ခြံနံပါတ် ၅၄ အမွေအမှုမှာ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း တရားရုံးအမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံတက်တဲ့ တောင်းဆိုမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအောင်ဆန်းဦးက ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၀၀ ပြည့်နှစ်ခန့်မှာစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကိုမောင်နှမနှစ်ဦး ခွဲ၀ေကြဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို အမိန့်ချရာမှာ အဲဒီခြံနံပါတ် ၅၄ ထဲမှာ နောက်ထပ်အိမ်တစ်လုံးနဲ့ မြေကွက်တစ်ကွက်ကို ဒေါ်ခင်ကြည် မကွယ်လွန်မီက သူ့ရဲ့ တူဖြစ်သူ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးကို စာချုပ်စာတမ်းနဲ့ တရား၀င်ပေးအပ်ခဲ့တာဖြစ်ပြီး ဦးခင်မောင်အေးကို ပေးအပ်ထားတဲ့မြေကွက်နဲ့ အိမ်ကို ဖယ်ပြီး ကျန် အိမ်မကြီးနဲ့ခြံတို့ကို တစ်ယောက်တစ်၀က်စီ ယူကြဖို့ တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ခဲ့တာပါ။
ဒါကို လက်မခံတဲ့ ဦးအောင်ဆန်းဦးက ဦးခင်မောင်အေးရဲ့မြေကွက်ကိုပါ အမွေပုံထဲ ထည့်ပြီးခွဲ၀ေဖို့ နဲ့ ဒီလို ခြံနဲ့ အိမ်ကို တစ်ယောက်တစ်၀က်ယူဖို့ အမိန့်ချတဲ့အခါ သူရတဲ့အပိုင်းက အဆောက်အဦးကပြိုပျက်နေတာကြောင့် ပစ္စည်းမယူဘဲ အိမ်ကိုလေလံပစ်ပြီး တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပါသေးတယ်။
အဲဒီ အထူးအယူခံကိုနေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
အခု ၂၀၂၂ ခုနှစ်မှာ ဒီအမှုအထူးအယူခံကိုပဲဦးအောင်ဆန်းဦးက ထပ်တင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာနှစ်ဖက် လျှောက်လဲချက်ကို ကနဦး ကြားနာခဲ့တဲ့နောက် အမှုကို လက်ခံကြောင်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာပါ။
တစ်လ ၀န်းကျင်အကြာ သြဂုတ် ၂၂ ရက်မှာတော့ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမွေပုံထဲမှာ ဒေါ်ခင်ကြည် မွေးစားသားဖြစ်သူထံ ပေးအပ်ခဲ့တဲ့ အိမ်နဲ့မြေကွက်ကိုပါအမွေပုံထဲထည့်သွင်းခွဲ၀ေဖို့တောင်းဆိုချက်ကို တရားရုံးက ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း အနိုင်ပေးလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ဒေါ်ခင်ကြည် ကနေပြီးတော့ သူ့တူကို ပေးထားခဲ့တဲ့ ၅၄ ထဲက အိမ်လေးနဲ့ မြေကွက်လေးရှိတယ်။ တရားမ၀င်ဘူးဆိုပြီး အဲဒါပါ သူရသင့်တယ်လို့ တောင်းတယ်။ ခု တရားရုံးက ဦးအောင်ဆန်းဦး တောင်းတဲ့အတိုင်း ပေးလိုက်တာပေါ့။ အဲဒီတော့ အဲဒီအိမ်လေးနဲ့ မြေကွက်ကိုပါ တရားရုံးချုပ်က မောင်နှမ ၂ ယောက် တစ်ယောက်တစ်၀က်ယူဆိုပြီး အမိန့်ချလိုက်တာ။ အရင်က အဲဒီအိမ်လေးကို ဖယ်ပြီးယူဖို့ အမိန့်ချထားခဲ့တာပါ” လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။
ဦးအောင်ဆန်းဦးဟာ ပြည်ပနိုင်ငံသားတစ်ဦးဖြစ်နေလို့ မြန်မာနိုင်ငံမှာကျန်ရစ်တဲ့မိဘအမွေကိုဆက်ခံခွင့်မရှိဘူးဆိုတဲ့ ပြောကြားချက်တွေလည်း အရင်တည်းက ရှိခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်းနဲ့ ဥပဒေအရ မြန်မာနိုင်ငံသား၊ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားထားပြီး တခြားနိုင်ငံသား ခံယူထားပါကလည်းအမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးနဲ့ နီးစပ်သူကရှင်းပြပါတယ်။
အခုလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချလိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မသိရှိသေးကြောင်းနဲ့ မနက်က အမိန့်ချတဲ့ဖြစ်စဥ်မှာ နှစ်ဖက် သက်ဆိုင်ရာ ရှေ့နေရှေ့ရပ်တွေသာ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အခုလိုပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမွေမှုမှာ ဦးအောင်ဆန်းဦးတောင်းဆိုတဲ့အတိုင်း အမိန့်ချမှတ်ခဲ့တာကြောင့် ဘာဆက်ဖြစ်လာနိုင်လဲလို့ မေးတဲ့အခါ အတိအကျမပြောနိုင်သေးကြောင်း တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခြံနံပါတ် ၅၄ ဟာ ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတဟောင်း အိုဘားမား၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဟောင်းဟီလာရီကလင်တန် စတဲ့ အထင်ကရပုဂ္ဂိုလ်တွေ လာရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် သမိုင်း၀င်နေရာတစ်ခုဖြစ်လို့ လေလံတင်ရောင်းချဖို့ထက် ပြတိုက်ကဲ့သို့ထိန်းသိမ်းထားစေတဲ့ဆန္ဒတွေရှိတဲ့အပေါ် ဦးအောင်ဆန်းဦးက ကမ္ဘာပေါ်မှာဒီလိုအိမ်မျိုးအများကြီးရှိကြောင်းနဲ့ ဥပဒေနဲ့မဆိုင်ကြောင်း ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာပြောကြားထားပါတယ်။








