နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်လို့ ဦးကိုကိုကြီး ဘာပြောလဲ

"နိုင်ငံရေးပါတီတွေ မရပ်တည်နိုင်ဘဲနဲ့ ဘာဒီမိုကရေစီမှ ဘာဖက်ဒရယ်မှ ဖြစ်လာမှာ မမြင်ဘူး"

ဦးကိုကိုကြီး(ပြည်သူ့ပါတီဥက္ကဋ္ဌ)

ဦးကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, People Party

ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းအထိ စည်းရုံးရမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်း လိုက်ပါတယ်။ မှတ်ပုံမတင်ရင် ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

တစ်ပါတီ လူတစ်သိန်းစုရမယ့် ပြင်ဆင်ချက်ကို ဥပဒေကြမ်းအဆင့်ကတည်းက ဝေဖန်ခဲ့ကြပေမယ့် စစ်ကောင်စီက အခုလို ပြဋ္ဌာန်းလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဥပဒေသစ်နဲ့ ပတ်သက်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို မအေးသူစံက ဆက်သွယ်မေးမြန်းထားပါတယ်။ 

ဦးကိုကိုကြီး - အရင်ဆုံးပြောချင်တာကတော့ နိုင်ငံရေးပါတီဆိုတာ ပြည်သူအပေါ်မှာ အခြေခံပြီး ရပ်တည်ရတာပေါ့။ ပြည်သူက ယုံကြည်မှုမရှိဘဲနဲ့၊ အထူးသဖြင့်ကတော့ ပါတီဆိုတာထက်ကို နိုင်ငံရေး နည်းလမ်းအပေါ်မှာ၊ နိုင်ငံ‌ရေးပါတီတွေရဲ့ ကြိုးပမ်းမှု အပေါ်မှာ မျှော်လင့်ချက် ယုံကြည်ချက်ရှိလာမှ နိုင်ငံရေးပါတီ ဆိုတာက ရပ်တည်လို့ ရတာကိုး။ ဒါကြောင့်မို့လို့လည်း ကျွန်တော် အရင်ကလည်း ပြောခဲ့တယ်၊ အသွင် ကူးပြောင်းရေးကာလ သဘောတူညီချက် တရပ်၊ ရှေ့ဆက်သွားမယ့် ခရီးမှာ ပြုပြင်ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေ ဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးမျှော်လင့်ချက် ဖြစ်ပေါ်လာဖို့ တည်ဆောက်ပေးဖို့က သိပ်အရေးကြီးတယ်လို့ ထင်တယ်။

အခုဟာက ကျွန်တော်တို့အားလုံးလည်း ရက်ပေါင်း ၆၀ မကျော်ခင်မှာတော့ ဘယ်လို ဆက်ရပ်တည်မလဲ ဆိုတာ အဖြေပေးရတော့မှာပေါ့နော်။

အဲဒီတော့ ကျွန်တော်တို့ ပါတီ စီစီတွေ၊ စီအီးစီတွေ တိုင်ပင်ပြီးတော့ ရက်ပေါင်း ၆၀ အတွင်းမှာ သဘောထား ထုတ်ပြန်ပါ့မယ်။ နမူနာ ပြောချင်တာကတော့ မြေကြီးမရှိဘဲ သစ်ပင်စိုက်လို့မရဘူး၊ အဲဒီတော့ သစ်ပင် ကြီးကြီးစိုက်ချင်လို့ရှိရင် မြေကြီးကောင်းကောင်း လိုတယ်၊ မြေသြဇာ ကောင်းကောင်းလိုတယ်၊ ဆိုတော့ နိုင်ငံရေးပတ်ဝန်းကျင် ကောင်းကောင်း မရှိဘဲနဲ့ အခုနပြောသလို မြေကြီး မရှိဘဲနဲ့ သစ်ပင်စိုက်ဖို့ကတော့ အပင်ရှင်ဖို့၊ ဖွံ့ဖြိုးဖို့ ပိုခက်လိမ့်မယ်လို့ ကျွန်တော်ကတော့ အဲ့ဒီလိုပဲ မြင်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီ - စစ်ကောင်စီ ဥက္ကဋ္ဌကတော့ တကယ်တမ်းလွှတ်တော်ထဲကို ရောက်လာတဲ့ နိုင်ငံရေးပါတီကလည်း ဆယ်ဂဏန်းပဲ ရှိတယ်လို့ ပြောသွားတယ်၊ ‌ပြောသွားပြီးတဲ့ နောက်ပိုင်း ဒီလိုမျိုး ဥပဒေထွက်လာတာပေါ့လေ။ လွှတ်တော်ထဲ ရောက်တဲ့ ပမာဏနဲ့ နှိုင်းချင့်ပြီး ဆုံးဖြတ်တာမျိုးကရော ပါတီနိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်လို့ ပြောနိုင်ပါလဲ။

