ထိုင်းရွေးကောက်ပွဲ - ပြုပြင်ရေးဝါဒီ လူငယ်တွေနဲ့ ရှေးရိုးစွဲတွေကြားက အားပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကို အချိန်မတိုင်ခင် စောပြီး ကျင်းပခဲ့တဲ့ နောက်၊ မဲတွေ ရေတွက်နေကြပါတယ်။
ညွန့်ပေါင်း အစိုးရတွေ အဆက်ဆက် တာရှည် မတည်မြဲနိုင်ပဲ ပြိုကွဲ ခဲ့ပြီး၊ ဝန်ကြီးချုပ် အပြောင်းအလဲ များခဲ့တဲ့ ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ တစ်ရပ်ကို ဖေဖေါ်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ အဓိကကတော့ အနှစ်သာရရှိတဲ့ အပြောင်းအလဲတွေ ကြီးကြီးမားမား ဖော်ဆောင်မယ်လို့ ကြွေးကြော်ထားတဲ့ ပြုပြင် ပြောင်းရေး ဝါဒီ လူငယ်တွေရဲ့ ပြည်သူ့ပါတီဟာ လက်ရှိ ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ် ဦးဆောင်တဲ့ ရှေးရိုးစွဲတွေကို ယှဥ်ပြိုင်တာပဲ ဖြစ်ပါတယ်။
မဲထည့်ခဲ့သူတွေကို ကောက်ယူကြည့်တဲ့ စစ်တမ်းတွေအရ ဘယ်ဘက်ကမှ မဲ အပြတ်အသတ် အသာစီး မရနိုင်ပဲ၊ သူတင်ကိုယ်တင် အနေအထားမှာ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူငယ် ပြုပြင်ရေးသမားတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အရွေးကောက်ခံ မဟုတ်ပဲ စစ်တပ်က ခန့်ထားတဲ့ အထက် ဆီးနိတ်လွှတ်တော်က ပြုပြင်ရေး ဝါဒီတွေကို အစိုးရဖွဲ့ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ အခြေခံ ဥပဒေ ခုံရုံးကနေပါ အနိုင်ရ ပါတီကို ဖျက်သိမ်း ပစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေ အစိုးရ ဖြစ်လာမှာကို အရွေးကောက်ခံ မဟုတ်ပေမယ့် စစ်တပ်ကျောထောက် နောက်ခံနဲ့ ဩဇာကြီးမားလှတဲ့ ဆီးနိတ်လွှတ်တော်က အကြိမ်ကြိမ် ကြားဝင် ဟန့်တား ခဲ့ပါတယ်။
အခုရွေးကောက်ပွဲမှာတော့ လူငယ် ပြုပြင်ရေး ဝါဒီတွေဟာ ဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ "ထိုင်းဂုဏ်ရောင်" ပါတီရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကို ကြုံကြရပါတယ်။
ထိုင်းလို ဆိုရင် ဖွန်ဂျိုင်ထိုင်း Bhumjaithai လို့ ခေါ်တဲ့ ထိုင်းဂုဏ်ရောင် ပါတီဟာ တချိန်တုန်းကတော့ ရွေးကောက်ပွဲ ဝင်နိုင်ရုံ အဆင့်သာ ပြည့်မှီတဲ့ ပါတီငယ် တစ်ခု ဖြစ်ခဲ့ပေမယ့်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင် ထိုင်ကွန်း သူဌေး အနုတင်ရဲ့ စွမ်းဆောင်ချက်နဲ့ ထိုင်း ရှေးရိုးစွဲ အင်အားစုတွေရဲ့ ရှေ့ဆောင် အဓိက ကွန်ဆာဗေးတစ်ပါတီ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု ရွေးကောက်ပွဲ အပြီး စစ်တမ်းတွေအရ ပါလီမန်မှာ ဘယ်ပါတီကမှ ပြတ်ပြတ်သားသား လွှမ်းမိုး နိုင်မှာ မဟုတ်ဘူး ဆိုတာကို ဖော်ပြနေတဲ့ အတွက်၊ အနုတင်ပဲ သူ့ရဲ့ ဝန်ကြီးချုပ်နေရာကို ဆက်ပြီး ထိန်းသွားနိုင်ဖွယ် ရှိပါတယ်။
ကမ္ဘာဒီးယားနဲ့ နယ်စပ် စစ်ပွဲ ပြီးခဲ့တဲ့ နှစ်တုန်းက နှစ်ကြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် အနုတင်ဟာ ထိုင်းမျိုးချစ်စိတ်ကိုပဲ အဓိက အခြေခံထား ဆော်ဩပြီး ရွေးကောက်ပွဲ မဲဆွယ်ခဲ့ပါတယ်။
ထိုင်းရဲ့ အစဥ်အလာ ထီးနန်းနဲ့ စစ်တပ်လိုမျိုး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မူလအတိုင်း ဆက်ရှိနေစေမယ်လို့ ဝန်ကြီးချုပ် အနုတင်က ကတိပေးထားပါတယ်။
