ရခိုင်မုန်တိုင်းသင့်ဒေသတွေ ဆယ်ရက်ခန့်ကြာတဲ့အထိ အမှောင်ကျနေဆဲ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရခိုင်ပြည်နယ်က မိုခါ မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသအများစုမှာ မုန်တိုင်းတိုက်ပြီး ၁၀ ရက်ခန့်ကြာတဲ့ အထိ လျှပ်စစ်မီးတွေ မရသေးသလို သောက်ရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၄ ရက် နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အတွင်းက မြို့နယ်ပေါင်း ၁၂ ခုမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ပြည်နယ်ကောင်စီက မေလ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိခိုက်မှုအများဆုံးကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေ ဖြစ်ကြပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်တွေအပါအဝင် အဆောက်အဦးပေါင်း ၂၇၃,၇၀၀ ကျော်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ငွေကျပ်သန်းပေါင်း ၄၇၄,၉၀၉ ထိရှိတယ်လို့ ပြည်နယ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, BNA

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ လျှပ်စစ်မီးတွေ ပုံမှန်မရသေးလို မုန်တိုင်းဒဏ်သင့်တဲ့ မြို့တွေအားလုံးတစ်မြို့မှ လျှပ်စစ်မီးမရသေးဘူးလို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးစက်ရှိတဲ့အိမ်တွေမှာ ဖုန်းအားသွင်းသည် ဆိုပြီးဆိုင်းဘုတ်တွေထောင်ပြီးတော့ အငှားသွင်းကြပါတယ်။ ဖုန်းတစ်လုံး ၁၀၀၀ ကျပ်။ ပျောက်တာ ပျက်တာ တာဝန်မယူဘူး” လို့ စစ်တွေဒေသခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့အပါအဝင် မြို့နယ်အများစုက ဓာတ်တိုင်တွေ မိုခါမုန်တိုင်းကြောင့် လဲသွားတာဖြစ်တဲ့ အတွက် လျှပ်စစ်မီးတွေပြန်ရဖို့ လနဲ့ချီပြီးကြာနိုင်တယ်လို့ လည်း ရခိုင်ဒေသခံတွေက ခန့်မှန်းကြပါတယ်။

မိုခါမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ တခြားမြို့နယ်တစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်မှာလည်း လျှပ်စစ်မီးမရသေးကြောင်းနဲ့ ဖုန်းတစ်လုံးကို ၅၀၀ ကျပ်ပေးပြီး အားသွင်းရကြောင်း ‌ဒေသခံတစ်ဦး ကပြောပါတယ်။

no tag

မိုခါမုန်တိုင်းကြောင့် သေဆုံးသူကတော့ ၁၄၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၉၄ ဦးနဲ့ လေဘေးသင့်သူပေါင်း ၁, ၁၅၄,၆၈၅ ဦးရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ပြည်နယ်ကောင်စီရဲ့ မေလ ၂၂ ရက်နေ့အထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်အဆောက်အဦးတွေနဲ့ လေဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ တာပေါ်လင်စတွေနဲ့ သွပ်ပြားတွေအပါအဝင် စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ထိခိုက်မှုအများဆုံးမြို့နယ်တွေမှာ စတင်ပြီးဖြန့်ဝေပေးနေပြီလို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ဘီဘီစီကို ပြောပါတယ်။

“ရသေ့တောင်မှာတော့ ဆန်တစ်လုံး၊ ရေတစ်ဘူး တောင်မရောက်သေးဘူး၊ ဘယ်အဖွဲ့မှလည်း လာမကူဘူး၊ ဘာတစ်ခုမှလည်း အဆင်မပြေဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

no tag
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်တွင်းက လုပ်ငန်းရှင်နဲ့ ဒေသခံတွေက စစ်ကောင်စီကို ဝိုင်းဝန်းလှူဒါန်းထားငွေက ကျပ်သိန်းပေါင်း ၂ သိန်း ၁သောင်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။

စစ်တွေမြို့က မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ ကမ္ဘာ့ စားနပ်ရိက္ခာအစီစဉ် WFP ကနေ လူတစ်ဦးကို ဆန်ရိက္ခာ ၇ ပြည်ခွဲစီ ပေးဝေနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ မုန်တိုင်းဒေသ အကူအညီပေးရေးလုပ်ငန်းတွေကတော့ နေရာ အများစုမှာ စတင်နိုင်တာမရှိသေးဘူးလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

“ရသေ့တောင်မှာတော့ မီးပြင်တဲ့ သူတွေတွေ့တယ်၊ တိုင်တွေက အများကြီးကျိုးနေတာဆိုတော့ ဒီရက်ပိုင်း ပြန်ရနိုင်မယ် မထင်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ အကူအညီတွေ အပြည့်အဝမပေးနိုင်သေးပေမဲ့ အကူအညီပေးတဲ့သူတွေကို အရေးယူတာတွေ ရှိလာပါတယ်။

မေလ ၂၃ရက်၊ နေ့လယ်ပိုင်းအချိန် ရသေ့တောင်ဘက်ကို လေဘေးကူညီထောက်ပံ့ပေးရေးပစ္စည်းတွေ ပေးအပ်ဖို့ရောက်လာတဲ့ လေဘေးကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေတဲ့ စာရေးဆရာ ဝေဟင်အောင်နဲ့ အဖွဲ့ဝင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

စစ်တွေကနေ ကား ၄ စီးနဲ့ ထွက်သွားတဲ့အချိန် စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းဘက်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း တပ်နယ်ဒေသအတွင်းကို ရောက်ရှိချိန်မှာ ဦးဝေဟင်အောင် ပါတဲ့ ကား ၃ စီးအဖမ်းခံခဲ့ရတာလို့ ဦးဝေဟင်အောင် မိသားစုဝင် တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဖမ်းဆီးခံရတဲ့အကြောင်းအရင်းကို မိသားစုဝင်တွေ အတိအကျမသိရှိရသေးသလို ဦးဝေဟင်အောင် အပြင် ဖမ်းဆီးခံရသူ အတိအကျကိုလည်း မိသားစုဝင်တွေဘက်က မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်မှာ အကူအညီအထောက်အပံ့တွေ အများစုမရောက်သေးသလို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရောက်မလာသေးတဲ့ အတွက် အိမ်သုံးပစ္စည်း၊ ဆေးဝါး သောက်သုံးရေတွေ ကလိုအပ်ချက်တွေရှိနေတာကြောင့် စျေးကြီးတဲ့ဒဏ်ကို လည်း ရင်ဆိုင်နေရပါတယ်။

"ရခိုင်မှာ အားလုံးက ကိုယ်အိမ်ကိုယ် ပြင်နေရတာကြောင့် အများစုက ပစ္စည်းတွေ ပြတ်နေကြတာ။တာလပတ်ကတော့ စစ်တွေမှာကို ဝယ်လို့မရသေးဘူး ပစ္စည်းပြတ်နေတယ်"လို့ ဒေသခံတွေကပြောပြပါတယ်။

" မီးသွေးတစ်အိတ်က တစ်သောင်းပါ၊ ထမင်းဟင်းကတော့ ကျွန်တော်တို့အိမ်နားမှ ာပြိုပျက်သွားတဲ့ အမှိုက်တွေ သစ်ဝါးအဟောင်းတွေနဲ့ ချက်စားကြတယ်၊ ရေကတော့ ရနိုင်တဲ့သွားပြီး ထမ်းပိုးနဲ့ သွားထမ်းရတယ်"လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။