ယူကရိန်း တန်ပြန်ထိုးစစ် - လက်ကျန်အချိန် ရက် ၃၀

လော်ရာ ကွန်းစဘာ့ဂ်၊ အမ်မလီ မက်ဂါဗီ

Sunday with Laura Kuenssberg အစီအစဥ်

ဘယ်လိုနည်းပဲဖြစ်ဖြစ် ဆက်တိုက်နေမယ်လို့ ယူကရိန်းဘက်ကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘယ်လိုနည်းပဲဖြစ်ဖြစ် ဆက်တိုက်နေမယ်လို့ ယူကရိန်းဘက်ကပြော

ရုရှားကို တိုက်နေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ ရာသီဥတုကြမ်းတဲ့ ဆောင်းရာသီရက်တွေ မရောက်ခင် ရက် ၃၀ ကျော်လောက်ပဲ အချိန်ကျန်တော့တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

ရာသီဥတု ပိုအေးလာရင် ယူကရိန်းရဲ့ စစ်ဆင်ရေး အများကြီး ပိုခက်လာနိုင်တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး မာ့ခ် မီလီက ဘီဘီစီရဲ့ လော်ရာ ကွန်းစဘာ့ဂ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ မျှော်လင့်ထားတာထက် ပိုနှေးနေတယ်လို့ သူက ဝန်ခံပြောသွားပါတယ်။

ဒါပေမဲ့ "တိုက်ပွဲက ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတုန်းပဲ" လို့ သူက ပြောပါတယ်။

"ယူကရိန်းတွေက တရွေ့ရွေ့နဲ့ မဆုတ်မနစ် ဆက်ပြီး တိုက်နေကြတယ်။"

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်ဘူးလားဆိုတာ ပြောဖို့ အင်မတန် စောလွန်းသေးတယ်လို့ ဗိုလ်ချုပ်ကြီး မီလီက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ "ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေက ရုရှားရဲ့ ရှေ့တန်းစစ်မြေပြင်တွေကို တကယ် တဖြည်းဖြည်းချင်းနဲ့ ရောက်နေတယ်။"

"တိုက်နိုင်တဲ့ အချိန်က ကျန်ပါသေးတယ်။ တိုက်ပွဲတိုက်ဖို့ ရာသီဥတုက ရက် ၃၀၊ ၄၅ ရက် လောက်တော့ ကျန်နိုင်ပါသေးတယ်။ အဲဒါကြောင့် ယူကရိန်းတွေ တိုက်လို့ မပြီးသေးပါဘူး။"

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က နွေရာသီမှာ စခဲ့ပါတယ်။ ရည်မှန်းချက်က ယူကရိန်းထဲက ရုရှားသိမ်းထားတဲ့ နယ်မြေတွေ လွတ်မြောက်ရေး ဖြစ်ပေမဲ့ အခုချိန်အထိကတော့ နည်းနည်းပဲ ပြန်ရပါသေးတယ်။

ဒါပေမဲ့ တောင်ပိုင်းက တိုက်ဖို့ခက်တဲ့ ရုရှားတို့ရဲ့ ပထမခံစစ်လိုင်းကို ထိုးဖောက်နိုင်ခဲ့တယ်လို့ ယူကရိန်း ဗိုလ်ချုပ်ကြီးတွေက ပြောပါတယ်။

"ဒီစစ်ပွဲ အစမှာကတည်းက ဒီစစ်ပွဲက ကြာမယ်၊ နှေးကွေးမယ်၊ ခက်ခဲမယ်၊ ပြီးတော့ သေဆုံးထိခိုက်မှုတွေ အများကြီး ဖြစ်မယ်လို့ ပြောခဲ့တယ်။ အခု အဲဒါတွေ ဖြစ်နေတာပဲ" လို့ ဗိုလ်ချုပ်ကြီး မီလီက ပြောပါတယ်။

