နိုဝင်ဘာ ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ရှမ်းမြောက်အပစ်ရပ်ချိန် စစ်တပ်က ရခိုင်ကို တိုက်ခိုက်မှုအရှိန်မြှင့်နေတယ်လို့ အေအေ‌ ပြော

၂၀၂၃ ခုနှစ်က စစ်တပ်ကတပ်မတော်နေ့ လေယာဉ်တွေပြသတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က စစ်တပ်ကတပ်မတော်နေ့ လေယာဉ်တွေပြသတဲ့မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့နဲ့ အပစ်ရပ်လိုက်တဲ့ စစ်တပ်ဟာ သူ့ရဲ့ စစ်ဆင်ရေးနယ်မြေတွေ ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတယ် လို့ အေအေ က ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၃၁ ရက် အေအေက ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေးမှုထုတ်ပြန်စာထဲမှာ စစ်တပ်ဟာ အာရက္ခတပ်တော် (အေအေ) ရဲ့ တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကိုသာမက အရပ်သားနေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတယ် လို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသအပါအဝင် နိုင်ငံအနှံ့မှာစစ်တပ်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေအတိုင်းပြည်သူတွေကိုသာမက မြို့ရွာ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့လူနေအဆောက်အအုံကြီး တွေကို နေ့စဉ်ရက်ဆက်ပစ်မှတ်ထားတဲ့ပုံစံကို ရခိုင်ဒေသမှာကျင့်သုံးလာနိုင်တယ်လို့လည်း အေအေက သတိပေးပါတယ်။

အေအေ က လေကြောင်းရန်သတိပေးမှုထုတ်ပြန်စာထွက်ရှိတဲ့ အောက်တိုဘာ ၃၁ ရက်‌ကစလို့ ရခိုင်မှာနေထိုင်တဲ့ပြည်သူတွေ အနေနဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ခိုက်မှုရန်ကို အရင်ကထက်ပိုပြီး သတိထားကြဖို့နဲ့ နေ့ညမပြတ်စစ်ရေးသတိရှိဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

တအာင်းတပ် (TNLA) နဲ့ စစ်တပ်တို့ ကြား အပစ်ရပ် စတင်အသက်ဝင်တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အေအေထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်နေတာလို့ အေအေက ဆိုပါတယ်။

အောက်တိုဘာ ၂၉ ကစလို့ ၃၁ ရက်အထိ သုံးရက်တာအတွင်းမှာပဲ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေထဲ မနေ့ အောက်တိုဘာ ၃၁ ရက် ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာရွာ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသူအရေအတွက်အများဆုံးဖြစ်ပါတယ်။

အေအေရဲ့ စာရင်းအရ သုံးရက်တာတိုက်ခိုက်မှုအတွင်း အရပ်သား ၁၂ ဦးအထိသေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ်ကလေးနှစ်ဦးနဲ့ ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၃၁ ဦးထဲမှာလည်း အသက် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ဒဏ်ရာ စိုးရိမ်ရသူ ၁၁ ဦးအထိရှိနေပါတယ်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့ဟာ တရုတ်ကြားဝင်မှုနဲ့ စစ်တပ်နဲ့ အပစ်ရပ်ပြီး ထိန်းချုပ်မြို့တချို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ ရခိုင်ဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

၂၀၂၂ ခုနှစ်က စစ်တပ်ကတပ်မတော်နေ့ လေယာဉ်တွေပြသတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်က စစ်တပ်ကတပ်မတော်နေ့ လေယာဉ်တွေပြသတဲ့မြင်ကွင်း

စစ်တပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို အရေးပေါ်အခြေအနေဆက်ကြေညာ

မိုးကုတ်မှာ တော်လှန်ရေးတပ်တွေဆက်ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, မိုးကုတ်ဗျူဟာ

ဓာတ်ပုံ ပုံစာ, မိုးကုတ်မှာ တော်လှန်ရေးတပ်တွေဆက်ရှိနေဆဲ

မိုးကုတ်မှာ တော်လှန်ရေးတပ်တွေဆက်ရှိနေဆဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တအာင်းတပ် (TNLA) နဲ့ အပစ်ရပ်ချိန် မြို့ကနေဆုတ်ခွာမယ်လို့ သဘောတူညီချက်ရခဲ့တဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို စစ်တပ်က အရေးပေါ်အခြေအနေဆက်ကြေညာခဲ့ပြီး ဒီမြို့တွေကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေအတိုင်း ဆက်ကျင့်သုံးဆောင်ရွက်မယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ်ပြောင်းလဲတဲ့ ဇူလိုင် ၃၁ ရက်တုန်းက နိုင်ငံတဝန်းက ၆၃ မြို့နယ်ကို ရက် ၉၀ စာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အခု အောက်တိုဘာ ၃၁ ရက်မှာ နောက်တကြိမ်အဖြစ် ရက် ၉၀ စာသက်တမ်းထပ်တိုးတာပါ။

