ခြံနံပါတ် ၅၄ - သမိုင်းကို လေလံပစ်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ ကို ခြံစည်းရိုးပေါ် မှာ ထောင်ထားတဲ့ ခြံနံပါတ် ၅၄

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ ကို ခြံစည်းရိုးပေါ် မှာ ထောင်ထားတဲ့ ခြံနံပါတ် ၅၄ ကို ရှေ့က ဖြတ်သွားသူတိုင်း ငေးမော ကြည့်ကြဖူးပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးရဲ့ ခေတ္တအကျဉ်းထောင်၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် ခေါင်းချခဲ့တဲ့နေရာ၊ ကမ္ဘာကျော် ပုဂ္ဂိလ်တွေ လာရောက်လည်ပတ်ခဲ့တဲ့နေအိမ် စတဲ့ သမိုင်းတန်ဖိုးပေါင်းများစွာ ရှိတဲ့ ခြံနံပါတ် ၅၄ ဟာ ဒေါ်လာသန်းချီတန်တဲ့ အမွေဆိုင်ပစ္စည်းလည်း ဖြစ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား ဒီခြံကို အမွေခွဲယူဖို့ ၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချူပ်က ဆုံးဖြတ်ပြီးတဲ့နောက်မှာ ဒီခြံကို လေလံတင်ဖို့ ၂၀၂၄ ဇန်နဝါရီမှာ ၂၅ ရက်မှာ ရန်ကုန်မြို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သာယာလှပတဲ့ အင်းလျားကန်ရှုခင်း နဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ ဟာ သူ့ရဲ့ မြောက်များလှတဲ့ သမိုင်းတန်ဖိုးတွေကို ဖယ်ကြည့်မယ် ဆိုရင်တောင် ရန်ကုန်မြို့မှာ ရှိတဲ့ အကောင်းဆုံးမြေကွက်စာရင်းဝင်ပါတယ်။

ကမ္ဘာက သိတဲ့ ဒီလိပ်စာကို ပုံမှန်အခြေအနေမှာဆို မြန်မာပြည်က ဘီလျံနာတွေက ဝယ်ဖို့စိတ်ဝင်စားကြမှာဖြစ်ပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ လေလံဝင်ဆွဲဖို့ လက်တွန့်နေကြလိမ့်မယ်လို့ စီးပွားရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြပါတယ်။

‘’ပိုက်ဆံ ဘီလျံချီကုန်ပြီး လူမုန်းခံရမယ့်အလုပ်၊ စီးပွားရေးသမားကတော့ ဒါမျိုးလက်ရှောင်မှာပဲ’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

သမိုင်းကို အမွေခွဲခြင်း

ခြံစည်းရိုးပေါ်က နိုင်ငံရေးတရားဟော တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခြံစည်းရိုးပေါ်က နိုင်ငံရေးတရားဟော တဲ့ ဒေါ်အောင်ဆန်းစုကြည်

ခြံနံပါတ် ၅၄ ရဲ့ အမွေအမှုဟာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီး နှစ်ဦး အမွေခွဲကြတဲ့အပြင် သမိုင်းတန်ဖိုးများစွာရှိတဲ့အတွက် ဒီအမှုကိုကိုင်တွယ်ခဲ့သူအားလုံး ဖိအားများခဲ့ကြရပါတယ်။

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ ဒီအိမ်မှာပဲ ခေါင်းချခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံကာလမှာ ခြံနံပါတ် ၅၄ ဟာ နိုင်ငံရေးသမားတွေ နဲ့ ကျောင်းသားတွေ ဝင်ထွက်သွားလာပြီး နိုင်ငံ့အရေးကိစ္စတွေ ဆွေးနွေးကြရာနေရာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခြံနံပါတ် ၅၄ မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံရတဲ့အခါ ကမ္ဘာက အာရုံစိုက်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။

၂၀၁၀ မှာ နေအိမ်အကျယ်ချုပ်ကပြန်လွတ်တဲ့အခါမှာတော့ ခြံနံပါတ် ၅၄ ဟာ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပတ်လာရာ အိမ်တစ်အိမ်ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ကမ္ဘာကျော်ဧည့်သည်တွေ အလာများတဲ့အိမ်ဟာ ခြံနံပါတ် ၅၄ အပြင် တခြားတစ်နေရာရှိမှာမဟုတ်ပါဘူး။

