ကြာပိုင်ရွာက မီးလောင်ရုပ်အလောင်းတွေ

ကြာပိုင်ရွာကနေအိမ်တွေမီးရှို့ခံရသလို ဖမ်းဆီးခံအရပ်သား ၁၀ ဦးလည်း မီးလောင်ထားတဲ့အခြေအနေနဲ့သေဆုံးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ကြာပိုင်ရွာကနေအိမ်တွေမီးရှို့ခံရသလို ဖမ်းဆီးခံအရပ်သား ၁၀ ဦးလည်း မီးလောင်ထားတဲ့အခြေအနေနဲ့သေဆုံးထားပါတယ်။

အသိပေးချက် - ဒီဆောင်းပါးမှာ စိတ်မချမ်းမြေ့စရာဖြစ်ရပ်နဲ့စကားလုံးအချို့ကိုဖော်ပြထားတယ်ဆိုတာကို အသိပေးပါရစေ။

အညာဆောင်းရဲ့ ဒီဇင်ဘာ ၂ ရက် အေးစက်စက်မနက်ခင်းမှာ သေနတ်ပစ်ဖောက်သံတွေကြောင့် ကိုကျော်ကောင်း အိပ်ရာကနိုးသွားပါတယ်။ ကိုကျော်ကောင်းတို့ မိသားစုက စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နဲ့ ၆ မိုင်ပဲဝေးတဲ့ ကြာပိုင်ရွာမှာနေကြတဲ့ ကွမ်းစိုက်တောင်သူတွေဖြစ်ပါတယ်။

မနက် ၇ နာရီ လောက်ပဲရှိသေးပေမဲ့ ရွာတောင်ဘက် တောပုရွာဘက်ကနေ သေနတ်ပစ်ဖောက်သံကြားလို့ အိပ်ရာကနေ ကမန်းကတန်းထပြီး အခြေအနေကိုနားစွင့်လိုက်ပါတယ်။

ကိုယ်လက်သန့်စင်ပြီးချိန်အထိ သေနတ်သံတွေဆက်တိုက်ကြားနေလို့ ကွမ်းခြံထဲအလုပ်သွားဖို့ကို မသွားတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

‘’ ကျွန်တော်သေနတ်သံတွေကြားတော့ အလုပ်သွားဖို့ စိတ်မဖြောင့်တော့ဘူး။ဘာဖြစ်မလဲမသိ။ မိသားစုကိုစိတ်မချဖြစ်နေခဲ့တာ ’’ လို့ ကိုကျော်ကောင်းက ပြောပါတယ်။

ကိုကျော်ကောင်းမှန်းဆလိုက်တဲ့အတိုင်းပါပဲ။ သူတို့နေတဲ့ ကြာပိုင်ရွာထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်လာတယ်လို့ သတင်းကြားလိုက်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့ အတူ တောပုရွာက ပျူစောထီးအဖွဲ့တွေလည်းပါလာတယ်လို့ ထပ်သိလိုက်ရတော့ ကိုကျော်ကောင်းနဲ့ သူ့မိသားစု ပြေးဖို့ကြံကြရပါပြီ။

‘’ ကျွန်တော်တို့လည်း စပြေးကြတာ‌ပေါ့။ မနက် ၈ နာရီလောက်မှာ သေနတ်သံကဆက်တိုက်ဖြစ်လာပြီး ရွာထဲကိုဝင်လာပြီး မီးစရှို့တာပဲ’’

‘’ ပြေးတဲ့သူတွေကို ကျွန်တော်တို့လို သန်သန်မာမာရှိတဲ့သူတွေက လွတ်လောက်မယ့်နေရာတွေကို ပို့ပေးကြတာပေါ့။’’ လို့ ကိုကျော်ကောင်းကဆက်ပြောပါတယ်။

ဒါပေမဲ့ တောပုရွာနဲ့ ကပ်နေတဲ့ ကြာပိုင်ရွာ တောင်ဘက်ခြမ်းက ဒေသခံတွေက ပြေးချိန်မရလောက် ဖြစ်သွားပြီး ရွာမြောက်ဘက်ပိုင်းက လူတွေပဲပြေးနိုင်ခဲ့ကြပါတယ်။

ရွာတောင်ပိုင်းက မပြေးနိုင်တဲ့ အရပ်သားရွာခံတွေဟာ စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ကြရပါတယ်။ ဖမ်းဆီးခံရသူ အယောက် ၆၀ လောက်ရှိပြီး အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့ အမျိုးသားတွေကိုပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မလွှတ်ပေးခင်မှာ ရွာလယ်ကဘုရားဝင်းမှာထားပြီး ရွာမီးလောင်နေတဲ့ မြင်ကွင်းကို ထိုင်ကြည့်ခိုင်းခဲ့တယ်လို့ ပြန်လွတ်လာတဲ့ ရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးနဲ့ သက်ကြီးပိုင်း အမျိုး သားတွေကို ညနေ ၃ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးခဲ့ပြီး လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း အမျိုးသား ၁၀ ယောက် ထက်မနည်းကို ဆက်ပြီးဖမ်းဆီးထားခဲ့တယ်လို့ ဆိုပါတယ်။

