အစ္စရေး စစ်သားနဲ့ အရပ်သားတွေ ဓားစာခံဖမ်းဆီးခံထားရတယ်လို့ အာဏာပိုင်တွေအတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်း အစ္စလာမ်မစ် စစ်အုပ်စု ဟားမတ်စ်အဖွဲ့ ရဲ့ ဒါဇင်နဲ့ချီတဲ့ သေနတ်သမားတွေ အစ္စရေးတောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီ ဒေသအတွင်းမှာ စစ်ရေးပြင်းထန်နေပါတယ်။
အစ္စရေး စစ်တပ်ကတော့ “စစ်ပြင်ထားပြီ ” လို့ ကြေညာပြီး ပါလက်စတိုင်းဘက်က တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ အတွက် အရန်တပ်သားတွေကို ဆင့်ခေါ်ထားပါတယ်။
အစောပိုင်းမှာ ပါလက်စတိုင်းတွေရဲ့ ဂါဇာဘက်ကနေ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ အစ္စရေးဘက်ကို တိုက်ခိုက်ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေး ကလည်း ဂါဇာဘက်က ပစ်မှတ်တွေကို လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တဲလ်အဗီး မြို့အနီး နဲ့ ဂါဇာအနီးတစ်ဝိုက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လူ ၇၀၀ ကျော် ဒဏ်ရာရပြီး အနည်းဆုံး အစ္စရေး ၁၅၀ ဦး သေဆုံးတယ်လို့ အစ္စရေး တာဝန် ရှိသူတွေက ပြောပါတယ်။
အစ္စရေးဘက်က ဂါဇာဘက်ကို တုံ့ပြန်ပစ်ခတ်မှုတွေကြောင့် လူ ၁,၆၀၀ ကျော် ဒဏ်ရာရပြီး ၁၉၈ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘက်က တာဝန်ရှိသူတွေက ဆိုပါတယ်။
ဟားမတ်စ် နိုင်ငံရေးဗျူရိုက ဒုတိယခေါင်းဆောင်က အစ္စရေးစစ်တပ်က အရာရှိကြီး တချို့ကို သူတို့ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်း ၅၃ ဦးကို ဓားစားခံ ဖမ်းဆီးထားတယ်လို့ လည်း ဟားမတ်စ်ဘက်က ပြောပါတယ်။
အစ္စရေး စစ်တပ်က ဗိုလ်ချုပ် ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့အစ္စရေး တာဝန်ရှိသူတွေက ငြင်းပါတယ်။ အစ္စရေး စစ်တပ် ပြောခွင့်ရသူက စစ်သားတွေနဲ့ အရပ်သားတွေ ဖမ်းဆီးခံထားရတယ်ဆိုတာ အတည်ပြုပြီး အရေအတွက်ကိုတော့ မပြောသေးပါဘူး။
ပါလက်စတိုင်း စစ်အုပ်စု ဟားမတ်စ်က အဲဒီ တိုက်ခိုက်မှုက သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး သူတို့ရဲ့ တပ်ဖွဲ့ ကနေ မိနစ် ၂၀ အတွင်း ဒုံးကျည် ၅၀၀၀ ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂါဇာကမ်းမြောင် ကနေ အစ္စရေးပိုင်နက်အတွင်းကို ဒုံးကျည်ပစ်ခတ်မှုတွေ စတင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားထားပါတယ်။
ဟားမတ်စ်တပ်ဖွဲ့ဝင်တွေဟာ ဂါဇာဘက်ကနေ အစ္စရေးနိုင်ငံတောင်ပိုင်းကို သံဆူးကြိုးအကာအရံတွေကို ဖြတ်ပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစ္စရေး စစ်ဦးစီးချုပ်ကတော့ အခုအခြေအနေကို “အကဲဖြတ်သုံးသပ်” နေပြီး ဟားမတ်စ်ဟာ “ ဒီဖြစ်ရပ်တွေအတွက် အကျိုးဆက်တွေကို တာဝန်ယူရမယ် ” လို့ ကြေညာထားပါတယ်။
ဂါဇာကမ်းမြောင်အနီးတစ်ဝိုက်က ဒေသခံတွေအနေနဲ့ လုံခြုံမှုရှိတဲ့ နေအိမ်အတွင်းပိုင်းတွေမှာ နေကြဖို့ နဲ့ တောင်ပိုင်း နဲ့ အလယ်ပိုင်းဒေသက ဒေသခံအရပ်သားတွလည်း "အကာအကွယ်တွေနားမှာ နေပါ" လို့ ပြောထားပါတယ်။
