မချိုမြိန်သော ကမ္ဘာ့ဖလား

အောက်တိုဘာလအတွင်းက ဆန္ဒပြပွဲတစ်ခု

ဓာတ်ပုံ ရင်းမြစ်, MPC Union

ကာတာမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဟာ ပျော်ရွှင်မှု၊ဝမ်းနည်းမှု ရောပြွမ်းတဲ့ရသမျိုးစုံနဲ့ ကမ္ဘာတလွှားကဘောလုံးဝါသနာအိုးတွေကို ဆွဲဆောင်ထားပါတယ်။

ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ သွင်းဂိုးတွေနဲ့ ရင်သပ်ရှုမောဖွယ်ခြေစွမ်းတွေကို ပရိတ်သတ်တွေက အဓိကထား အာရုံစိုက်ကြပေမယ့် မဖြိုးသီတာဝင်းတို့ သူငယ်ချင်းတစ်စုကတော့ ဘောလုံးသမားတွေ စီးထားတဲ့ ဖိနပ်တွေကို သတိထားအာရုံစိုက်မိတတ်ကြပါတယ်။

မဖြိုးသီတာဝင်းတို့ သူငယ်ချင်းတစ်စုဟာ ကမ္ဘာကျော် အားကစားအမှတ်တံဆိပ် adidas ရဲ့ ဘောကန်ဖိနပ်နဲ့ အားကစားဖိနပ်တွေကို ချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်က ဝန်ထမ်းတွေဖြစ်ပြီး သူတို့စက်ရုံကချုပ်ထားတဲ့ adidas ဖိနပ်ဒီဇိုင်းတွေကို ကမ္ဘာကျော်ဘောလုံးသမားတွေဝတ်ကန်တာတွေ့ရင် ‘ဒါ တို့ချုပ်တဲ့ ဖိနပ်ဒီဇိုင်းတွေပေါ့’ လို့ အပေါင်းအသင်းတွေ နဲ့ မိသားစုတွေကို ခပ်ကြွားကြွားလေးပြောလေ့ရှိပါတယ်။

အခုတော့ သူတို့သူငယ်ချင်းတွေအပါအဝင် စုစုပေါင်း ၂၆ ယောက်ဟာ အလုပ်က ရပ်နားခံထားရပြီး ကမ္ဘာ့ဖလားထက် စားဝတ်နေရေးကို ပိုအာရုံစိုက်နေရပါတယ်။

ဖိနပ် နဲ့ ဘဝ

adidas ရဲ့ ဘောကန်ဖိနပ်နဲ့ အားကစားဖိနပ်တွေကို ချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်

ဓာတ်ပုံ ရင်းမြစ်, MPC

၂၁ရာစုရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေလို့ သတ်မှတ်ခံထားရတဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ရဲ့ adidas ကြော်ငြာပုံကြီးတွေဟာ ရွှေပြည်သာမြို့နယ်ထဲမှာရှိတဲ့ မြန်မာပေါင်ချိန်စက်ရုံထဲက ဝန်ထမ်းတွေ ဓာတ်ပုံရိုက်နေကျ နေရာတစ်ခုဖြစ်ပါတယ်။

ဝန်ထမ်းတွေထဲက ဘောလုံးဝါသနာအိုးတချို့က ဘောလုံးပွဲကြည့်နေရင်း adidas ဖိနပ်ဒီဇိုင်းတွေကို ကမ္ဘာကျော်ဘောလုံးသမားတွေဝတ်ကန်တာတွေ့ရင် ဂုဏ်ယူကြပါတယ်။

‘မန်ယူကို ဒိုလေးပြန်လာတော့ စက်ရုံကထုတ်တဲ့ ဖိနပ်ဒီဇိုင်းကိုစီးထားတာ မှတ်မိတယ်။ နေမာလည်း PSG မှာ တစ်ခါဝတ်ကန်တာတွေ့ဖူးတယ်’ လို့ မန်ချက်စတာယူနိုက်တက် ပရိသတ် ဖြစ်သူ မြန်မာပေါင်ချိန်စက်ရုံဝန်ထမ်း ကိုမင်းမင်းလတ်က ဘီဘီစီကိုပြောပါတယ်။