အဲဒီ တွေ့ဆုံမေးမြန်းခန်းမှာပဲ "ယူကရိန်းက နိုင်နေတယ်၊ ရုရှားက ရှုံးနေတယ်" လို့ ဗြိတန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ တိုနီ ရာဒါကင်က ပြောပါတယ်။

"ဘာလို့လဲ ဆိုတော့ ရုရှားရဲ့ ရည်ရွယ်ချက်က ယူကရိန်းကို သိမ်းပြီး သူ့လက်အောက်မှာ ထားချင်တာ ဖြစ်လို့ပါ" လို့ သူက ပြောပါတယ်။

"အဲဒါက မဖြစ်လာဘူး။ ဘယ်တော့မှ ဖြစ်မှာလည်း မဟုတ်ဘူး။ အဲဒါကြောင့် ယူကရိန်းက နိုင်နေတယ်လို့ ပြောတာ။"

နယ်မြေတွေ ပြန်ရဖို့ တိုက်ခိုက်မှုတွေမှာ ယူကရိန်းတွေ တိုးတက်မှုတွေ ရှိနေပြီး ရုရှားသိမ်းထားတဲ့ နယ်မြေ ၅၀ ရာခိုင်နှုန်း ပြန်ရပြီလို့လည်း သူက ပြောပါတယ်။

ယူကရိန်းရဲ့ တိုးတက်မှုက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း ဆိုင်တယ်လို့ သူက ပြောပါတယ်။

"စီးပွားရေး ဖိအားတွေနဲ့ သံတမန်ရေး ဖိအားတွေ ပေးတာတွေကြောင့် ရုရှားတို့ အထိနာနေတယ်"လို့ သူက ပြောပါတယ်။

ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ရက် ၃၀ လောက်ပဲ ကျန်တော့တယ်လို့ အမေရိကန် စစ်တပ်အကြီးအကဲ (ယာ) ပြော
ဓာတ်ပုံ ပုံစာ, ဗြိတိန် ဗိုလ်ချုပ်ကြီး (ဘယ်)အမေရိကန် စစ်တပ်အကြီးအကဲ (ညာ) တို့ ယူကရိန်းစစ်ပွဲကို သုံးသပ်

ရပ်သွားတာမဟုတ်၊ စစ်ရေး ထိန်းညှိနေတာ

သုံးသပ်ချက်

ပေါလ် အဒမ်စ်၊ ဘီဘီစီ သံတမန်ရေး သတင်းထောက်

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်မှာ ခါဆွန်ဒေသကို ယူကရိန်း တပ်ဖွဲ့တွေက ပြန်ရခဲ့ပါတယ်။ အဲဒီအချိန်က အတော်အသင့်အေးတဲ့ ဆောင်းရက်တွေကြားမှာ ဘာ့ခ်မုဒေသကို ဆက်တိုက်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဆောင်းဦးမှာ ရွာတဲ့မိုးတွေနဲ့ ဆောင်းရာသီ အအေးဒဏ်က တိုက်ပွဲကို ရိုက်ခတ်မှုရှိတာ သေချာပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် နှေးကွေးခဲ့ရတာက စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းတွေနဲ့ ပိုဆိုင်ပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကာရီလို ဘူဒါနော့ဗ်ကို ရာသီဥတုက စစ်ပွဲကို သက်ရောက်မှု ရှိမလားဆိုတာကို မေးတဲ့အခါ "ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်တိုက်မှာပဲ" လို့ စနေနေ့က ပြောပါတယ်။

အေးစက်ပြီး စိုစွတ်နေတဲ့ ရာသီဥတုကြားမှာ တိုက်ရတာ ပိုခက်တယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ အဲဒါက ရပ်တန့်ပစ်ဖို့မဟုတ်ဘဲ ပြောင်းလဲလုပ်ဆောင်ဖို့ပဲ​ ဖြစ်တယ်လို့ ဆိုပါတယ်။

ချိန်းကြိုးတပ် တင့်ကားလို ယာဥ်တွေထက်စာရင် ဘီးတပ်ယာဥ်တွေက စိုစွတ်တဲ့ ရာသီဥတုမှာ ပြဿနာပိုများတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ရုရှားဘက်က တင့်ကားဖျက် တိုက်ခိုက်ရေး စနစ်တွေနဲ့ အသေခံ ဒရုန်းတွေကို များများစားစား သုံးနေတာက ယူကရိန်းကို ခေါင်းခဲစေတယ်လို့ သူက ပြောပါတယ်။

"ဆိုတော့ ကံမကောင်းစွာနဲ့ပဲ တိုက်ပွဲအများစုမှာ ကျွန်တော်တို့ တန်ပြန်ထိုးစစ်က ခြေကျင်ပဲ သွားနေရတယ်" လို့ သူက ပြောပါတယ်။

ဖျက်ဆီးခံထားရတဲ့ တင့်ကားကို ကြည့်နေတဲ့ ယူကရိန်းစစ်သားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖျက်ဆီးခံထားရတဲ့ တင့်ကားကို ကြည့်နေတဲ့ ယူကရိန်းစစ်သားတစ်ဦး

တစ်ချိန်တည်းမှာပဲ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့တာဟာ ရုရှားသမ္မတရဲ့ "အရေးပေါ် အခြေအနေ" ရောက်နေတယ်ဆိုတာကို ပြနေတာလို့ ဗိုလ်ချုပ်ကြီး ရာဒါကင်က ပြောပါတယ်။

ရုရှားမှာ မိတ်ဆွေ ဘယ်လောက် နည်းနည်းပဲ ရှိတော့တယ်ဆိုတာကို ဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ပြနေတယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မစ္စတာပူတင်နဲ့တွေ့ပြီး လက်နက်အရောင်းအဝယ် ပြောဆိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ တွေ့ဆုံမှုအတွက် ရုရှားကို ရောက်နေပါပြီ။

ခေါင်းဆောင်နှစ်ယောက်တွေ့ပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့ပေးဖို့ ဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဗလာဒီမီယာ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ၂၀၁၉ မှာ ရုရှား ဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့မှာ တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဗလာဒီမီယာ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ၂၀၁၉ မှာ ရုရှား ဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့မှာ တွေ့ဆုံခဲ့

မစ္စတာပူတင်နဲ့ မစ္စတာ ကင်တို့ လက်နက် သဘောတူညီမှုကနေ မြောက်ကိုရီးယားက ဘာပြန်ရလာမလဲဆိုတာကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စိုးရိမ်နေကြပါတယ်။

ဒီသဘောတူညီမှုကနေ အာရှမှာ ဒီနှစ်နိုင်ငံရဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာနိုင်ပါတယ်။

ဒီမဟာမိတ်ဖွဲ့မှုဟာ "ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ အမှားကြီးမှားတယ်ဆိုတာပြတဲ့ ထင်ဟပ်မှုပဲ" လို့ ဗိုလ်ချုပ်ကြီး ရာဒါကင်က ပြောပါတယ်။

ပြီးတော့ ဒါဟာ ရုရှားရဲ့ ပြည်တွင်းရေး အခြေအနေကိုလည်း ပြနေတယ်လို့ သူက ပြောပါတယ်။

"ရုရှား စီးပွားရေးက ဖိအားတွေအောက်ရောက်နေတယ်ဆိုတာ ကြည့်ပါ။ အရေးယူပိတ်ဆို့မှုတွေက အကြီးအကျယ် ရိုက်ခတ်ပါတယ်။ သူ့မှာ နိုင်ငံတကာ မိတ်ဖက် အများကြီး မရှိတော့ဘူး။"

"ရုရှားကနေ လူ သန်းတစ်ဝက်လောက် ထွက်သွားကြပြီ။ နောက်ထပ် အနည်းဆုံး လူတစ်သန်းလောက်ကလည်း ထွက်သွားချင်နေကြတယ်။"

"စစ်ကို ထောက်ခံတဲ့လူတွေ ရှိနေသေးဖို့ မနည်းလုပ်နေရတယ်။"