နာတာပွန် ရောင်ပန်ရာဝပ် ဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ ကတိပေးထားတာမှာ၊ အဲဒီထဲမှာ အင်အားကြီး စီးပွားရေး လုပ်ငန်းတွေနဲ့ စစ်တပ်ရဲ့ ဩဇာအာဏာကို ထိန်းချုပ် လျှော့ချမယ် ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါဝင်ပါတယ်။ အစိုးရ ဗျူရိုကရေစီ ကြိုးနီစံနစ် ယန္တရားတွေကိုလည်း ဖြေလျှော့ပေးပြီး၊ ပညာရေး စနစ်ကို အသွင်သစ် ပြောင်းလဲမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခု ရွေးကောက်ပွဲမှာ တတိယ လိုက်သူကတော့ ရှင်နာဝပ် မိသားစုနဲ့ သူတို့ရဲ့ ဖွေ့ထိုင်း ပါတီပဲ ဖြစ်ပါတယ်။ အရင် ရွေးကောက်ပွဲ အဆက်ဆက်တုန်းကတော့ ဖွေ့ထိုင်းပါတီဟာ လူအများကြိုက် ပေါ်ပြူလစ် မူဝါဒတွေကို အသေအချာ တွက်ချက် ချမှတ်ပြီး လူအများကို စွဲဆောင် လွှမ်းမိုး နိုင်ခဲ့ပါတယ်။
အခုတော့ သူတို့ ညွန့်ပေါင်း အစိုးရ ဦးဆောင်ဖွဲ့တဲ့ လက်ထက် ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ပွဲကို ကိုင်တွယ်ပုံ မှားခဲ့တယ် ဆိုတဲ့ အမြင်တွေကြောင့် လူကြိုက်များမှု လျော့နည်း ခဲ့ရပါတယ်။ ဒါ့အပြင် ဖွေ့ထိုင်းရဲ့ ဖခင်ကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုယ်တိုင် ထောင်ချ ခံထားရပါတယ်။
ထိုင်း စီးပွားရေးဟာ အရှိန်နဲ့ တိုးတက်နေတယ် ဆိုတဲ့ အခြေအနေ ရှိခဲ့တာနေ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်တာတွေ၊ အခြေခံ အဆောက်အအုံပိုင်း ပြုပြင် ပြောင်းလဲရေး မရှိတာတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို စိုးရိမ်နေစေပါတယ်။
လက်ရှိမှာ ပြည်တွင်းမှာ အထွေထွေ ကုန်စျေးနှုန်းနဲ့ လူနေမှု စားရိတ်တွေလည်း မြင့်တက် နေပါတယ်။
ထိုင်းရဲ့ စီးပွားရေး တိုးတက်နှုန်းဟာ ဗီယက်နမ်နောက် ရောက်သွားပြီ ဆိုတဲ့ ဆန်းစစ်ချက်တွေ ရှိနေပြီး၊ ထိုင်းနိုင်ငံထဲ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေ တခြား အိမ်နီးချင်း နိုင်ငံတွေဆီ ပြောင်းရွှေ့သွားကြမှာကို စိုးရိမ်ရတယ်လို့ ပြောသူတွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အပြောင်းအလဲ လုပ်မယ် ဆိုပြီး အာမခံထားတဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီ လူငယ်တွေရဲ့ ပြည်သူ့ပါတီ အင်အားကောင်းပေမယ့်၊ ကြုံခဲ့ရတဲ့ မဝေးလှတဲ့ သမိုင်း သင်ခန်းစာတွေအရ ထိုင်းမှာ ရွေးကောက်ပွဲ နိုင်တိုင်းလည်း အာဏာရနိုင်၊ အစိုးရ ဖွဲ့နိုင်တာမျိုး မဟုတ်ပါဘူး။
ပြည်သူ့ပါတီ လူငယ် အင်အားစု ဆိုရင် နှစ်ကြိမ်တိုင် ပါတီ အဖျက်ခံရပြီး၊ ဦးဆောင်သူတွေ နိုင်ငံရေး မလုပ်ရ အပိတ်ခံရတဲ့ အတွက် ရှင်သန် တင်ကျန်အောင် အမည်သစ်နဲ့ ပြောင်းလဲ ရပ်တည်ရတာ ဖြစ်ပါတယ်။ ပြုပြင်ရေး ဝါဒီတွေကို အခြေခံ ဥပဒေ ခုံရုံး အပါအဝင်၊ အရွေးကောက်ခံ မဟုတ်တဲ့ ထိုင်းရဲ့ အစဥ်အလာ ရှေးရိုးစွဲ အဖွဲ့အစည်းကြီးတွေက အစဥ်တစိုက်ပဲ ပိတ်ဆို့ နေခဲ့ကြပါတယ်။
အခု တစ်ကြိမ်မှာတော့ ထိုင်းပြည်သူတွေဟာ ရွေးကောက်ပွဲ မဲထည့် ရတာသာမက၊ ၂၀၁၇ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲမလား ဆိုတဲ့ ဆန္ဒခံယူပွဲကိုပါ မဲထည့် ခဲ့ကြရတာ ဖြစ်ပါတယ်။
၂၀၁၇ အခြေခံ ဥပဒဟာ စစ်တပ်က အာဏာသိမ်းထားတုန်း ရေးဆွဲထားတာ ဖြစ်ပြီး၊ ဆီးနိတ် လိုမျိုး အရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကို အာဏာ အလွန်အကျွံ ပေးထားတဲ့ အတွက် ထိုင်းရဲ့ ဒီမိုကရေစီကို ထိန်းချုပ်ထားတဲ့ လက်ထိပ် သဖွယ် ထိုင်းပြည်သူ အများနဲ့ ဝေဖန်သူတွေက ရှုမြင်ထားပါတယ်။