မဖြိုးသီတာဝင်းဆိုရင်လည်း ဖခင်ဖြစ်သူနဲ့အတူ ဘောလုံးပွဲကြည့်နေရင်း သူတို့စက်ရုံကထုတ်တဲ့ adidas ဖိနပ်ဒီဇိုင်းကိုမြင်ရင် စက်ရုံမှာအဲဒီဖိနပ်ကိုဘယ်လိုအဆင့်ဆင့်လုပ်ရကြောင်း ဖခင်ကို ရှင်းပြတတ်ပါတယ်။

ဘောလုံးသမားတွေအတွက် ဘောကန်ဖိနပ်ဟာ အရေးကြီးတဲ့ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သလို ဒီဘောကန်ဖိနပ်ကို ထုတ်လုပ်ပေးရတဲ့ စက်ရုံသမားတွေအတွက်လည်း ဒီဖိနပ်တွေဟာ ဘဝတွေပဲလို့ ကိုမင်းမင်းလတ်က ပြောပါတယ်။

ဒါပေမဲ့ တစ်ရံကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်ကနေ ၂၀၀ အထက်အထိရှိနေတဲ့ adidas ဖိနပ်တွေရဲ့ တန်ဖိုးကို သိလိုက်ရတဲ့အချိန်မှာ သူတို့ရတဲ့လုပ်ခလစာနဲ့နှိုင်းယှဥ်ပြီး အံ့အားသင့်ခဲ့ရတယ်လို့ ကိုမင်းမင်းလတ်က ပြောပါတယ်။ ‘ကျွန်တော်တို့လစာက ဖိနပ်တစ်ရံဖိုးတောင်မရှိဘူး’ လို့ သူကပြောပါတယ်။

စက်ရုံလုပ်သားတွေဟာ တစ်ရက်ကို အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ တွက်ချက်ပြီး အချိန်ပိုကြေး၊ရက်မှန်ကြေးတွေပါ ထည့်ပေါင်းမှ တစ်လကို ကျပ် ၂ သိန်း ဝန်းကျင်သာရကြတယ်လို့ မြန်မာပေါင်ချိန်သမဂ္ဂကနေ သိရပါတယ်။

‌မပြည့်သေးတဲ့ဆန္ဒတွေ

အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPC Union

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကာတာကမ္ဘာ့ဖလားစတင်ချိန်မှာ နယူးယောက်တိုင်းမ် သတင်းစာက မြန်မာပေါင်ချိန်စက်ရုံ အလုပ်သမားတွေအကြောင်း ဖော်ပြခဲ့လို့ အများအာရုံစိုက်စရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ တစ်လတောင်မလိုတော့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်မှာ စက်ရုံနဲ့အလုပ်သမားတွေကြား ပြဿနာတွေအစပျိုးခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အထွေထွေကျပ်တည်းမှုနဲ့အတူ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို မခံနိုင်တော့တဲ့ မြန်မာပေါင်ချိန်အလုပ်သမားတချို့ဟာ သမဂ္ဂကတစ်ဆင့် တစ်ရက်ကို အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

စုစုပေါင်း ၂၂ ချက်တောင်းဆိုခဲ့ကြပေမယ့် အဓိကအကျဆုံးကတော့ ၈၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရေးပါ။

တောင်းဆိုမှုတွေကိုမလိုက်လျောတဲ့အခါ စက်ရုံဝင်းအတွင်း ဆန္ဒပြပွဲတွေဖြစ်လာပြီး စစ်တပ်က လာရောက်ထိန်းကျောင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

တာဝန်ကျစစ်တပ်အရာရှိက ရွှေပြည်သာဟာ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ တခြားမြို့နယ်တွေထက် အမှုပိုကြီးသွားမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတွေကပြန်ပြောပြပါတယ်။

ဆန္ဒပြသူ ခြောက်ရာကျော်ရှိခဲ့တဲ့အနက် မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မဖြိုးသီတာဝင်း အပါအဝင် ၂၆ ယောက်ကို အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။

မြန်မာပေါင်ချိန်စက်ရုံဘက်ကတော့ ဆန္ဒပြသူတွေကို ၃ ရက်ကြာအလုပ်ပျက်ကွက်ပြီးတဲ့နောက် အလုပ်ပြန်ဝင်စေခဲ့ပြီး အဲဒီနောက်ပိုင်း အလုပ်ပြန်ဝင်ဖို့ပျက်ကွက်သူတွေကို ထုတ်ပယ်တာလို့ အကြောင်းပြပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ အလုပ်ရုံဆက်ဆံရေးဦးစီးဌာနကိုရော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ပါ အလုပ်ပြန်ခန့်ရေး ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ မဖြိုးသီတာဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က ကြားနာမှုတွေ ပြီးပြတ်ခဲ့ပြီး အလုပ်သမားတွေဆန္ဒရှိရင် နစ်နာသူတွေအနေနဲ့ အရပ်ဘက် တရားရုံးမှာတရားစွဲဆိုနိုင်တဲ့အကြောင်း အလုပ်သမားဦးစီးဌာန ဘက်ကနေ ပြောခဲ့ပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ အလုပ်ပြန်ဝင်လိုတဲ့ဆန္ဒရှိနေပေမယ့် လက်ရှိအချိန်အထိတော့ သူတို့ဆန္ဒမပြည့်ဝသေးပါဘူး။

