အေအေ သိမ်းလိုက်တဲ့ တရွန်အိုင်ဗျူဟာကုန်း စစ်ရေးအရ ဘယ်လောက်အရေးကြီးလဲ

တရွန်အိုင်ဗျူဟာကုန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် အေအေထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, AA

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာရှိတဲ့ စစ်ကောင်စီ အခိုင်အမာ တပ်စွဲထားတဲ့ တရွန်အိုင်ဗျူဟာ တပ်စခန်းကုန်းကြီးကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ အေအေ ပြောခွင့်ရက ဘီဘီစီကို အတည်ပြုပါတယ်။

အေအေ အပြောအရ ဒီစခန်းကို တိုက်ပွဲကာလ ၂၁ ရက်အကြာ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရရှိခဲ့တာလို့ဆိုပါတယ်။

ပလက်ဝမှာ အေအေ သိမ်းပိုက်ဖို့ကြိုးစားခဲ့တာ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးတစ်ခုတည်းတော့မဟုတ်ပါဘူး။ နောက်ထပ်ရှိနေတဲ့ နှုံးဘူးဗျူဟာတပ်စခန်းလည်းပါပါတယ်။

ဒါပေမဲ့ လက်ရှိမှာ တရွန်အိုင်ဗျူဟာကုန်းတစ်ခုကို ပိုင်ပိုင်နိုင်နိုင်သိမ်းပိုက်လိုက်နိုင်တဲ့အခြေအနေလို့ အေအေက ‌ပြောပြီး နှုံးဘူးကိုရဖို့ဆက်ပြီး တိုက်နေတယ်လို့ ဆိုပါတယ်။

တရွန်အိုင်ဗျူဟာကုန်းကို မဆုံးရှုံးခင်ကတည်းက စစ်ကောင်စီဟာ ဒီစခန်းကို လက်မလွှတ်ရရေး တိုက်လေယာဥ် Mi-35၊ Y8၊ Y12 တို့နဲ့ အကုန်သုံးပြီး လေကြောင်းပစ်ကူတာ၊ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ကူတာတွေလုပ်ပြီး ကာကွယ်ခဲ့ပါတယ်။

ဒီစခန်းကုန်းကို ခြေကုပ်ယူနိုင်ခဲ့တဲ့အချိန်အထိ တရွန်အိုင်ဗျူဟာကုန်းပေါ်ကနေ ပလက်ဝမြို့ထဲက ‌ ကကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့အကြိမ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

အေအေ ဘက်က ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီဘက်က တရွန်အိုင်တိုက်ပွဲမှာ ဓာတုဓာတ်ငွေ့ပါတဲ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီလို ဓာတုဓာတ်ငွေ့ဗုံးကို စစ်ကောင်စီဘက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့ ရှမ်းမြောက်ဒေသမှာလည်း အသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့ အေအေရဲ့ ‌ဒီပြောကြားချက်ကို သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ AA ဘက်က တရွန်အိုင်တိုက်ပွဲမှာ အကျအဆုံးတွေများခဲ့တာကြောင့် စိတ်ဓာတ်ပျက်ပြားပြီး စွပ်စွဲခဲ့တာလို့ တုံ့ပြန်ပါတယ်။

AA တပ်ဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေ

ဓာတ်ပုံ ရင်းမြစ်, Western News

တရွန်အိုင်ဗျူဟာကုန်းဘာကြောင့်အရေးကြီး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းက တရွန်အိုင်စခန်းဟာ ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နဲ့ ၃၅ မိုင်ခန့်ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၈ ပေ အမြင့်မှာရှိပါတယ်။

တရွန်အိုင်ကျေးရွာအနီးက တောင်တန်းပေါ်မှာတည်ရှိပြီး ဆက်သွယ်သွားလာရေး ခက်ခဲတဲ့တပ်စခန်းတစ်ခု ဖြစ်ပေမဲ့ အဲ့ဒီနယ်မြေတစ်ခုလုံးကို အပေါ်စီးက ထင်ထင်ရှားရှားမြင်နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ဗျူဟာကုန်းရဲ့ အကျယ်က ဧက ၆၀ နီးပါး ရှိပြီး ဘန်ကာတွေနဲ့ ဆက်သွယ်ရေးလမ်းတွေ၊ ကတုတ်ကျင်းတွေနဲ့အခိုင်အမာ တည်ဆောက်ထားတဲ့ စခန်းကြီးတစ်ခုပါ။

'' စခန်းကတော့ ပလက်ဝမြို့အထက်ပိုင်းမှာရှိတဲ့ အကြီးဆုံးစခန်းလည်းဖြစ်တယ်။ ရဟတ်ယာဉ်ကွင်းနှစ်ခုပါတဲ့ အခြေချစစ်ဗျူဟာတစ်ခုလည်းဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ စစ်ရေးအရ အရေးပါတဲ့စခန်းတစ်ခုဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီစခန်းကို သိမ်းပိုက်တုန်းက ရန်သူ့လက်နက်တွေအလောင်းတွေ စစ်သုံ့ပန်းတွေသိမ်းပိုက်ရရှိခဲ့ ပါတယ်'' လို့ ‌အေအေပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမှာရှိတဲ့ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ပေမဲ့ ပလက်ဝကို ထိန်းချုပ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အခြေအနေမရှိဘူးလို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အေအေ ကတော့ တရွန်အိုင်စခန်းကိုသိမ်းပိုက်လိုက်တာနဲ့ ပလက်ဝမြို့ကို ထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ဒေသတွင်းပြောဆိုချက်တွေအပေါ် မှာတော့ စစ်ရေးကိစ္စဖြစ်တာကြောင့် မပြောနိုင်ဘူးလို့ ဦးခိုင်သုခက ငြင်းဆိုပါတယ်။

ပလက်ဝက စစ်စခန်းတွေ နဲ့ အေအေရထားတဲ့ တရွန်အိုင်စခန်း

ဓာတ်ပုံ ရင်းမြစ်, AA

ပလက်ဝမှာဘာဆက်ဖြစ်နေ

ပလက်ဝမှာ အရေးပါတဲ့စစ်တပ်ရဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း ထပ်ပြီးသိမ်းပိုက်နိုင်ဖို့ အေအေတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ ပလက်ဝမြို့အထက်ပိုင်းမှာ နှုံးဘူးဗျူဟာနဲ့ အောက်ဘက်မှာ မီးဝဗျူဟာတို့ရှိနေပြီး စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူတစ်ခုတည်းကိုပဲ အဓိကအားထားတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

'' နှုံးဘူးကျေးရွာရယ်၊ ပြီးရင် ငတက်ရယ်၊ မောင်နှမကျေးရွာအနီးဝန်းကျင်ကို အီလယ်ကျေးရွာမှာအားလုံး ကို ဒေသခံတွေ ရွှေ့ပြောင်းထားတယ်လို့ကျွန်တော်တို့ သိရတယ်။ လက်ရှိကတော့ ထိခိုက်မှုတွေမသိရသေးဘူး။ ဒါပေမယ့် မနက်အစောကြီး ၆ နာရီ ၇ နာရီလောက်ကနေ ဂျက်ဖိုက်တာသုံးစီးနဲ့ လာပြီးဗုံးကြဲနေတယ်'' ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာတော်တော်များများက ဒေသခံတွေ ထွက်ပြေးနေကြရသလို အရပ်သားထိခိုက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရွန်အိုင်ကျေးရွာနဲ့ ကုန်းလမ်း ၁၀ မိုင်ဝန်းကျင်လောက်အကွာဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်နဲ့ တစ်ဆက်တစ်စပ်တည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ချင်းကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ မတူပီမြို့နယ်ထဲက လိုင်လင်းပီမြို့နဲ့ နီးစပ်တာကြောင့်လည်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို ရခိုင်နဲ့ချင်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။