အစ္စရေး-ဂါဇာပဋိပက္ခမှာ ကြားညပ်ခဲ့ရတဲ့ထိုင်းတွေ

အိမ်အပြန် နွေးနွေးထွေးထွေးကြိုဆိုခံရတဲ့ ဂေါ့ဖ်ကတော့ အစ္စရေးကို ပြန်မသွားတော့ဘူးလို့ ပြောပါတယ်
ဓာတ်ပုံ ပုံစာ, အိမ်အပြန် နွေးနွေးထွေးထွေးကြိုဆိုခံရတဲ့ ဂေါ့ဖ်ကတော့ အစ္စရေးကို ပြန်မသွားတော့ဘူးလို့ ပြောပါတယ်

မဲခေါင်မြစ်ကမ်းနဖူးမေးတင်ထားတဲ့ ကျေးရွာတစ်ခုမှာတော့ ဝီရာပွန်း ‘‘ဂေါ့ဖ်’’ လက်ချန် တစ်ယောက် သူ့လက်ကောက်ဝတ်ကို ကြိုးဖြူပတ်၊ ရွတ်ဖတ်တာတွေပြုလုပ်ပေးတဲ့ သက်ကြီးထိုင်းတွေကြား ခြံရံပြီး ထိုင်နေပါတယ်။

ဂေါ့ဖ် တစ်ယောက် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်မှုအတွင်း ကံကောင်းထောက်မလို့လွတ်လာခဲ့ပြီးတဲ့နောက်မှာ အဲဒီသက်ကြီးတွေက ‘‘ကွမ်’’လို့ ခေါ်တဲ့ သူ့ဝိညာဥ် သူ့ကိုယ်ထဲပြန်လာအောင် ရွတ်ဖတ်ပေးနေတာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဂေါ့ဖ်ဟာ ဟားမတ်စ်အဖွဲ့က ဂါဇာထဲကနေ အစ္စရေးကို ဝင်တိုက်တဲ့အခါ အစ္စရေးက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ အလုပ်အလုပ်နေတဲ့ ထိုင်း ၂၅,၀၀၀ ကျော်ထဲက တစ်ဦးဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ နိုင်ငံခြားသား အယောက် ၂၀၀ ဝန်းကျင်မှာ အနည်းဆုံး ထိုင်း ၃၀ နီးပါး ပါဝင်နေပါတယ်။

အခုတော့ ထိုင်းအစိုးရဟာ ထောင်နဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်လာဖို့ အကူအညီပေးနေပါတယ်။

ထိုင်းဟာ အစ္စရေး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ နိုင်ငံခြားသားလုပ်သားအင်အားတစ်ခုလုံးနီးပါးကို ထောက်ပံ့နေတာဖြစ်ပါတယ်။

ဟားမတ်စ်တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် ထိုင်းတွေဟာ အစ္စရေးကိုသွားဖို့ မရွေးချယ်ကြတော့ဘူးဆိုရင် အစ္စရေးနိုင်ငံရဲ့ စိုက်ပျိုးစီးပွားကဏ္ဍအပေါ် လုပ်သားလိုအပ်ချက်အကျိုးဆက်တွေရှိလာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေလည်း ရှိနေပါတယ်။

ထိုင်းလုပ်သားအများစုဟာ ငွေကြေးချေးငှားပြီး အစ္စရေးကို သွားရောက်ကြတာဖြစ်ပါတယ်။

အခုတော့ သူတို့တွေဟာ အလုပ်လည်းမရှိ၊ အကြွေးတွေပိပြီး အိမ်ပြန်လာကြရပါပြီ။

ဂေါ့ဖ် လို ထိုင်းလုပ်သားအချို့ကတော့ နောက်တစ်ကြိမ် မသွားချင်ကြတော့ပါဘူး။

အောက်တိုဘာလ ၇ ရက် မနက်ခင်းမှာ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့မြင်ကွင်းကို ဂေါ့ဖ်ရော သူနဲ့အတူ မြင်တွေ့ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဒုံးကျည်တွေကို အစ္စရေးရဲ့ သံကွန်ချာ(Iron Dome) ကာကွယ်ရေး စနစ်ကနေ ကြားဖြတ်ဟန့်တားခဲ့တာကြောင့် သူတို့ စိတ်ပူခဲ့တာမရှိဘူးလို့ ဂေါ့ဖ်က ပြောပါတယ်။