ခြံနံပါတ် ၅၄ ရောက် အမေရိကန်သမ္မတ အိုဘားမား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခြံနံပါတ် ၅၄ ဟာ အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပတ်လာရာ အိမ်တစ်အိမ်ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က သူရေးတဲ့စာအုပ်ထဲ ခြံနံပါတ် ၅၄ ကိုရောက်ခဲ့တဲ့အကြောင်း ထည့်ရေးပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘’လူထု နဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ‘’ဆိုတဲ့ စာသား နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ ကို ခြံစည်းရိုးပေါ် မှာ ထောင်ထားတဲ့ အိမ်ကို ရှေ့က ဖြတ်သွားသူတိုင်း ငေးမော ကြည့်ကြဖူးပါတယ်။

အဲဒီအိမ်ရှင်ဟာ အစိုးရခေါင်းဆောင်ရော အကျဉ်းသားပါ ဖြစ်ဖူးလို့ အိမ်ရှေ့မှာတော့ လုံခြုံရေးက မတူညီတဲ့အဓိပ္ပါယ် နဲ့ နှစ်ပေါင်းများစွာရှိနေခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်အကျဉ်းကျနေစဉ်က ခြံနံပါတ် ၅၄ ကြောင့် တက္ကသိုလ်ရိပ်သာလမ်းကိုပါ ဖြတ်သန်းသွားလာခွင့် ပိတ်ဖူးပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ခြံနံပါတ် ၅၄ ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလှဓာတ်ပုံ ရိုက်ရာနေရာပါ ဖြစ်ခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရလာပြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကို ပြောင်းရွှေ့သွားခဲ့တဲ့နောက်ပိုင်းမှာ ခြံနံပါတ် ၅၄ ကို ဧည့်အလာနည်းသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ခြံနံပါတ် ၅၄ ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

၂ဝ၁၆ ကတည်းက ဒီခြံမြေကို မောင်နှမ ခွဲဝေကြဖို့ အမိန့်ချထားတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးဘက်က မကျေနပ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ တက်ခဲ့ပါတယ်။

အိမ်ကိုလေလံပစ်ပြီး တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပေမဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့ ၂၀၂၂ ခုနှစ်မှာ အထူးအယူခံကို ဦးအောင်ဆန်းဦးက ထပ်တင်ခဲ့ပြီးတဲ့နောက် ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးကိုးပါး ထိုင်ပြီးသား အမှု အယူခံပြန်တက်တာကို အနိုင်ပေးတာ ဒီတစ်မှုပဲရှိသေးတယ်လို့ ဝါရင့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

‘’ကိုးပါးထိုင်မှာ ပြည်ထောင်စုတရားသူကြီးချုပ်ပါ ပါပြီးသားပဲလေ’’ လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချခံထားရလို့ အမှုကို ကိုယ်တိုင်ချေပခွင့်မရတဲ့အပြင် သူ့ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရလို့ ဦးအောင်ဆန်းဦးကို အခုလို အနိုင်ပေးတာက တရားဥပဒေနဲ့မညီဘူး လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ ပြည်ပနိုင်ငံသားတစ်ဦးဖြစ်နေလို့ ခြံနဲ့မြေကိုပိုင်ဆိုင်ခွင့်မရှိပေမဲ့ အမွေဆက်ခံခွင့်ရှိနေတယ်လို့ ဥပဒေအသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် သမိုင်း၀င်နေရာတစ်ခုဖြစ်လို့ လေလံတင်ရောင်းချဖို့ထက် ပြတိုက်ကဲ့သို့ထိန်းသိမ်းထားစေတဲ့ဆန္ဒတွေရှိတဲ့အပေါ် ဦးအောင်ဆန်းဦးက ကမ္ဘာပေါ်မှာ ခြံနံပါတ် ၅၄ လို အိမ်မျိုး အများကြီးရှိကြောင်းနဲ့ ဒီလို ဆန္ဒတွေဟာ ဥပဒေနဲ့ဆိုရင် မသက်ဆိုင်ကြောင်း ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

လေလံပွဲ အောင်မြင်ပါ့မလား

ဦးအောင်ဆန်းဦး
ဓာတ်ပုံ ပုံစာ, ဦးအောင်ဆန်းဦး

ကမ္ဘာသိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လေလံတွေဟာ မစိမ်းလှဘဲ သူနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို လေလံတင်ရောင်းချတဲ့အခါတိုင်း ကြမ်းခင်းစျေးထက်အဆပေါင်းများစွာ ပေးဝယ်ကြလေ့ရှိပါတယ်။

ခြံနံပါတ် ၅၄ ခြံစည်းရိုးတံခါးက စလို့ ဒေါ်အောင်ဆန်းစုကြည်ထိုးတဲ့ ဆွယ်တာ အင်္ကျီအထိ လေလံ ပစ်ရင် ကြမ်းခင်းစျေးထက် အဆပေါင်းများစွာရခဲ့ဖူးပါတယ်။

ဒါပေမဲ့ ငွေကျပ် ၃၁၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါး) တန် နှစ်ဧကနီးပါးကျယ်တဲ့ အမွေဆိုင်အိမ်ကတော့ ငွေကြေးအားဖြင့်တန်ဖိုးမြင့်သလို နိုင်ငံရေးအရပါ အရှုပ် အရှင်းရှိပါတယ်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးက ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှာ လေလံတင်ဖို့ဆုံးဖြတ်လိုက်ပေမယ့်အမျိုးသားညီညွတ်ရေးအစိုးရကတော့ ခြံနံပါတ် ၅၄ ကို ရောင်းချတာကို တားမြစ်ထားပါတယ်။

ဒီခြံဝန်းကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများကို တင်းကျပ်စွာတားမြစ်ကြောင်း NUG က ၂၀၂၂ ခုနှစ်ကတည်းက ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ်မှာလည်း သတိပေးချက် ထပ်ထုတ်ထားပါတယ်။

တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နဲ့ ပါ အရေးယူမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အမည်မည်းစာရင်း (Black List) ပါ ထည့်သွင်းခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၂၀ ရက်မှာ ခြံနံပါတ် ၅၄ ရှေ့မှာလုပ်မယ့် လေလံပွဲဟာ အောင်မြင်ပါ့မလားလို့ စောကြောမှုတွေ ရှိနေပါတယ်။

‌ရှေ့နေတွေကတော့ ဒီတခေါက်လေလံမအောင်ရင် နောက်တစ်ခေါက်ထပ်ခေါ်လို့ရတဲ့အကြောင်း ဥပဒေကြောင်းအရ ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ကလွတ်လာတဲ့အချိန်မှာ လေလံပွဲမအောင်မြင်သေးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံနံပါတ် ၅၄ မှာ နေထိုင်ခွင့်ရှိတယ် လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

ခြံနံပါတ် ၅၄ မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ထောင်ကလွတ်လာတဲ့အချိန်မှာ လေလံပွဲမအောင်မြင်သေးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံနံပါတ် ၅၄ မှာ နေထိုင်ခွင့်ရှိ

တက္ကသိုလ်ရိပ်သာလမ်းမှာ နာမည်ကျော်လုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးတေဇ နဲ့ ဦးမိုက်ကယ်မိုးမြင့် တို့ အပြင် စိန်တိုက်သူဌေးတွေ နေထိုင်ကြပါတယ်။

ဒီလုပ်ငန်းရှင်တွေအပြင် တခြားလုပ်ငန်းရှင်ဆယ်ဂဏန်းအထိ ခြံနံပါတ် ၅၄ ကို ဝယ်ယူနိုင်ကြတဲ့ ဓနအင်အား ရှိနေလို့ လေလံဝင်ဆွဲ မဆွဲကို စောင့်ကြည့်ရမယ်လို့ အိမ်ခြံမြေသမားတွေ ပြောကြပါတယ်။

တရားရုံးကဖြတ်လိုက်တဲ့ ကျပ်ငွေ ၃၁၅ ဘီလျံဟာ တစ်ပေ ပတ်လည်‌စျေးနဲ့ တွက်ကြည့်ရင် တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ရှိတဲ့ တခြားအကွက်တွေထက် စျေးများနေတဲ့အကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်က တစ်ပေ ပတ်လည်‌စျေးက အများဆုံး ကျပ် ၂၅ သိန်းသာ ရှိတယ်လို့ ရွှေတောင်ကြားရပ်ကွက်လို လုံးချင်းအိမ်ခြံမြေကို ကိုင်တဲ့ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြောပါတယ်။

ခြံနံပါတ် ၅၄ က တစ်ပေပတ်လည်‌ကို ကျပ် ၃၇ သိန်းကျော် အထိ စျေးဖြတ်ထားတယ် လို့ သူက ပြောပါတယ်။

‘’ခြံနံပါတ် ၅၄ ဟာ နောက်တခါ ပြန်မရမယ့် မြေကွက်မျိုး’’ လို့ သူက ပြောပါတယ်။