ်ပါဦးမလဲ’’ လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရုရှားကို တိုက်ခိုက်ရေး မောင်းသူမဲ့ဒရုန်းလေယာဥ်တွေ ပို့ထားပြီး ရုရှားရဲ့အဓိက မဟာမိတ်အဖြစ် ရှုမြင်ခံထားရတဲ့ အီရန်နိုင်ငံက သမ္မတ အီဘရာဟင် ရိုင်စီ ကတော့ အမေရိကန်ဟာ ယူကရိန်းစစ်ပွဲပို အရှိန်မြင့်လာအောင် လုပ်နေတယ်လို့ စွပ်စွဲပါတယ်။
‘‘အမေရိကန်ပြည်ထောင်စုဟာ ဥရောပနိုင်ငံတွေ အင်အားနည်းသွားအောင် ယူကရိန်းမှာ အကြမ်းဖက်မှုဖြစ်လာဖို့ မီးစထိုးနေပါတယ်။ စိတ်မကောင်းစရာကတော့ ဒါဟာ ရေရှည်ချထားတဲ့ စီမံကိန်းဖြစ်နေတာပါပဲ’’ လို့ သူက နယူးယောက်က ကုလညီလာခံမှာပြောထားပါတယ်။











