စာသင်ကျောင်းတွေကိုရှောင်ပြီး စာသင်နေရတဲ့ ကြားကာလစာသင်ကျောင်းများ

စာသင်ကျောင်း၊ တိုက်ခိုက်ခံရ၊ စစ်ကြောင်းထိုး၊

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

ဓာတ်ပုံ ပုံစာ, လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့ လက်ယက်ကုန်းမူလတန်းကျောင်း

စစ်ကောင်စီက စာသင်ကျောင်းတွေကို ဇွန် ၁ ရက်မှာ စပြီးဖွင့်ခဲ့ပါတယ်။

ဒီနှစ် ၂၀၂၃-၂၄ ပညာသင်နှစ်မှာ တိုင်းနဲ့ပြည်နယ်တွေက အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ တက်ရောက်နေတဲ့ကျောင်းသားပေါင်း ၆၂ သိန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြတွေမှာရှိတဲ့ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ပေမဲ့ အာဏာသိမ်းစစ်တပ်ကိုတော်လှန်နေတဲ့ ဒေသတွေက စာသင်ကျောင်းတွေကိုတော့ စာသင်ကြားဖို့ ရှောင်နေကြရပါတယ်။

စစ်ကောင်စီကို တော်လှန်မှုပြင်းထန်နေတဲ့ တိုင်းတွေထဲက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာဆိုရင် စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ပစ်ခတ်ခံရတာ၊ မီးရှို့ခံရတာ၊ ဖျက်ဆီးခံရတာတွေရှိနေတာကြောင့် အဲဒီကျောင်းတွေမှာ ဖွင့်လှစ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာသင်ကျောင်းတွေဟာ စာသင်ကျောင်းတွေမှာ မဖွင့်ရဲကြတော့ဘဲ တခြားနေရာတွေမှာ အဆင်ပြေသလို သင်ကြားနေကြရတာပါ။

စစ်ကောင်စီတပ်တွေရဲ့ သတင်းတွေထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပီဒီအက်ဖ်နဲ့ ဒေသကာကွယ်ရေးတပ်တွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံတွေ စတဲ့ နေရာတွေကနေ အကာအကွယ်ယူ၊ နေရာယူပြီး တိုက်ခိုက်တယ်လို့ စွပ်စွဲပြီး ဒါကြောင့် အဲဒီလို နေရာတွေကိုပါ စစ်တပ်စစ်ကြောင်းတွေက တိုက်ခိုက်ရတာဆိုတဲ့ ပြောဆိုမှုတွေကိုလည်း တွေ့ရတတ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် စက်တင်ဘာမှာ ပြည်တွင်းသာမက နိုင်ငံတကာအထိပါ အံ့ဩတုန်လှုပ်ခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဖြစ်စဉ်ဟာ စာသင်ကျောင်းတွေကိုပါ ဦးတည်တိုက်ခိုက်တယ်ဆိုတဲ့ ထင်ရှားတဲ့ဥပမာ ဖြစ်ခဲ့တာပါ။

ဒီနှစ်ထဲမှာဆိုရင် ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာမှာ ဖွင့်လှစ်ထားတဲ့ ကြားကာလပညာသင်ကျောင်းဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ မီးရှို့ခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာလည်း ကြားကာလစာသင်ကျောင်းတွေကို ဦးတည်မီးရှို့ဖျက်ဆီးတာရှိသလို အရင်အစိုးရစာသင်ကျောင်းတွေလည်း ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။

ရေဦးမြို့နယ် ချမ်းသာကျေးရွာက အထက်တန်းကျောင်းတစ်ကျောင်းလည်း မေလထဲမှာ ဖျက်ဆီးခံခဲ့ရပြီး လုံးဝပြန်အသုံးပြုလို့မရအောင် ပျက်စီးခဲ့ပါတယ်။

မေလထဲမှာပဲ ယင်းမာပင်မြို့နယ်က အောင်ချမ်းသာရွာ စာသင်ကျောင်းဟာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုဆို စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စာလည်းမသင်တော့ဘူး။ စစ်ဘေးရှောင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ အဲဒီနေရာတွေက စစ်ရေးပစ်မှတ်ဖြစ်နေပြီ”လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီအချက်လက်တွေကို သတင်းဖော်ပြမှုတွေအရ သိရှိထားရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး ကာလအတွင်း ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းနဲ့ ကြားကာလ စာသင်ကျောင်းအရေအတွက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးတာဝန်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကြောင်းထိုးလို့ ကျောင်းနားထားရ

စာသင်ကျောင်း၊ စစ်ကောင်စီ၊ ဖျက်ဆီး၊ စစ်ကြောင်းထိုး

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

လက်ရှိ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဝက်လက် စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာဆိုရင် စာသင်ကြားနိုင်တဲ့အခြေအနေ မရှိကြသေးပါဘူး။

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာလည်း စစ်ကြောင်းဆက်တိုက်ထိုးခံနေရပြီး ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

စစ်ကြောင်းထိုးလို့ ထွက်ပြေးတာကနေ ပြန်ရောက်လာပေမဲ့ အခြေအနေ မတည်ငြိမ်သေးတာကြောင့် ကျောင်းတွေ မဖွင့်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာမီးရှို့ခံထားရတဲ့ မီးလောင်ကျွန်းကျေးရွာက အသက် ၄၉ နှစ်အရွယ် ဒေသခံအမျိုးသားကတော့ စစ်ပြေးရင်း သားဖြစ်သူ ပညာမတတ်မှာကို စိုးရိမ်နေရတဲ့ မိဘတစ်ယောက်ပါ။