မနေ့ကကြေညာချက်မှာတော့ စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တဲ့ သီပေါ၊ ကျောက်မဲတို့ အပြင် အပစ်ရပ် ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ထိန်းချုပ်ထားတဲ့ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ နမ့်ဆန်၊ နမ့်ခမ်းတို့ကိုပါ ဆက်ပြီးအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။

"TNLA တပ်တွေ မဆုတ်သေးဘူးဗျ တွေ့နေရတုန်းပဲ။ မြို့ထဲတော့ စည်စည်ကားကား ရှိနေပါသေးတယ်။ ရှောင်တဲ့ သူတွေလည်း ရှိ နေရစ်မယ့် မြို့ခံလည်း ရှိတဲ့ အနေအထားပါ" လို့ မိုးကုတ်မြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

မိုးကုတ်မြို့ကနေ TNLA တပ်တွေဆုတ်ခွာမယ့်နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကပြန်လည်နေရာယူထားပြီလို့ သိရပြီး စစ်ကော်မရှင်တပ် ဘက်ကတော့ မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတာမျိုး ဒီနေ့မနက်အထိမရှိသေးဘူးလို့ မြေပြင်မှာ ရှိနေသူတွေဆီက သိရပါတယ်။

"လူထုကတော့ တလရ အင်အားစုနဲ့အတူ ရှိနေကြပါတယ်။ လမ်းဖွင့်ပေးရုံကတော့ ပြဿနာ မရှိပါဘူး၊ တက်လာနိုင်ရင် တက်လာပေါ့။ TNLA က လုံခြုံရေးယူပြီး ခေါ်သွင်းလာမှာကိုလည်း စိတ်ပူနေကြတာမျိုးရှိတယ်" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကတော့ တော်လှန်ရေးတပ်တွေနေရာပြန်ယူထားတဲ့ မိုးကုတ်မြို့ ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေမှာ မနေ့ကစလို့ ရေးသားနေကြပါတယ်။

TNLA ဘက်ကတော့ မိုးကုတ်၊ မိုးမိတ်မြို့တို့ကနေ ပြန်လည်ဆုတ်ခွာမယ့်ရက်အတိအကျထုတ် မပြောထားပါဘူး။ ဒါပေမဲ့ ဒီနေ့ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းမှာထုတ်ပြန်တဲ့ အောက်တိုဘာတလတာ လေကြောင်းတိုက်ခိုက်မှုအကြောင်းထုတ်ပြန်ချက်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကရှောင်ရှားနိုင်ဖို့ အတွက် စစ်ရေးသတိအမြဲရှိဖို့ဆိုပြီး ထည့်သွင်းပြောသွားပါတယ်။

ဦးဖြိုးမင်းသိန်းကြောင့် 68 Residence ဘဏ်ကြွေးအခက်ကြုံခဲ့ရတယ်လို့ ဒေါ်သက်သက်ခိုင်ပြော

နိုဝင်ဘာ ၁ ရက် မနက်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ‌ ဒေါ်သက်သက်ခိုင်
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁ ရက် မနက်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ‌ ဒေါ်သက်သက်ခိုင်

NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၂၀၁၆ ခုနှစ်မှာ အထပ်မြင့် အဆောက်အဦဆောက်လုပ်တာတွေ ရပ်နားခိုင်းလိုက်တာကြောင့် သူ့ရဲ့ 68 Residence စီမံကိန်းမှာ အခက်ကြုံခဲ့ရတာလို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁ ရက် မှာလုပ်တဲ့ သူ့ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ( PPP) သတင်းစာရှင်းလင်းပွဲမှာ ဘဏ်ကို သူ့ရဲ့ လုပ်ငန်းက ပေးရန်ရှိအကြွေးကိစ္စတွေနဲ့ ပတ်သက်လို့ ပြောချိန်မှာ ထည့်ပြောသွားတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆရာစံလမ်းထိပ်မှာ ရှိတဲ့ မြေနေရာကို 68 Residence ဆောက်လုပ်ဖို့ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာလို့ဆိုပြီး ၂၀၁၆ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ရချိန်မှာ ရန်ကုန်တိုင်းရဲ့ ဆောက်လုပ်ရေးကဏ္ဍ ထိခိုက်မှုရှိခဲ့ပြီး စျေးကွက် ဝယ်လိုအားပါကျဆင်းခဲ့တယ်လို့ သူကပြောပါတယ်။

၂၀၁၉ မှာ ကိုဗစ်ရောဂါကြောင့်ဆောက်လုပ်ရေးပစ္စည်းတွေကို ပြည်ပက တင်သွင်းဖို့ အခက်အခဲရှိခဲ့ပြီး ၂၀၂၁ မှာ နိုင်ငံ‌ရေးအပြောင်းအလဲကြောင့် စီးပွားရေး အကျပ်အတည်း ရှိခဲ့တယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။ ဒါကြောင့် အခန်းတွေကို အချိန်မီ မအပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

'' ကျွန်မတိုဘက်က ပျက်ကွက်နေတာက နံပါတ် ၁ က ဘာလဲဆိုရင် ကျွန်မတို အချိန်မီအခန်းကို မအပ်နိုင်ဘူး။ ကျွန်မတို ဒီအဆောက်အဦကို ပြီးအောင်ဆောက်ပါမယ်။ ၈၆ ရာခိုင်နှုန်းလည်း ပြီးနေပါပြီ။ ကျွန်မပြီးအောင်ဆောက်ပါမယ်။ ပြီးရင်အခန်းကို သေချာအပ်ပါမယ်'' လို့ သူက ပြောပါတယ်။

လုပ်ငန်းရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ကမ္ဘောဇဘဏ်ကနေ ချေး‌ငွေယူထားရတယ်လို့ ‌ဒေါက်တာသက်သက်ခိုင်က ပြောပြီး ဘဏ်ကိုပေးရမယ့်ငွေကြေးစုစုပေါင်း ဘယ်လောက်လဲဆိုတဲ့ မေးခွန်းကိုတော့

မိသားစုစီးပွါးရေးရဲ့ Private ဖြစ်တဲ့အတွက်ကြောင့်ဆိုကာ မဖြေကြားပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲဝင်လိုတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ကမ္ဘောဇဘဏ်ကို ပေးရန်ရှိတဲ့ အကြွေးထဲက ကျပ် သိန်းငါးသောင်း ပြန်ဆပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ အဲဒီဘဏ်ကို အကြွေးပြန်ဆပ်ဖို့ ရှိတာကြောင့်ဆိုတဲ့ အချက်က ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)နဲ့ ငြိစွန်းပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ခံထားရတာဖြစ်ပါတယ်။

ကန့်ဘလူက အကောက်ခွန်အရာရှိအပါ ၇ ဦးကို အဂတိမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပအဖ ပြော

ကန်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လစဉ်ပုံမှန်အစည်းအဝေး(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, ကန်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လစဉ်ပုံမှန်အစည်းအဝေး(ပုံဟောင်း)

အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက် ကန့်ဘလူမြို့နယ်က အကောက်ခွန်အရာရှိ ဦးမြင့်ကျော် အပါအဝင် ၇ ဦးကို ငွေကြေးအလွဲသုံးစားပြုတဲ့ အဂတိမှု အပါအဝင် အချက် ၅ ချက်နဲ့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာထုတ်ပြန်ပါတယ်။

သူတို့ကို ဖမ်းဆီးထားတဲ့ စွဲချက်တွေထဲမှာ ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး မလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်း အတုပြုလုပ်မှု၊ သက်သေခံပစ္စည်းများ ဖျောက်ဖျက်မှုနဲ့ စစ်ကော်မရှင်ဘက်နဲ့ ဆက်သွယ်မှုဆိုပြီး ပါဝင်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းအရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခုဖမ်းဆီးခံရတဲ့ ၇ ဦးဟာ ငွေကြေးပမာဏဘယ်လောက်ကို အလွဲသုံးစားပြုထားတယ်ဆိုတာနဲ့ ဘယ်ကဏ္ဍတွေကနေ ရရှိထားတဲ့ငွေတွေကို ဆိုတာကို တိတိကျကျပြောထားတာမရှိပါဘူး။

အကောက်ခွန်အရာရှိဟာ ထိန်းချုပ်ထားတဲ့ဒေသအတွင်း ကောက်ခံရရှိတဲ့ သယံဇာတအပါအဝင် ကဏ္ဍအသီးသီးကနေရရှိတဲ့ အကောက်ခွန်ငွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း ကနီမြို့နယ်မှာရှိတဲ့ ပြည့်သူကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည့်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည့်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စတဲ့သုံးဖွဲ့ထဲက သယံဇာတကော်မတီအဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၁၃ ယောက်ကို NUG လက်အောက်ခံ PDF တွေစုပြီး ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေဟာ ငွေကြေးအလွဲသုံးစားလုပ်နေဆိုတဲ့ တိုင်ကြားချက်တွေများစွာရှိတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွန်ချက်နဲ့ ကနီမှာရှိတဲ့ PDF တပ်ရင်းကိုးရင်းပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဝင်တွေဟာ ကနီမြို့နယ်ထဲက သစ်လုပ်ငန်းဝင်ငွေအပြင် သစ်ကား၊ ဝါးကား ၊ စက်သုံးဆီကား နဲ့ သင်္ဘောတွေဆီကနေ အခွန်ငွေများစွာကောက်ခံနေတာလို့လည်း ဒေသခံတွေကပြောပါတယ်။

ဒီဖမ်းဆီးမှုကိုသေချာသိတဲ့ ကနီမြို့နယ်မှာနေထိုင်သူ ဒေသခံတစ်ဦးက အဲဒီပသုံးလုံးအဖွဲ့ဝင်တွေဟာ သိန်းပေါင်းသောင်းချီတဲ့ အခွန်ငွေအလွဲသုံးစားလုပ်မှုမှာ ပါဝင်နေတာကြောင့် ဖမ်းဆီး စစ်ဆေးခံရတာလို့ ဘီဘီစီကိုပြောထားပါတယ်။

ရွေးကောက်ပွဲကို ထိခိုက်စေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထပ်ပြော

စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (ပုံဟောင်း)

ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က သူ့ရဲ့ ရဲတပ်ဖွဲ့ကို ပြောဆိုလိုက်ပါတယ်။

စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး က အောက်တိုဘာ ၃၁ ရက်က သူ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး မှာ အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

သူ့အပြောအရ "ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နဲ့ အောက်တိုဘာ ၂၉ ရက်အထိ အရေးယူဆောင်ရွက်မှု ၄၀ မှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၈၈ ဦးကို ရွေးကောက်ပွဲအကာအကွယ်ပေးရေး ဥပဒေနဲ့ အရေးယူထားတယ်လို့ ထည့်ပြောပါတယ်။

ဒါအပြင် ရဲတပ်ဖွဲ့အနေနဲ့ စစ်တပ်အပြင် ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူ ရွေးကောက်ပွဲလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သူကဆိုပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ပြုတဲ့အောက်တိုဘာ ၂၈ ရက် ကစလို့ ဒီဇင်ဘာ ၃၁ ရက်အထိ ကာလကို ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေးကာလလို့ သတ်မှတ်တယ်ဆိုပြီး အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

GSCB ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နိုင်ငံတဝန်းကသပိတ်အင်အားစုတွေ စုစည်းထားတာဖြစ်ပါတယ်။

"ရွေးကောက်ပွဲကိုလူထုမထောက်ခံကြောင်းပေါ်လွင်ထင်ရှားတဲ့ လူထုရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်ဖို့ရှိတယ်" လို့ GSCB ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနန်းလင်းက ပြောပါတယ်။

‌ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်တယ်ဆိုတာ နိုင်ငံသားတိုင်းလုပ်ပိုင်ခွင့်ရှိတယ်လို့ လည်း သူက ပြောပါတယ်။

"အခုကတော့ဓားမိုးသေနတ်ထောက် ဗုံးကြဲပြီးတော့မှ မဲတွေကိုဓားပြတိုက်နေတယ်ဆိုတာကို နိုင်ငံတကာနဲ့ အာဆီယံပိုသိအောင် ပြောဖို့ လုပ်ဖို့လိုတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကို စပွန်ဆာလုပ်နေတဲ့ တရုတ်ကိုလည်း ပြည်သူတွေရဲ့အခြေအနေသိအောင်ပြောဖို့လိုတယ်" လို့ ကိုနန်းလင်းက ပြောပါတယ်။

စစ်တပ်ကလည်း သူ့ရဲ့ ရွေးကောက်ပွဲကို ဟန့်တား နှောင့်ယှက် ဖျက်ဆီးမယ် ဆိုရင် အနည်းဆုံးထောင် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း နဲ့ သေဒဏ်အထိ ချမှတ်ခံရမယ့် "ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ကို ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

အနုပညာရှင်တွေ ပြည်ပသွားမယ်ဆို အကြောင်းအရာအတိအကျတင်ပြပြီးမှ ထွက်ခွာရမယ်လို့ ဆို

ရန်ကုန်လေဆိပ်ပြည်ပထွက်ခွာနေရာ ( ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်ပြည်ပထွက်ခွာနေရာ ( ပုံဟောင်း)

ပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ ပြည်ပကို ထွက်ခွာမယ့်အခါ သွားရောက်မယ့်အကြောင်းအရာကို အတိအကျတင်ပြပြီးမှ ထွက်ခွာခွင့်ရမယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ အနုပညာရှင်တချို့ဆီက သိရှိရပါတယ်။

ပြည်ပကိုထွက်ခွာမယ့် အနုပညာရှင်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကတဆင့် ပြည်ထဲရေးဝန်ကြီးဌာနကိုတင်ပြရမှာဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ အနုပညာရှင်တွေအားလုံးကို လတ်တလောကာလမှာ ပြည်ပထွက်ခွာခွင့်ပိတ်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

'' ပြည်ပကို မထွက်ရဘူးဆိုတာထက် သွားမယ့်အကြောင်းအရာကို အတိအကျတင်ပြပြီးသွားရမှာ'' လို့ ပြည်ထဲရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာကထင်ရှားတဲ့ ရုပ်ရှင်မင်းသား၊မင်းသမီး‌တွေအပါအဝင် အနုပညာရှင်တွေကို ရွေးကောက်ပွဲအတွက် အသိပညာ‌ပေးဇာတ်ကားတွေ ရိုက်ကူးပေးဖို့ ညှိနှိုင်းထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ‌ဘီဘီစီကို ဖြေထားပါတယ်။

"ရွေးကောက်ပွဲအောင်မြင်ရေး လုပ်ငန်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာ နည်းလမ်းများနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အခုလို ပြန်ကြားရေးဝန်ကြီးဌာနကဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ အနုပညာနယ်ပယ်က အနုပညာရှင်တွေရဲ့ ပူးပေါင်း ကူညီဆောင်ရွက်ပေးမှုတွေ လိုအပ်ပါတယ် ။ကူညီဆောင်ရွက်ပေးနိုင်ဖို့ညှိနှိုင်းမေတ္တာ ရပ်ခံထားပါတယ်" လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃၁ ရက်က ဘီဘီစီကို ဖြေဆိုထားပါတယ်။

ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဖိအားပေးအရေးယူတာရှိနိုင်မလားဆိုတဲ့မေးခွန်းကိုတော့ "လောလောဆယ် အားလုံးက ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ထားပါတယ်"လို့ ပြန်ကြားရေးဝန်ကြီးဌာနက ‌တာဝန်ရှိသူက ဆိုပါတယ်။

ဒီနှစ်ပိုင်းထဲမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတာမရှိတဲ့ နာမည်ကြီး အကယ်ဒမီအနုပညာရှင်တချို့ကိုလည်း ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းအတွက် ခေါ်ယူညှိနှိုင်းတာရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ‌ဖြေဆိုပါတယ်။

ရွေးကောက်ပွဲအသိပညာပေးဇာတ်ကားအနေနဲ့ ပထမဆုံးထွက်‌လာတဲ့ " ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ" ဇာတ်လမ်းတိုမှာ မြန်မာထိပ်တန်းမင်းသားစာရင်းဝင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ မြင့်မြတ်၊ တက်သစ်စအကယ်ဒမီမင်းသားတွေဖြစ်တဲ့ နေဝင်းနဲ့ အေးချမ်းမောင် အပြင် မင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီ မေမြင့်မိုရ်နဲ့ ခြူးလေး တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

တဖက်တော်လှန်ရေးအင်အားစုတွေကလည်း အဲဒီဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ခ် ပြောစကားတွေက တော်လှန်ရေးအင်အားစုတွေကို စော်ကားပြောဆိုထားတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တယ်ဆိုပြီး သတိပေးချက်တွေ လူမှုပြစ်ဒဏ်ပေးတာတွေကိုပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

စစ်တပ်ရွေးကောက်ပွဲ ဇာတ်ကားကိုဝေဖန်တဲ့ ရေးသားချက်တွေကို ထောက်ခံအား‌ပေးတယ်ဆိုပြီး ရုပ်ရှင်ဒါရိုက်တာနှစ်ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၃၁ ရက် စစ်တပ်ဖော် ပြချက်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၃၁ ရက် စစ်တပ်ဖော် ပြချက်

"ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ဆိုတဲ့ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအကြောင်း ဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်က ကန့်ကွက်ရေးသားချက်တွေကို react (တုံ့ပြန်ချက်) ပေးတယ်လို့ဆိုကာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူတို့ကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

ဒါဟာ လူသိများတဲ့ပြည်တွင်းနေအနုပညာရှင်တွေထပ်မံဖမ်းဆီးခံရတဲ့ဖြစ်ရပ်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တုန်းကလည်း ဒါရိုက်တာ မိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဒီဖမ်းဆီးမှုအပြီး နှစ်ရက်အကြာ အောက်တိုဘာ ၂၉ ရက်မှာပဲ ဦးသက်လွင် (ခေါ်) ဇမ္ဗူထွန်းသက်လွင်နဲ့ ကိုအောင်ချမ်းလူ (ခေါ်) အေးချမ်းအောင်တို့နှစ်ဦးကို သူတို့ရဲ့ နေအိမ်အသီးသီး ကနေ ဖမ်းဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်လာပါတယ်။

ဦးသက်လွင် (ခေါ်) ဇမ္ဗူထွန်းသက်လွင်ဟာ ခေတ်သစ်မီဒီယာရဲ့ ဖေ့စ်ဘုတ်မှာဖော်ပြထားတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းတစ်ပုဒ်နဲ့ ရွေးကောက်ပွဲဇာတ်လမ်းတိုကို ဝေဖန်တဲ့ ရေးသားချက်တခုကို အသည်းပေးတာကြောင့် အရေးယူတာဆိုပြီး မနေ့ အောက်တိုဘာ ၃၁ ရက် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နောက်ထပ်ဒါရိုက်တာတဦးဖြစ်တဲ့ အောင်ချမ်းလူ ကိုတော့ ၂၀၂၁ ခုနှစ်တုန်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့ ဓာတ်ပုံနဲ့အတူ စစ်တပ်ကိုဆန့်ကျင်သူ အဆိုတော် ရန်ရန်ချမ်းရဲ့ ရွေးကောက်ပွဲ ဇာတ်လမ်းတိုအပေါ် သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတဲ့ ပို့စ်မှာ အသည်းပုံ (Love react) ပေးတာကြောင့်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

ရုပ်ရှင်ဒါရိုက်တာနှစ်ဦးဟာ စစ်တပ်ကိုထောက်ခံမှုမရှိတဲ့အပြင် ရွေးကောက်ပွဲအတွက်လည်း အနုပညာကဏ္ဍကနေပူးပေါင်းပါဝင်တာမရှိသလို ရွေးကောက်ပွဲအောင်မြင်အောင် လုပ်ပေးနေတဲ့ အနုပညာရှင်တွေအပေါ် ပြည်ပကနေဝေဖန်ချက်တွေကို ထောက်ခံတဲ့သူတွေလို့ စစ်တပ်က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ‌ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေးဥပဒေ အပါအဝင် တခြားဥပဒေတွေနဲ့ ထိရောက်စွာအရေးယူသွားမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ထောက်ခံသူတွေကလည်း တယ်လီဂရန်ချန်နယ်တွေမှာ "ကလစ်တချက်နှိပ်တိုင်း အင်းစိန်ထောင်ကိုသတိရကြဖို့" ဆိုပြီး မနေ့ကစလို့ ပြောဆိုရေးသားဖော်ပြနေကြပါတယ်။

ခေတ်သစ်မီဒီယာကတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ရဲ့ ဖြစ်စဉ်ကြောင့် သတင်းပိုစ့်တွေကို react (တုံ့ပြန်ချက်) ပေးမယ့်သူတွေဟာ ဖေ့စ်ဘုတ်အကောင့်ပရိုဖိုင်းတွေကို လော့ခ်ချကြဖို့နဲ့ ယူကျု့၊ တယ်လီဂရန်တွေမှာ ဘေးကင်းကင်းသတင်းတွေဖတ်ရှုနားဆင်ဖို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။