အက်ရှ်ကီလွန်မြို့ မှာ မော်တော်ကားတွေမီးလောင်တာကနေထွက်လာတဲ့ မီးတောက်တွေ နဲ့ မီးခိုးတွေကို အစ္စရေး မီးသတ်သမားတွေက ငြှိမ်းသတ်နေတာကို ရိုက်တာ သတင်းရဲ့ ရုပ်သံဖိုင်မှာ မြင်ရပါတယ်။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာတော့ အစ္စရေး ရဲ့ ဆက်ဒရော့မြို့ လမ်းတွေပေါ်က ဖြတ်သန်းသွားလာသူတွေအထိ ပါလက်စတိုင်းလက်နက်ကိုင်တွေ က ပစ်ခတ်နေတာကို တွေ့ရပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ ဟားမတ်စ်အဖွဲ့ ဟာ အစ္စရေးနိုင်ငံအပေါ် “အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တယ်'' ပြောကြားလိုက်ပါတယ်။
''တပ်ဖွဲ့ဝင်တွေ နေရာတိုင်းမှာ ရှိနေပြီး ရန်သူကို တိုက်ခိုက်နေကြပါပြီ ” လို့ ပြောထားပြီး "အစ္စရေး က ဒီ စစ်ပွဲကို အောင်နိုင်မယ် " လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာက ဟားမတ်စ်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဒါဇင်နဲ့ ချီ တဲ့ တိုက်လေယာဉ်တွေဟာလည်း စစ်ပွဲနေရာတွေကို သွားရောက်နေပြီလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်း ရဲ့ ဒီတိုက်ခိုက်မှုဟာ ဂျူးလူမျိုးတို့ရဲ့ အားလပ်ရက်ဖြစ်တဲ့ ဆက်ကော့ကာလ ကုန်ဆုံးချိန် စနေနေ့ အရုဏ်တက်ချိန်မှာ စတင်ခဲ့တာပါ။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ အနက်ရောင် ၀တ်စုံဝတ်ဆင်ထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွအုပ်စုဟာ ပစ်ကပ်ထရပ်ကား နဲ့ ဆက်ဒရော့ မြို့ အနီးတဝိုက်မှာ မောင်းနှင်နေကြတာကိုမြင်ရပါတယ်။
ပါလက်စတိုင်း မီဒီယာတွေကဖော်ပြနေတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေအရ အစ္စရေး အများအပြား ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပါလက်စတိုင်းတွေက အစ္စရေး စစ်ကားတွေကို မောင်းနှင်နေတယ်လို့ ဆိုပါတယ်။
ဒုံးကျည်ပစ်ခတ်မှုတွေ စနေနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ ပါလက်စတိုင်း ရဲ့ ဒုံးကျည်ပေါင်း ၂၂၀၀ ကျော် အစ္စရေးနိုင်ငံဘက် ကိုပစ်လွှတ်ထားတယ်လို့ အစ္စရေး မီဒီယာတွေကရေးပါတယ်။
အက်ရှ်ကီလွန်မြို့ က ဆေးရုံတစ်ရုံမှာတော့ ထိခိုက်ဒဏ်ရာရသူ ၆၈ ဦးကို ကုသပေးနေပြီး နောက်ပိုင်းမှာ ဗီရာရှရ် ရဲ့ အခြားဆေးရုံမှာ လည်း လူနာ ၈၀ ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။
ဟားမတ်စ်ခေါင်းဆောင်ဖြစ်တဲ့ မိုဟာမက်ဒီ့ဖ် ကတော့ ဟားမတ်စ်မီဒီယာက တစ်ဆင့် စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပြီး နေရာတိုင်းမှာရှိနေတဲ့ ပါလက်စတိုင်းတွေအားလုံးက ဒီစစ်ပွဲမှာပါဝင်ဖို့ နှိုးဆော်ထားပါတယ်။
“ဒီနေ့ဟာ အစ္စရေးတွေရဲ့ သိမ်းပိုက်မှုအဆုံးသတ်ဖို့ အကြီးကျယ်ဆုံး တိုက်ပွဲနေ့ပါပဲ” လို့ မိုဟာမက်ဒီ့ဖ်က ပြောပါတယ်။