အိမ်မီးရှို့ခံလိုက်ရတဲ့ ကြာပိုင်ရွာခံတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, အိမ်မီးရှို့ခံလိုက်ရတဲ့ ကြာပိုင်ရွာခံတစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကြာပိုင်ရွာမီးရှို့ခံရသလို ဒေသခံရွာသား ၁၀ယောက်ရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေကိုလည်း ရှာတွေ့ခဲကြပါတယ်။ ဆက်ပြီးဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေဟာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေသူတွေလို့ အတည်ပြုကြပါတယ်။

ရွာခံတချို့ ပြောပြချက်နဲ့ ဓာတ်ပုံမှတ်တမ်းတွေ အရ တိုက်ပိတ်ထားတဲ့အခြေအနေနဲ့ မီး‌လောင်သေဆုံးနေတာ ၉ ယောက်ရှိပြီး၊ အပြင်မှာ မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးနေတာ ၁ ယောက်ရှိတယ်လို့ အတည်ပြုပါတယ်။ သေဆုံးသူအားလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးမီး‌စွဲလောင်ထားပြီး သေဆုံးနေကြတာကို မှတ်တမ်းပုံတွေမှာတွေ့ရပါတယ်။

‘’ အားလုံးက မီးလောင်ဒဏ်ရာတွေနဲ့ သေနေပါတယ်’’ လို့ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သဂြိုဟ်ပေးခဲ့တဲ့ ကိုကျော်ကောင်းက ပြန်ပြောပြပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၅၀ ကျော်အရွယ်ကနေ အသက် ၂၀ အထိပါဝင်ပြီး စစ်တပ်က သတ်ဖြတ်ပြီးမှ မီးရှို့ခဲ့တာလား၊ ဒါမှမဟုတ် မီးရှို့သတ်ဖြတ်ခဲ့သလားဆိုတာကိုတော့ မျက်မြင်မရှိနိုင်တဲ့ အခြေအနေဖြစ်လို့ တိတိကျကျပြောနိုင်ကြတာမရှိပါဘူး။

သေဆုံးသွားတဲ့သူတွေရဲ့ မီးလောင်ထားတဲ့ ရုပ်အလောင်းတွေကိုသာတွေ့ရှိရတာကြောင့် ဘယ်လိုပုံစံနဲ့ သေဆုံးခဲ့လဲဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ မုံရွာ- အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးရဲ့ တာဝန်ရှိသူကပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်း မြေနဲရွာအနီး စွမ်းရည်ထက် ဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တောပုကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ကြာပိုင်ရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိမ်မီးရှို့ခံရတဲ့ ကိုကျော်ကောင်းအပါအဝင် ဒေသခံအချို့က ပြောပါတယ်။

‘’ အိမ်ခြေကတော့ ကြာပိုင်ကတော်တော်များတယ်။ အခုမီး‌လောင်တာတင် ရာဂဏန်းရှိတယ်။ကျွန်တော်ဆို ဝတ်စရာအဝတ်ကိုမရှိတော့ဘူး၊ရွှေတိုငွေစတွေအားလုံးလည်း မီးထဲပါသွားတာ။’’ လို့ ကျော်ကောင်းကပြောပါတယ်။

ဒေသခံအများစုကတော့ ကြာပိုင်ရွာမှာ နှစ်ဖက်တိုက်ပွဲမရှိဘဲ စစ်ကြောင်းဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာကို နားမလည်ဖြစ်ရတယ်လို့ ပြောကြပါတယ်။

ဒေသခံအချို့နဲ့ မုံရွာခရိုင်တပ်ရင်း ၅ က ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တောပုရွာတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကြောင့် အနီးနားကရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြန်ပြီး အငြှိုးထားတာလို့ ယူဆနေကြပါတယ်။

ကြာပိုင်ရွာဖြစ်စဥ်မတိုင်ခင် တစ်ရက် ဒီဇင်ဘာ ၁ ရက်မှာ ကြာပိုင်ရွာနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိတဲ့ စစ်တပ်ယာယီအခြေပြုစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၅ က အတည်ပြုပါတယ်။

‘’ ကျွန်တော်တို့ အဲဒီစစ်တပ်စခန်းငယ်သိမ်းပိုက်ရရှိတယ်။ ဒါပေမဲ့ သူတို့ စစ်သားတချို့က တောပုရွာထဲကို ဝင်ပြေးသွားကြတယ်။ လက်နက်ပစ္စည်းတချို့သိမ်းဆည်းရမိတယ်။ အဲဒါကြောင့်တန်ပြန်ပြီး ကြွက်မနိုင် ကျီးမီးနဲ့ရှို့ လုပ်တာပါ’’ လို့ မုံရွာခရိုင်တပ်ရင်း ၅ အောင်ဆန်းတပ်ဖွဲ့တာဝန်ခံ ကိုအောင်ရှိန်းက ပြောပါတယ်။

ကြာပိုင်ရွာထဲကတိုက်ခန်းတစ်ခုထဲမှာ မီးလောင်ထားတဲ့ရုပ်အလောင်းတွေ

ဓာတ်ပုံ ရင်းမြစ်, မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ကြာပိုင်ရွာထဲကတိုက်ခန်းတစ်ခုထဲမှာ မီးလောင်ထားတဲ့ရုပ်အလောင်းတွေ

ဒီဇင်ဘာ ၂ ရက်မှာ စစ်တပ်ဘက် ကြာပိုင်ရွာကိုမီးရှို့ခဲ့သလို အနီးတဝိုက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ပြီး စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဟာ ကြာပိုင်ရွာကနေ မနေ့ ညနေ ၃ နာရီ၀န်းကျင်မှာ တပ်ပြန်ဆုတ်သွားတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပြီးနယ်မြေ ရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုတွေ့ခဲ့ကြတာလို့ ပြောပါတယ်။

‘’ ကျွန်တော်တို့ အလောင်းတွေကို စစတွေ့တော့ ဘယ်သူဘယ်ဝါမခွဲခြားနိုင်ဘူး။ အဝတ်စလေးတွေနဲ့တိုက်ပြီးအတည်ပြုရတယ်။ မိသားစုတွေနဲ့ချိတ်ဆက်ပြီး ပျောက်နေတာဘယ်သူ၊ဖမ်းခံရတာဘယ်သူဆိုပြီး တိုက်ဆိုင်စစ်ဆေးရတာ’’ လို့ ကိုကျော်ကောင်းတို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စိစစ်ခဲ့ရတဲ့ အခြေအနေကိုပြောပါတယ်။

‘’ တချို့က မပြေးလို့ ဖမ်းခံလိုက်ရတာ။ ပုံမှန်ဆို သူတို့က ကွမ်းခြံတွေကိုလာမီးရှို့တယ်။ ရွာကလူတွေကလည်း ရွာမရှို့ပြီးရောဆိုပြီး ဒီလိုပဲ နှိပ်စက်ခံကြတယ်။ အခုလည်း ကွမ်းခြံတွေ လာရှို့တယ်ထင်ပြီး မပြေးကြတာကနေ ဖမ်းခံကြရတာလည်းရှိတယ်’’ လို့ ကြာပိုင်ရွာ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ကြာပိုင်ဒေသခံ ရာနဲ့ချီဟာ ရွာထဲကိုပြန်မဝင်ရဲသေးလို့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

‘’ စစ်တပ်မိုင်းတွေထောင်ခဲ့မှာကြောက်ပြီး ပြန်မဝင်ရဲကြသေးဘူး’’ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကြာပိုင်ရွာသတင်းနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော်ကို ဆက်သွယ်တဲ့အခါမှာ‌တော့ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာကြောင့် ဒီဖြစ်စဥ် အသေးစိတ်ကို မသိရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတဝန်းကအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကိုလေ့လာသုတေသနပြုလုပ်တဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ နိုဝင်ဘာ ပထမပတ်အတွင်းနောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီက လူ (၅) ဦးနဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး (၁၇၅) ကြိမ်ကို ကျူးလွန်ထားပြီး အရပ်သားပြည်သူ စုစုပေါင်း ၁၇၉၄ ဦးထိ သတ်ဖြတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

‘’ တကယ်က ကျွန်တော်တို့ ရွာနဲ့ တောပုဆိုတာ ဆွေမျိုးမကင်းကြတဲ့ရွာပါ။ ကျွန်တော်တို့အပေါ် ဒီလိုလုပ်ရက်မယ်မထင်ခဲ့ဘူး။ သူတို့အယူဝါဒမှားပြီး ဒီလိုမိုက်ရိုင်းတဲ့စိတ်တွေဝင်နေတာလည်း စိတ်မကောင်းဘူး။ ကျွန်တော်တို့ ဘဝတွေဒီလိုကြီးဖြစ်နေကြတဲ့အခြေအနေကိုလည်း ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော်တို့ အသက်တွေရော၊ ဘဝတွေရော ဆုံးရှုံးမှုအရမ်းကြီးပါတယ်’’ လို့ ကိုကျော်ကောင်းက ပြောပါတယ်။

( ဖြေဆိုသူရဲ့ အမည်ကို လုံခြုံရေးအရ လွှဲပြောင်းဖော်ပြထားပါတယ်)