ဂေါ့ဖ်ဟာ ဂါဇာနဲ့ နယ်စပ် ၃ မိုင်လောက်အကွာမှာရှိတဲ့ ယီရှာ ပျားလိမ္မော်စိုက်ခင်းမှာ အလုပ်လုပ်နေတာ တနှစ်ကြာမြင့်နေပြီဖြစ်ပါတယ်။

ဒုံးကျည်တွေ ခေါင်းပေါ်ကနေ ဖြတ်ပျံသွားတာမျိုးကို သူအရင်တုန်းကလည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေနတ်ပစ်ခတ်သံတွေ သူတို့ကြားရတဲ့အခါ ပိုပြီးပြင်းထန်တယ်ဆိုတာကို သူတို့ သတိထားမိခဲ့ကြပါတယ်။ အဲဒီနေ့ တစ်နေ့လုံးနီးပါး ပုန်းအောင်းနေခဲ့ကြပါတယ်။

ညနေခင်းမှာတော့ ဟားမတ်စ်တိုက်ခိုက်သူတွေ ပြန်လာပြီး လက်ပစ်ဗုံးတွေ ပစ်သွင်းလို့ သူတို့ပုန်းနေတဲ့အခန်းတွေဟာ မီစွဲလောင်ခဲ့တယ်လို့ ဂေါဖ် က ပြန်ပြောပြပါတယ်။

သူရော၊ နောက်ထပ် ၁၁ ဦးပါ အဲဒီအခြေအနေကနေ ထွက်ပြေးကြရပြန်ပါတယ်။

‘‘နံရံကို ကျော်ပြီး ခုန်ချတယ်။ အဲဒီအချိန် သူတို့(ဟားမတ်စ်)က ကျွန်တော်တို့ကို နောက်ကျောကနေ ပစ်တယ်။ တဒိုင်းဒိုင်းနဲ့’’

အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးရတာဖြစ်လို့ သူ့ကိုယ်မှာ ဘောင်းဘီတိုအနီတစ်ထည်သာ ဝတ်ထားပြီး လိမ္မော်ခြံအလယ်ပိုင်းကို ထွက်ပြေးခဲ့တယ်လို့ သူက ပြောပါတယ်။

‘‘အကုန်လုံး ထိတ်လန့်တုန်လှုပ်နေလို့ တစ်ညလုံး အကုန်တိတ်နေခဲ့ကြတယ်။ ဘယ်လောက်အထိ တိတ်နေခဲ့ကြလဲဆိုရင် သစ်ရွက်ကြွေသံတောင် ကြားခဲ့ရတယ်’’

ဂေါ့ဖ်ဟာ ထိုင်းအစိုးရရဲ့ အစီအစဥ်နဲ့ နေရပ်ပြန်ခေါ် လေယာဥ်ခရီးစဥ်နဲ့ အောက်တိုဘာလ ၁၃ ရက်မှာ ထိုင်းနိုင်ငံထဲ ပြန်ရောက်လာတာဖြစ်ပါတယ်။

ဘယ်လိုအခွင့်အလမ်း၊ လစာတွေနဲ့ပဲ ကမ်းလှမ်းလာလာ အစ္စရေးကို သူပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီနေ့က သူသေဖို့ လက်မတင်လေးဖြစ်ခဲ့တယ်လို့ ဂေါဖ်က ပြောပြပါတယ်။

သူနဲ့ လုပ်ဖော်ကိုင်ဖက် ၁၂ ဦးစလုံးကတော့ အဲဒီအခြေအနေကို နောက်တစ်ကြိမ်ပြန်မကြုံရအောင်နေတော့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။

ဟားမတ်စ်တွေက ပြန်ပေးဆွဲထားတယ်လို့ ယူဆရတဲ့ထိုင်းနိုင်ငံသား ၁၉ ဦးထက်မနည်းရှိနေပြီး ပျောက်ဆုံးသူ အများအပြားလည်းရှိနေပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက နောက်ထပ်ရွာတစ်ရွာမှာတော့ နာရစ်ဆာရာ ချန်သာဆန်ဟာ ဟားမတ်စ် တိုက်ခိုက်တဲ့ မနက်ခင်းကတည်းက ခင်ပွန်းသည် နတ်တာပွန် သတင်းကို တစ်စွန်းတစ်စမှ မကြားရတော့တဲ့သူပါ။

ပစ်ခတ်မှုဖြစ်တယ်ဆိုတဲ့အကြောင်း ခင်ပွန်းဖြစ်သူက သူ့ဆီကို ဖုန်းဆက်ရင်း သူဘေးလွတ်ရာ ထွက်ပြေးပြီဆိုတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

ခင်ပွန်းသည် ဘေးကင်းကင်းနဲ့နေရပ်ပြန်လာနိုင်ရေး ဆုတောင်းနေတဲ့ နာရစ်ဆာရာ
ဓာတ်ပုံ ပုံစာ, ခင်ပွန်းသည် ဘေးကင်းကင်းနဲ့နေရပ်ပြန်လာနိုင်ရေး ဆုတောင်းနေတဲ့ နာရစ်ဆာရာ

သူဟာ နာအော့ဇ် စိုက်ပျိုးရပ်က ထောပတ်သီးနဲ့ ပုလဲသီးစိုက်ခင်းမှာအလုပ်လုပ်ဖို့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဇနီးနဲ့ ၆ နှစ်အရွယ်သားကို ထိုင်းမှာ ချန်ခဲ့ပြီး အစ္စရေးကို ထွက်သွားခဲ့တာပါ။

အဲဒီနေရာဟာ ဂေါ့ဖ်အလုပ်လုပ်နေတဲ့လုပ်ငန်းခွင်နဲ့လည်း မလှမ်းပါဘူး။

နာအော့ဇ်ဟာ ဟားမတ်စ်တိုက်ခိုက်မှုမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့နေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ အဲဒီမှာနေထိုင်သူ ၄ ဦးထဲက တစ်ဦးဟာ အသတ်ခံရတယ်လို့ ယူဆရတာ ဒါမှမဟုတ် စစ်သွေးကြွတွေနဲ့ ပြန်ပေးဆွဲတာခံလိုက်ရတယ်လို့ ယူဆခံထားရပါတယ်။ အဲဒီထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်။

နာရစ်ဆာရာရဲ့ မျှော်လင့်ချက်ကတော့ နတ်တာပွန်တစ်ယောက် ထိုင်းအစိုးရက ထုတ်ပြန်တဲ့ ဟားမတ်စ်တို့ ပြန်ပေးဆွဲခံရတဲ့သူစာရင်းမှာ မပါဝင်ပေမဲ့ ပြန်ပေးဆွဲခံရတယ်လို့ပဲ မျှော်လင့်နေပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာနေထိုင်သူတွေဟာ အလုပ်လုပ်ရှာဖို့ နေရပ်ကို စွန့်ခွာကြလေ့ရှိပါတယ်။

ကျေးလက်ဒေသပိုများတဲ့အဲဒီအပိုင်းဟာ ထိုင်းနိုင်ငံမှာ အဆင်းရဲဆုံးအရပ်လည်းဖြစ်ပါတယ်။

စပါးစိုက်စားတာကပဲ အဓိကအသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်သလို လစာကောင်းတဲ့အလုပ်တွေဆိုတာကလည်း ခပ်ရှားရှားပါ။

အစ္စရေးကို အလုပ်သွားလုပ်ကြတဲ့ ထိုင်းအလုပ်သမားစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရှေ့မြောက်ပိုင်းက ဖြစ်ကြပါတယ်။

သူတို့ဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက အစ္စရေးကို အလုပ်သွားလုပ်နေကြတာဖြစ်ပေမဲ့ ၂၀၁၁ ခုနှစ်ရောက်မှ အစိုးရနှစ်ရပ်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး တရားဝင်ဖြစ်အောင် လုပ်ခဲ့တာပါ။

ဒါပေမဲ့ အငြင်းပွားစရာအခြေအနေတွေကတော့ ရှိစမြဲပါ။ ထိုင်းလုပ်သားတွေဟာ မလုံခြုံတဲ့အခြေ အနေတွေမှာ အလုပ်တွေ ဖိခိုင်းခံနေရတယ်ဆိုတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့တွေက အရင်တုန်းက ပြောခဲ့ဖူးပါတယ်။

အစ္စရေးကိုရောက်ဖို့ တရားဝင်ကြေးအပါအဝင်ဆိုရင် ဘတ်ငွေ ၇ သောင်းနီးပါး ပေးရတယ်လို့ ဘီဘီစီကို ပြောကြသူတွေလည်းရှိပါတယ်။

တရားဝင်ပေးရတာနဲ့ အပိုထပ်ဆောင်းပေးရတာတွေပါ ဆိုရင် တချို့ဆို ဘတ်ငွေ တစ်သိန်းနှစ်သောင်းအထိ ကုန်ကျတယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမဲ့လည်း အစ္စရေးမှာဆိုရင် ထိုင်းနိုင်ငံမှာရတဲ့ဝင်ငွေရဲ့ ၇ ဆကနေ ၈ ဆ လောက်အထိ ငွေရှာနိုင်တာဖြစ်ပါတယ်။

တချို့ကဆိုရင် သူတို့ရဲ့အစ္စရေးအလုပ်ရှင်တွေဟာ သူတို့ကို စောင့်ရှောက်ကြတယ်၊ အချိန်မှန်လစာပေးတယ်ဆိုတာမျိုးတောင် ချီးကျူးကြပါတယ်။

‘‘သူတို့ရဲ့လူမှုရပ်တည်မှုအနေအထား အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားတယ်လို့ ပြောလို့ရတယ်’’လို့ နက်ခွန်ပနွန် တက္ကသိုလ်က မနုဿဗေဒပညာရှင် ပွန်နာထရီ ဂျီယာပီရီယွန်ဘွန်ညာက ‌ပြောပါတယ်။

‘‘ပြည်ပမှာအလုပ်လုပ်ပြီး ပြန်လာကြတဲ့သူတွေဆိုရင် ရပ်ထဲရွာထဲမှာ လေးစားသမှုရှိလာကြတယ်။ မြို့ဆန်ပြီး ပိုပညာတတ်လာတယ်လို့ မြင်ကြတယ်လေ။ ဒါပေမဲ့လည်း အရင်းစစ်ကြည့်ရင်တော့ ဒီလူတွေဟာ အစိုးရက လျစ်လျူရှုတာခံထားရတဲ့ ချို့တဲ့တဲ့ရွှေ့ပြောင်းလုပ်သားတွေ၊ ချို့တဲ့တဲ့စပါးစိုက်တောင်သူတွေပါပဲ။ ဒီဒေသတိုးတက်ရေးအတွက် ကျွန်တော်တို့ရဲ့မူဝါဒတွေကို အသက်ဝင်လာအောင်လုပ်ဖို့လိုတယ်။ ဒါမှသာ လူတွေ မိသားစုကိုစွန့်ပြီး နိုင်ငံရပ်ခြားသွားတာမျိုး မရှိလာတော့မှာ’’ လို့ သူက ပြောပါတယ်။

အလုပ်ကနေ စောစောပြန်လာရတဲ့သူတွေအတွက်ဆိုရင်လည်း ပေးစရာအကြွေးတွေအရေး ရတက်မအေးဖြစ်ကြရပြန်ပါတယ်။

အိမ်ပေါင်၊ မြေပေါင်ပြီး ငွေချေးငှားကာ အလုပ်သွားလုပ်ခဲ့ကြသူတွေပါ။ များသောအားဖြင့် အကြွေးကြေတဲ့အထိ အလုပ်လုပ်ရမယ် ဆိုရင် သူတို့ အစ္စရေးမှာ ၅ နှစ်လောက် အလုပ်လုပ်ရမှာဖြစ်ပါတယ်။

ဂေါ့ဖ် တစ်ယောက် မနှစ်တုန်းက အစ္စရေးသွားနိုင်အောင် သူ့ညီမငယ်က ချေးငွေယူပေးခဲ့တာပါ။ နာရစ်ဆာရာဆိုရင်လည်း ခင်ပွန်းဖြစ်သူ နတ်တာပွန် အစ္စရေးသွားနိုင်အောင်ဆိုပြီး အမေဖြစ်သူက သူ့လယ်တွေကို ဘတ်ငွေ ၂ သိန်းနဲ့ပေါင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အနျူဆန် ကာမန်ကတော့ အစ္စရေးကို ပြန်သွားဖို့တွေးပါတယ်
ဓာတ်ပုံ ပုံစာ, အသက် ၂၅ နှစ်အရွယ် အနျူဆန် ကာမန်ကတော့ အစ္စရေးကို ပြန်သွားဖို့တွေးပါတယ်

အကြွေးကိစ္စက အသက် ၂၅ နှစ်အရွယ် အနျူဆန် ကာမန် အတွက်လည်း ခေါင်းခဲစရာကိစ္စဖြစ်နေပါတယ်။ အမေဖြစ်သူက သူ့မြေကို ပေါင်ပြီး သူ့ကို အစ္စရေးအရောက်ပို့ခဲ့တာပါ။

အိမ်အပြန် လေယာဥ်ခရီးအတွက်လုံလောက်တဲ့ ငွေချေးငှားတာမျိုးမရခင်အထိ သူဟာ သူအလုပ်လုပ်တဲ့ သဘာဝစိုက်ခင်းဆီကို နေ့စဥ်မပြတ် ဒုံးကျည်တွေကျလာတဲ့ ထိတ်လန့်စရာ ရက်အချို့ကို သူကျော်ဖြတ်ခဲ့ရပါတယ်။

ထိုင်းအစိုးရကတော့ ကုန်ကျစရိတ်ကို ပြန်ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမဲ့ သူ့အမေရဲ့ အကြွေးကတော့ ကျန်နေပါသေးတယ်။ ဒါပေမဲ့ တိုက်ပွဲတွေရပ်သွားတယ်ဆိုရင်တောင် သူ အစ္စရေးကို ပြန်သွားဖို့ တွေးပါတယ်။

‘’အစ္စရေးမှာ လစာကောင်းကောင်းရခဲ့တယ်။ အလုပ်ရှင်ကလည်း ကောင်းတယ်။ ဒီမှာ အလုပ်လုပ်လို့ တိုးတက်တာ ဘာမှမရှိဘူး။ စားဖို့တော့ရမှာပေါ့လေ။ ဒီလောက်ပဲ ဖြစ်မှာ။ အိမ်တစ်လုံး၊ ကားတစ်စီးလောက်လိုချင်သေးတယ်။ ကျွန်တော့်လက်ထဲ အဲဒါတွေမရှိသေးဘူး’’