“ကျွန်တော်တို့တုန်းက ၈၈ အရေးအခင်းကို ကြုံခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်က လေးတန်း ၊ ရှောင်တိမ်းနေရတော့ ကျောင်းလည်း မတက်ဖြစ်ဘူးလေ။ အရေးခင်းပြီးတော့ ကျောင်းမတက်ဖြစ်ဘဲ ပညာရေးတပိုင်းတစ ဖြစ်သွားတယ်။ ကျွန်တော့်သားကို အဲ့လို မဖြစ်စေချင်ဘူး။ အဲ့ဒါကြောင့်လည်း အန္တရာယ်ကြားကနေ ကျောင်းထားနေတာ၊ ဒီလိုမှ မထားရင်လည်း မရဘူးလေ”လို့ ပြောပါတယ်။

ကျောင်းသုံးပစ္စည်းတွေ ဝယ်ရခက်

စစ်ကောင်စီ၊ စာသင်ကျောင်း၊ မီးရှီု့

ဓာတ်ပုံ ရင်းမြစ်, Entertainment

ဓာတ်ပုံ ပုံစာ, ပုလဲမြို့နယ်က မီးရှို့ခံရတဲ့ ကြားကာလစာသင်ကျောင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီမီးလောင်ကုန်းကျေးရွာက ကျောင်းသားမိဘက စစ်ကြောင်းထိုးလို့ ထွက်ပြေးရချိန်မှာ ဆန်၊ ဆီ၊ ရိက္ခာ၊ အရေးကြီးပစ္စည်းတွေအပြင် သားအတွက် ဝယ်စုထားတဲ့ ကျောင်းသုံးပစ္စည်းတွေကိုပါ မဖြစ်မနေ သယ်ရတယ်လို့ ပြောပါတယ်။

စစ်ကြောင်းတွေ၊ စစ်ဆေးရေးတွေ ရှိနေတဲ့ နေရာတွေကို ဖြတ်သန်းပြီး ဝယ်ယူကြရတာကြောင့် ကျောင်းသုံးပစ္စည်းတွေရဖို့ကလည်း ခက်ခဲတယ်လို့ သူက ပြောပါတယ်။

“မြို့မှာ ဘယ်ဈေးဖြစ်လဲတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်တို့ကတော့ ပထမတန်းအတွက်ကို သင်ရိုးစာအုပ် တစ်အုပ်ကို (ကျပ်) ၅ ထောင်ပေးဝယ်ရတယ်။ အခုက ကလေးက ဒုတိယတန်းတက်မယ်၊ သင်ရိုးစာအုပ်တွေ မဝယ်ရသေးဘူး”လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးတွေကြောင့် ဝယ်ရခက်သလို စာသင်ကြားပေးနိုင်မယ့် ဆရာဆရာမ လိုအပ်ချက်ကလည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ကြားကာလ ပညာသင်ကျောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာဆိုရင် အခုနှစ်မှာ KG+12 စနစ်သစ်ကိုပြောင်းလဲချိန်မှာ ဒီသင်ရိုးအတွက် ဆရာလမ်းညွှန်စာအုပ်တွေ လိုအပ်ကြသလို ကျောင်းသုံးစာအုပ်တွေလည်း အခက်အခဲ ဖြစ်နေကြတာပါ။

ဒါ့ကြောင့် အများအားဖြင့် သင်ရိုးစာအုပ်တစ်အုပ်ကို ၃ ယောက်လောက် ဝိုင်းဖတ်ရသလို မှတ်စုစာအုပ်ကိုလည်း တစ်အုပ်ကို နှစ်ဘာသာ ရေးနေရတယ်လို့လည်း ပြောကြပါတယ်။

“ဒါက အထက်တန်းကျောင်းဖွင့်နိုင်တဲ့ နေရာတွေမှာ ရင်ဆိုင်ရတဲ့ပြဿနာအများစုပေါ့။ တချို့မြို့နယ်တွေမှာဆိုရင် အထက်တန်း သင်ပေးနိုင်တဲ့ ဆရာ မရှိလို့ မူလတန်းနဲ့ အလယ်တန်းပဲ ဖွင့်နိုင်တယ်”လို့ ပြောပါတယ်။

စာသင်ကြားချိန်ကလည်း ပုံမှန်စာသင်ကာလအတိုင်း သတ်မှတ်လို့မရဘဲ အဆင်ပြေတဲ့ကာလ ၆ လ သတ်မှတ်ပြီး သင်ကြားနေကြရတာပါ။

“တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ဒီလိုအခက်ခဲ အကျပ်တည်း၊ အသက်အန္တရာယ်ကြားကနေ ပညာသင်ကြားနိုင်ဖို့ လုပ်နေရတာက တော်လှန်ရေးက ဘယ်တော့ပြီးမလဲ မသိသေးဘူး။ ပညာတတ်တွေ ဖြစ်ခဲ့ရင် ခံယူချက်ကောင်းတဲ့ ပညာတတ်တွေ ဖြစ်လာမယ်။ တော်လှန်ရေးပြီးသွားရင် ပြန်လည်ထူထောင်ရေးတွေမှာ ဒီကျောင်းသား၊ လူငယ်တွေကို ပြန်ပြီးအားကိုးရမှာ၊ အခုတော့ စာသင်ကျောင်းတွေကိုတော့ ရှောင်ထားမှရမယ်”လို့ ဒီပဲယင်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။