ဦးကိုကိုကြီး - နိုင်ငံရေးအကဲဖြတ်ချက်ဆိုတာ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ကိန်းဂဏန်း ကို အခြေခံပြီး သုံးသပ်လို့မရဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆိုရင် ကျွန်တော့ မြို့နယ်မှာ ဆိုရင် ကျွန်တော် မဲ ၃ သောင်းကျော်ရတယ်။ အဲဒီမှာမှ သီးခြား လူနဲ့၊ ဖုန်းနဲ့၊ မက်ဆေ့ချ်နဲ့ ဆက်သွယ်လာတာတွေ ရှိတယ်။ ဘာလဲ ဆိုတော့ ကျွန်တော်တို့ အပေါ်မှာ အနာဂတ်အတွက် မျှော်လင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ရှိနေချိန်မှာ တော့ NLD ကိုပဲ မဲထည့်ခဲ့တယ်ဆိုတဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အလွန်မှာ တော့ ကျွန်တော်တို့ကို မျှော်လင့်နေတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို ဒါကြောင့် မဲမထည့်တာတွေ ဆိုတာ ကျွန်တော်တို့ အများကြီး ရရှိတယ်။

ရွေးကောက်ပွဲဆိုတဲ့ သဘောက အာဏာရပါတီဟာ သူက အမြဲတမ်း အသာစီးရနေတယ်၊ ဒါက ဘယ်နိုင်ငံမှာ ဖြစ်ဖြစ်ပါ။ အဲဒီလို အခြေအနေမျိုးတွေကို ကိန်းဂဏန်း သက်သက် ကြည့်ပြီး ကောက်ချက်ချလို့ မရဘူး။ ဒါတခုပြောချင်တယ်။

နောက်တခုက နိုင်ငံရေး ပါတီတွေ ဖောင်းပွနေတယ်ဆိုတာ၊ ဖောင်းပွအောင်လည်း လုပ်ခဲ့တာပဲ၊ တကယ့်ကိုရော သတ်မှတ်ချက်တွေနဲ့ ပြည့်မီရဲ့လား၊ စစ်ဆေးရဲ့လားဆိုတာ ကျွန်တော်တို့က ပြောစရာရှိတယ်။ နိုင်ငံရေးပါတီတွေ ဖောင်းပွတယ်ဆိုတာက တိုင်းပြည်အတွက် တော့ မကောင်းဘူး။ သို့သော် အချိန်ကာလ တခုဖြတ်လိုက်ရင် ရွေးကောက်ပွဲနဲ့ပဲ မှတ်ကျောက်တင်သွားမှာပဲ။ ရွေးကောက်ပွဲ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ဆိုရင် ဆက် မရပ်တည်နိုင်တဲ့ ပါတီတွေက ပြုတ်သွားမယ်၊ ကောင်းတာတွေက ကောင်းသွားမယ်၊ ပါတီကြီးတွေလည်း သဘောထားကွဲသွားပြီး ၂ ခြမ်းကွဲသွားတာတွေလည်း ရှိမယ်၊ အဲဒါက နိုင်ငံရေးရဲ့ ဖြစ်စဉ်ပဲ။

အခုအချိန်မှာ ပိုဆိုးတာက ပြဿနာက လုံခြုံရေး အခြေအနေ၊ ဒါလက်ရှိ နစကနဲ့ ဆက်စပ်နေတဲ့ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေတောင် လုံခြုံရေး မပေးနိုင်တဲ့ ပြဿနာတွေပေါ် နေတဲ့အချိန်မှာ ဒီနိုင်ငံရေးပါတီတွေ စည်းရုံးရေး လှုပ်ရှားရေး၊ နောက်ဆုံးပြောရရင် ရုံးခန်းဖွင့်ဖို့ အိမ်ခန်းငှားမယ်ဆိုရင်တောင်၊ ပိုက်ဆံရှိတယ်ဆိုရင်တောင် အိမ်ရှင်တွေ က မငှားရဲဘူး။ အဲ့ဒီလိုမျိုးအခြေအနေတွေမှာ ကိုယ့်ပါတီထဲက သူတွေတောင် နိုင်ငံရေး သဘောထားကွဲလွဲတာကြောင့် နုတ်ထွက်တာတွေ ပါတီနဲ့ ကင်းကွာ သွားတာတွေ ဖြစ်နေတဲ့အချိန်မှာ နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတခုကို တည်ဆောက်မပေးဘဲနဲ့ နိုင်ငံရေး မျှော်လင့်ချက် တခုကို တည်ဆောက်မပေးဘဲနဲ့ ၊ မြေကြီး မရှိဘဲနဲ့ အပင် အကြီးကြီး စိုက်ချင်လို့ မရဘူး။ အရင်ဆုံးက နိုင်ငံရေး ဝန်းကျင်ကောင်း ဖန်တီးပေးဖို့က အရေးအကြီးဆုံးလို့ပဲ ကျွန်တော်က မြင်တယ်။

