မုန်တိုင်းသင့် ရခိုင်ဒေသမှာ ဖုန်းအားသွင်းရင် ၂၀၀၀ ကျပ်

ဓာတ်ပုံ ရင်းမြစ်, BNA
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မေလ ၂၀ ရက်နောက်ပိုင်းက စပြီး ဖုန်းတစ်လုံးကို အားအပြည့်သွင်းမယ်ဆိုရင် ၂၀၀၀ ကျပ် အထိ အချို့နေရာတွေမှာ စျေးပေါက်လာပါတယ်။
ဘယ်ဖုန်းမဆို အားပြည့်အောင်သွင်းပြီးရင်တော့ အဲဒီ အားသွင်းတဲ့နေရာတွေမှာ ကျသင့်ငွေကို ပေးရတာလို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တွေမြို့လိုပဲ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မိုခါမုန်တိုင်းကြောင့် ဓာတ်မီးတိုင်တွေ ကျိုး ၊ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေမှာ ဖုန်းတစ်လုံးကို ကျပ် ၅၀၀ ကနေ ၂၀၀၀ ကျပ်အထိ ပေးကာ အားသွင်းနေကြရပြီး ဆိုလာ၊မီးစက်နဲ့ ဘတ္တရီစျေးတွေဟာလည်း နှစ်ဆကနေ သုံးဆလောက်အထိတက် နေတယ်လို့ ပြောကြပါတယ်။
“အားသွင်းလို့ရတဲ့ မီးအိမ်လေးတွေ ဆိုရင် ၁၅၀၀ ၊ ပါဝါဘန့်ဆိုရင် ၁၅၀၀ ပေးရတယ်၊ တစ်ချို့နေရာတွေမှာ ဖုန်းတစ်လုံး ၅၀၀ တောင်းတာလည်း ရှိသလို ၁၀၀၀ ၊၁၅၀၀ ၊ ၂၀၀၀ ကျပ် စသဖြင့် ပေးရတယ် “လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
“ဆိုင်တွေက တစ်ဆိုင်နဲ့ တစ်ဆိုင် မတူကြဘူး၊ ဖုန်းတစ်လုံး ၅၀၀ ကျပ်ရှိသလို ၁၅၀၀ ၊ ၂၀၀၀ အထိ ပေးရတဲ့ ဆိုင်တွေလည်း ရှိတယ်“လို့ သူက ရှင်းပြပါတယ်။

ဖုန်းအားသွင်းတဲ့ ဆိုင်လေးတွေကလည်း စက်သုံးဆီ ဝယ်ပြီး မီးစက်နှိုးရတဲ့ အတွက် အခုလို စျေးယူရတာလို့ ဆိုကြပါတယ်။
စစ်တွေမှာ အခု အောက်တိန်း တစ်လီတာကို ၂၅၀၀ ကျပ် ပေါက်တယ်၊ဖုန်းအားသွင်းဖို့ဆိုရင် အနည်းဆုံး တစ်နာရီ အခြားမီးအိမ်တို့ ပါဝါဘန့်တို့ဆိုရင် နှစ်နာရီလောက်ကြာအောင် မီးစက်နှိုးထားရတယ်လို့ ဆိုပါတယ်။
စစ်တွေ မြို့က အချို့နေရာတွေမှာ မေလ ၂၅ ရက်နေ့ကစပြီး လမ်းမီးတွေပြန်ရနေပေမဲ့ နေအိမ် အများစုက မီးအများစု မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မှာ မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအလွန် လျှပ်စစ်မီးတွေ ဖြန့်ဖြူးပေးထားနိုင်ပြီလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မေလ ၂၈ ရက်နေ့အထိ မြို့တော်စစ်တွေအပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့မြို့နယ်အားလုံးမှာတော့ ပြည်သူတွေအနေနဲ့လျှပ်စစ်မီး သုံးစွဲခွင့်မရရှိကြသေးသလို စစ်တွေမြို့ပေါ်မှာတော့ လမ်းမကြီးတစ်ခုတည်း ကိုပဲ မီးစက်နဲ့ လျှပ်စစ်မီးတွေဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ လူနေအိမ်တွေမရရှိကြသေးဘူးလို့ သိရပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တာ ရက်ပေါင်း ၁၅ ရက် ဝန်းကျင်ကြာတဲ့အထိ လျှပ်စစ်မီးတွေ ပြန်လည်ရရှိခြင်းမရှိသေးလို လျှပ်စစ်မီးဖြန့်ဝေပေးနေတဲ့ ဓာတ်အားလိုင်းတွေကိုလည်း ပြည်လည်ပြုပြင်တဲ့လုပ်ငန်းတွေက အခက်အခဲတွေနဲ့ကြုံနေကြရပါတယ်။
ကျောက်တော်မြို့မှာလည်း လျှပ်စစ်မီး မရသေးဘူးလို့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ကပြောပါတယ်။
လျှပ်စစ်မီးပြန်လည်ရရှိနိုင်မယ့်အခြေအနေကို ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက လျှပ်စစ်မီးကို အခြေခံပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စီးပွားရေးလုပ်ငန်းအများစုတို့ဟာ လျှပ်စစ်မီးမရရှိကြတာကြောင့် ကိုယ်ပိုင်မီးစက်တွေနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ကြိုးစားနေကြရသလို ငွေကြေးအရင်းအနှီးတွေကိုလည်း အဆမတန် စိုက်ထုတ်နေကြရတယ်လို့ ပြောဆိုကြပါတယ်။
မြောက်ဦးမှာတော့ ဒီဇယ် တစ်ဂါလံကို နှစ်သောင်း နှစ်ထောင် လောက်ပေးပြီးလုပ်ငန်း လည်ပတ်နေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မိုခါမုန်တိုင်း အပြီးလျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စစ်ကောင်စီက မီးစက်တွေနဲ့ ဖြန့်ဖြူးနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ မဟာဓါတ်အားလိုင်းက ရရှိဖို့အတွက်တော့ အနည်းဆုံး ၂ လလောက်အထိ ကြာမြင့်မယ်လို့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။
မီးစက်နဲ့ အားသွင်းရတဲ့ ဖုန်းတွေဟာ အားကြာကြာမခံဘူးလို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။
"ဖုန်းက မဖြစ်မနေလိုလို့သာ ဆိုင်မှာအားသွင်းရတာ၊ အား အပြည့်သွင်းထားလည်း အီးပီစီ ကလာတဲ့ မီးနဲ့သွင်းတာလောက် အားမခံဘူး"လို့ သူက ပြောပါတယ်။