မချိုမြိန်သော ကမ္ဘာ့ဖလား

အောက်တိုဘာလအတွင်းက ဆန္ဒပြပွဲတစ်ခု

ဓာတ်ပုံ ရင်းမြစ်, MPC Union

အရင်က ဘောလုံးပွဲတွေကြည့်တဲ့အခါ adidas ဖိနပ်တွေကို မြင်ရင်ကို စိတ်လှုပ်ရှားတဲ့ မဖြိုးသီတာဝင်းနဲ့သူငယ်ချင်းတချို့ဟာ ကမ္ဘာ့ဖလားကို အပြည့်အဝအာရုံမစိုက်နိုင်ခဲ့ဘဲ အလုပ်ရှာဖွေတာနဲ့ အငြင်းပွားမှုရုံးချိန်တွေကို တက်တဲ့အပေါ် အာရုံစိုက်ခဲ့ကြရပါတယ်။

ဒါပေမဲ့ သူတို့ဟာ ကမ္ဘာ့ဖလားကိုတော့ လုံးလုံးလျားလျား ပစ်ပယ်ခဲ့ကြတာတော့မဟုတ်ပါဘူး။

အလုပ်ပြုတ်ထားတဲ့ သူငယ်ချင်းတစ်စုဟာ သူတို့အားပေးတဲ့ အသင်းတွေ ကမ္ဘာ့ဖလားက ပြုတ်ကုန်လို့ တစ်ပူပေါ်နှစ်ပူဆင့်ခဲ့ကြရပါတယ်။

မဖြိုးသီတာဝင်းက ဘရာဇီးအသင်းကိုအားပေးသူဖြစ်ပြီး ခရိုအေးရှားကိုရှုံးနိမ့်ပြီး ဘရာဇီးထွက်သွားတော့ တိုက်စစ်မှူး နေမာ ငိုနေတာကို သူမကြည့်ရက်ခဲ့ဘူးလို့ပြောပါတယ်။

‘ဒိုလေးငိုနေတာတွေ့တော့လည်း စိတ်မကောင်းဘူး’ လို့ သူကဆက်ပြောပါတယ်။

ကိုမင်းမင်းလတ်က အင်္ဂလန်အသင်းကို အားပေးသူဖြစ်ပြီး အင်္ဂလန်အသင်း ရှုံးနိမ့်ပြီးတဲ့နောက် ကမ္ဘာ့ဖလားပွဲတွေမကြည့်ဖြစ်တော့ဘူး လို့ပြောပါတယ်။

‘ပိုက်ဆံမရှိတာလည်း ပါတယ်။ လက်ဖက်ရည်ဖိုးရှိမှ ဆိုင်မှာကမ္ဘာ့ဖလား သွားကြည့်ရတာ။ ဖုန်းဒေတာနဲ့လည်း မကြည့်နိုင်ဘူး’ လို့ သူကပြောပါတယ်။

သူတို့ နှစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုဒီရဲကျော်က ဘရာဇီးပရိသတ်ဖြစ်ပြီး အလုပ်ဖြုတ်ခံထားရတဲ့ ၂၆ ယောက်ထဲပါဝင်ပါတယ်။

ကမ္ဘာ့ဖလားပွဲကြည့်ရင်း ဝမ်းနည်းခံပြင်းစိတ် ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

‘ကွင်းထဲမှာ adidas လိုဂိုတွေမြင်ရင် ဒီကမ္ဘာကျော်အမှတ်တံဆိပ်ကြီးက ငါတို့ ၂၆ ယောက်မတရားခံနေရတာတောင် မကူညီပေးနိုင်ဘူးလားလို့တွေးမိတယ်’ လို့ ကိုဒီရဲကျော်က ပြောပါတယ်။

အလုပ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကတော့ အလုပ်ဖြုတ်ခံထားရတဲ့ ၂၆ ယောက် ကိစ္စကို Adidas ကုမ္ပဏီဘက်က သိရှိပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် အလုပ်ဖြုတ်တဲ့ကိစ္စကို Adidas က ပြင်းထန်စွာရှုတ်ချထားပြီး အလုပ်ပြန်ခန့်ဖို့ မြန်မာပေါင်ချိန်ဘက်ကို တောင်းဆိုထားတဲ့အကြောင်း အလုပ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေသူတွေဆီ ပို့တဲ့ Adidas ရဲ့ အီးမေးမှာ ဖော်ပြထားပါတယ်။

‘စုံစမ်းစစ်ဆေးမှုက အချိန်ယူရတော့ အဖြေမထွက်သေးဘူးပေါ့’ လို့ အလုပ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။

အခုဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး မြန်မာပေါင်ချိန်စက်ရုံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)ကို ဘီဘီစီကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

နယူးယောက်တိုင်းမ်သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကိုတော့ သူတို့တွေဟာ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ အလုပ်သမားဥပဒေတွေနဲ့အညီ လုပ်နေတယ်လို့ မြန်မာပေါင်ချိန်က အကြောင်းပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ အလုပ်ထုတ်ခံထားရသူ ၂၆ ယောက်ဟာ နယ်ပြန်ကြသူတွေကပြန်ပြီး အများစုကတော့ အလုပ်အသစ်တွေလိုက်ရှာနေကြပါတယ်။

မြန်မာပေါင်ချိန်စက်ရုံတည်ရှိတဲ့ သာဓုကန်စက်မှုဇုန်က စက်ရုံတချို့ကတော့ သူတို့ကို အလုပ်မခန့်ဘူးလို့ ပြောတဲ့အကြောင်း မဖြိုးသီတာဝင်းက ပြောပါတယ်။

သူက လက်ရှိမှာ ဘုရင့်နောင်က ပွဲရုံတစ်ခုမှာ နေ့စားအလုပ်တစ်ခုလုပ်နေပြီး အိမ်ကိုတော့ အလုပ်နားခံထားရတဲ့အကြောင်း မပြောပြထားဘူးလို့ ဆိုပါတယ်။

‘လခထုတ်တဲ့ရက်က ခေါင်းအစားဆုံးပဲ။ တခြားက အတိုးနဲ့ပိုက်ဆံချေးပြီး အိမ်ကိုလစာဆိုပြီး အပ်လိုက်တယ်’ လို့ မဖြိုးသီတာဝင်းက ပြောပါတယ်။

သူတို့ ၂၆ ယောက်အဖွဲ့ထဲက အမျိုးသားတချို့ကတော့ ပန်းရန် လိုက်ဆင်းနေရတယ်လို့ သူက ပြောပြပါတယ်။

ကိုဒီရဲကျော်က သူဒီတစ်သက် ပန်းရန်လိုက်ဆင်းရလိမ့်မယ်လို့ မတွေးခဲ့ဖူးတဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။

‘ဒါပေမဲ့နော် အဲဒီပန်းရန်တောင် ဆင်းချင်လို့ နေ့တိုင်းလိုက်မရဘူး။ အလုပ်ရှားပုံပြောပါတယ်။’ လို့ သူကပြောပါတယ်။

သူတို့တွေ ဆန္ဒပြမှုနဲ့ အလုပ်ကရပ်နားခံရပြီး လတ်တလော အခက်တွေ့နေရပေမယ့် သူတို့လုပ်ခဲ့တာအတွက်နောင်တမရဘူးလို့ အလုပ်ရပ်နားခံရသူတွေကဆိုပါတယ်။

‘ဒေသတွင်းနိုင်ငံတွေက adidas ချုပ်တဲ့ စက်ရုံတွေထဲမှာ ကျွန်မတို့က လုပ်ခလစာအနည်းဆုံးပဲလေ။ တကယ်လည်း ကုန်စျေးနှုန်းနဲ့လစာ မလောက်ဌတော့လို့တောင်းဆိုခဲ့ကြတာ ’ လို့ မဖြိုးသီတာဝင်းက ပြောပါတယ်။

 တချိန်ထဲမှာပဲ ကမ္ဘာကျော်အားကစားဖိနပ်တွေ ချုပ်တဲ့လုပ်ငန်းခွင်ကို သူတို့ ပြန်လာနိုင်ဖို့ မျှော်လင့်နေတုန်းပဲလို့ ပြောပါတယ်။