ဘီဘီစီ - အခုက နိုင်ငံရေးပါတီတွေ အားလုံးက မှတ်ပုံပြန်တင်‌ရသလို ဖြစ်သွားတာပေါ့၊ တခါ ပါတီဝင်အင်အား တသိန်းရှိရမယ်ဆိုတာက နိုင်ငံရေးပါတီငယ် တွေအတွက် အခက်အခဲရှိသွားမယ်လို့ ပြောကြတာတွေရှိတယ်။ ဒီအပေါ်မှာရော ဦးကိုကိုကြီး ဆွေးနွေးပေးပါဦးရှင့်။

ဦးကိုကိုကြီး - ကျွန်တော်တို့က အကြမ်းမဖက်နိုင်ငံရေး နည်းလမ်းနဲ့ ရပ်တည်မယ်ဆိုတာ တောက်လျှောက် ခိုင်ခိုင်မာမာ ကိုင်စွဲထားတယ်။ ရပ်တည်တယ်။ ဒါ့ကြောင့်လည်း ပါတီတရပ်အနေနဲ့ ပါတီဝင်တွေကြားမှာ ဆက်သွယ်မှု၊ ကွန်ရက် တည်ဆောက်မှု စတာတွေ မပြတ်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။

သို့သော် စစ်တပ်မှာက အမိန့်နဲ့ တည်ဆောက်လို့ရတယ်။ နိုင်ငံရေးပါတီမှာက ယုံကြည်မှုနဲ့ တည်ဆောက်ကြတယ်၊ ဒါကြောင့်မို့လို့ ပါတီဝင် အသစ်တွေ ဝင်ရောက်လာနိုင်ဖို့က သူတို့အပေါ်မှာ ကျွန်တော်တို့က ယုံကြည်မှု ဖန်တီးပေးဖို့လိုတယ်။

အထူးသဖြင့် နိုင်ငံရေး ပါတီလုပ်ခြင်းဟာ နိုင်ငံရေး ထွက်ပေါက်ဖြစ်တယ်၊ နိုင်ငံရေးအရ အခြေခံ ပြဿနာဖြစ်တဲ့ ဒီမိုကရေစီရေး ဖက်ဒရယ်အရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ သေချာပေါက်ဖြစ်လာမယ် ဆိုတဲ့ မျှော်လင့်ချက် နိုင်ငံရေး ပတ်ဝန်းကျင် မပေးနိုင်ဘဲနဲ့ နိုင်ငံရေး ပါတီတွေ မရှင်သန်နိုင်ဘူး။ နိုင်ငံရေးပါတီတွေ မရပ်တည်နိုင်ဘဲနဲ့ မရှင်သန်နိုင်ဘဲနဲ့ ဘာဒီမိုကရေစီမှ ဘာဖက်ဒရယ်မှ ဖြစ်မလာ နိုင်ဘူးလို့ ကျွန်တော်က မြင်တယ်။

Ko Ko Gyi

ဓာတ်ပုံ ရင်းမြစ်, Pepople Party

ဘီဘီစီ - စစ်ကောင်စီက လုပ်မယ်ဆိုပြီး ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု စနစ်ကို သုံးမယ်လို့ ပြောထားတယ်။ တဖက်မှာလည်း ဖွဲ့စည်းပုံဥပဒေ အရ ၂၅ ရာခိုင်နှုန်းကို ရယူထားတဲ့ စစ်တပ်ရှိတယ်၊ အခု နိုင်ငံရေးပါတီ ဥပဒေပါ ထွက်လာ တော့ ပေါ်ပေါက်လာမယ့် အခင်းအကျင်းက ဘယ်လို အနေအထားမျိုး ဖြစ်သွားနိုင်လဲ။

ဦးကိုကိုကြီး - အဓိကကတော့ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မယ် ဆိုရင် သူ့သဘောထား မပါဘဲ ပြင်လို့ မရအောင် ဗီတို အာဏာကို ကိုင်ထားတဲ့ သဘော။ ဒါက ပထမ အခြေအနေပေါ့၊ နောက်ထပ် အခြေအနေတခုက ပီအာ (PR) လုပ်တယ် ဆိုတာက တပါတီတည်း လွှမ်းမိုးတာမျိုး မဖြစ်အောင်၊ ဒီထက် ရှင်းရှင်းပြောရရင် တပါတီတည်း အစိုးရမဖွဲ့နိုင်‌အောင် ဒါ ရွေးကောက်ပွဲ စနစ်ကို ပြုပြင်ပြောင်းလဲလိုက်တာ ဖြစ်တယ်။

အဲဒီတော့ ပါတီတခုဟာ ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲမှာ ရတယ်ဆိုတဲ့ ကိစ္စက တော်တော့်ကို ခက်ခဲတာ၊ တော်တော် မလွယ်တာ။ အဲဒီတော့ ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိထားပြီးသား ဖြစ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံတဲ့ ပါတီဟာ အစိုးရဖြစ်ဖို့ သေချာသလောက် ဖြစ်သွားတယ်။

အခုဟာက ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံကို ပြင်ဖို့ ဗီတိုအာဏာကို ကိုင်ထားရုံတင် မကတော့ဘဲ အစိုးရဖွဲ့ဖို့ အတွက်ပါ သူ့ရဲ့ ထောက်ခံမှုက ပိုအခရာ ကျသွားတယ်၊ ပိုအရေးကြီးသွားတယ် ဆိုတဲ့ အခင်းအကျင်းမျိုး ဖြစ်သွားတယ်လို့ မြင်ပါတယ်။

ဒါကြောင့်မို့လို့လည်း စစ်တပ် ဆိုတာ နိုင်ငံတော် လုံခြုံရေး ပြဿနာမျိုးရင်ဆိုင်ရတဲ့အခါမှာ လူထုရဲ့ ယုံကြည်ကိုးစားမှု၊ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု ရဖို့ ဆိုတာဟာ လက်ရှိ တပ်မ‌တော် အကြီးအကဲများရဲ့ ဆုံးဖြတ်ချက် ဆောင်ရွက်ချက်များဟာ ပြည်သူ လူထုနဲ့ ဘယ်လောက်နီးစပ်သလဲ ဆိုတဲ့ အပေါ် တိုက်ရိုက် တည်မှီနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဘီဘီစီ - လက်ရှိနိုင်ငံ တဝန်းမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေ ပဋိပက္ခတွေကြားမှာ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကရော ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ရှိလာနိုင်ပါသလား။

ဦးကိုကိုကြီး - ဒီရက်ပိုင်းအတွင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှု၊ ထိတွေ့မှုတွေက လည်း ပိုပြီးတော့ စိပ်လာတယ်။ မဲစာရင်း၊ လူဦးရေ စာရင်းကောက်ယူတဲ့ ဝန်ထမ်းတွေ၊ လဝက ရုံးတွေကို တိုက်ခိုက်မှုတွေကို အကာအကွယ် မပေးနိုင်ဘူး၊ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဆို ပိုဆိုးတာပေါ့။

ကျွန်တော်တို့ နိုင်ငံရေး ပါတီ ရုံးခန်းတွေ၊ နိုင်ငံရေး လုပ်ငန်းဆောင်ရွက်မယ့်သူတွေ၊ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးက ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဘယ်သူက အာမခံချက် ပေးမလဲဆိုတာက အစ ကျွန်တော်တို့ အားလုံးအတွက် စိန်ခေါ်မှု အကြီးကြီး ဖြစ်သွားပြီ။

အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီလို အချိန်မျိုး မပြောနဲ့၊ သာမန်တည်ငြိမ်နေတဲ့ အချိန်မျိုးမှာတောင်မှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ ရွေးကောက်ပွဲ တခုတည်းအ‌ပေါ်မှာ မူတည် စဉ်းစားလို့ မရဘူး၊ ထိပ်တန်း ခေါင်းဆောင်တွေကြားမှာ ရှိတဲ့ ညှိနှိုင်းဆောင်ရွက်မှု အဲဒါက ပိုပြီးတော့တောင် အရေးကြီးတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များရဲ့ စဉ်းစား ဆင်ခြင်တုံတရား အမြော်အမြင်က ပိုပြီးတော့တောင် အရေးကြီးပါတယ်။