ဘေဂျင်းကို သမီးနဲ့အတူ ရောက်လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

သမီး ကင်ဂျူအေးနဲ့ အတူ ဘေဂျင်း ရောက်လာတဲ့ ကင်ဂျုံအွန်း

ဓာတ်ပုံ ရင်းမြစ်, KCNA

ဓာတ်ပုံ ပုံစာ, သမီး ကင်ဂျူအေးနဲ့ အတူ ဘေဂျင်း ရောက်လာတဲ့ ကင်ဂျုံအွန်း
    • ရေးသားသူ, အီဗက်တန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားသူ, အမ္မလီ အတ်ကင်ဆန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နိုင်ငံပြင်ပကို ရှားရှားပါးပါး ခရီးထွက်လာခဲ့ပါတယ်။

ပြုံယမ်းကနေ တရက်ကြာ ခရီးနှင်လာပြီးနောက် မစ္စတာ ကင်ရဲ့ သံချပ်ကာရထား ဘေဂျင်းမြို့ထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။

ဘေဂျင်းကို သူ့သမီး ကင်ဂျူအေးနဲ့ အတူ ရောက်လာတဲ့ ပုံတွေလည်း တွေ့ရပါတယ်။

ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဒုတိယ ကမ္ဘာစစ် ပြီးတာ နှစ် ၈၀ ပြည့် စစ်ရေးပြပွဲကြီးကိုလည်း မြောက်ကိုရီးယား ခေါင်းဆောင် တက်မှာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ပူတင် စတဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တက်မှာ ဖြစ်ပြီး တခြား နိုင်ငံ ခေါင်းဆောင်တွေနဲ့ အတူ နိုင်ငံတကာ အစည်းအဝေးကို မစ္စတာ ကင် ပထမဆုံးအကြိမ် တက်တာ ဖြစ်ပါလိမ့်မယ်။

သူ့စီးနင်းလာတဲ့ ရထားမှာ ပြင်သစ်ဝိုင်အရက် အကောင်းစားတွေနဲ့ ကျောက်ပုစွန် လတ်လတ် ဆတ်ဆတ် တည်ခင်းဧည့်ခံတယ်လို့ အဆိုရှိပါတယ်။

ဖခင်နဲ့ လူကြားထဲ ထွက်လာတတ်တဲ့ ကင်ဂျူအေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဖခင်နဲ့ လူကြားထဲ ထွက်လာတတ်တဲ့ ကင်ဂျူအေး

ဘေဂျင်းဘူတာရုံမှာ ရထားပေါ်ကနေ သမီးနဲ့အတူ ဆင်းလာတဲ့ ကင်ဂျုံအွန်းရဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။ ဒီ သမီးဟာ သူ့ကို ဆက်ခံဖို့ ဖြစ်အလာနိုင်ဆုံးသူလို့လည်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောခဲ့ဖူးပါတယ်။

မစ္စကင်ဟာ ၂၀၂၂ နိုဝင်ဘာက စပြီး သူ့အဖေနဲ့အတူ လူကြားထဲ မကြာခဏ ထွက်လာတာကို တွေ့ရပါတယ်။ သူ့အကြောင်းကိုတော့ နည်းနည်းပဲ သိရတာပါ။

သူ့အသက် ဘယ်လောက် ရှိပြီလဲ ဆိုတာကလည်း ကွဲပြားနေပါတယ်။ သူ့အသက် ၁၀ နှစ် လောက် ရှိပြီလို့လည်း ၂၀၂၃ တုန်းက တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ကင်ဂျုံအွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီအပါအဝင် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်အများအပြား ဘေဂျင်းဘူတာမှာ လာနှုတ်ဆက်ကြကြောင်း မြောက်ကိုရီးယား အစိုးရရဲ့ ဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။

မြောက်ကိုရီးယားအလံတပ်ထားတဲ့ ကင်ရဲ့ သံချပ်ကာ ရထား ဘေဂျင်း ဆင်ခြေဖုံးကို ဝင်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားအလံတပ်ထားတဲ့ ကင်ရဲ့ သံချပ်ကာ ရထား ဘေဂျင်း ဆင်ခြေဖုံးကို ဝင်လာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကင် ဒီလို ရောက်လာတဲ့အတွက် ၁၉၅၉ နောက်ပိုင်း တရုတ် စစ်ရေးပြပွဲကို ပထမဆုံး တက်လာတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ မြန်မာ၊ အီရန်နဲ့ ကျူးဘားစတဲ့ တခြားနိုင်ငံ ၂၆ နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ ကင်ဂျုံအွန်း တက်မှာ ဖြစ်ပါတယ်။

ကင်ဂျုံအွန်းဟာ ပြည်ပ ခရီးသွားခဲပါတယ်။ သူနဲ့ နောက်ဆုံး တွေ့ထားတဲ့ ကမ္ဘာ့ခေါင်းဆောင်က ပူတင် ဖြစ်ပြီး ယူကရိန်းကို ရုရှား ဝင်တိုက်ပြီးနောက်ပိုင်း သူတို့ နှစ်ကြိမ် တွေ့ခဲ့ကြပါတယ်။

ဘေဂျင်းကို သူ နောက်ဆုံးရောက်ခဲ့တာက ၂၀၁၉ က ဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ထူထောင်တာ နှစ် ၇ဝ ပြည့်အခမ်းအနားကို တက်ဖို့ လာတာပါ။ အဲဒီတုန်းကလည်း သူ ရထားနဲ့ပဲ လာပါတယ်။

ဒီလို ရထားနဲ့ ခရီးသွားတဲ့ ထုံးစံက သူ့အဘိုး ကင်အီဆွန်းခေတ်ကတည်းက စခဲ့ပြီး ဗီယက်နမ်နဲ့ အရှေ့ဥရောပထိ ရထားနဲ့ ခရီးသွားခဲ့ပါတယ်။

ကင်ဂျုံအွန်းရဲ့ ဖခင် ကင်ဂျုံအီးတုန်းကလည်း လေယာဉ်ပျံ မစီးရဲလို့ ရထားနဲ့ ခရီးသွားတယ်လို့ ဆိုစမှတ် ရှိပါတယ်။

တောင်ကိုရီးယား သတင်းဌာန တခုအဆိုအရ ဒီ သံချပ်ကာရထားမှာ တွဲ ၂၀ ကျော်ပါပြီး အစည်းအဝေးခန်း၊ တွေ့ဆုံခန်းနဲ့ အိပ်ခန်းတွေ ပါတယ်လို့ သိရပါတယ်။

ဖက်ဆစ်ကို အောင်နိုင်ပွဲ နှစ် ၈ဝ ပြည့် ဘေဂျင်းမှာ စစ်ရေးပြမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖက်ဆစ်ကို အောင်နိုင်ပွဲ နှစ် ၈ဝ ပြည့် ဘေဂျင်းမှာ စစ်ရေးပြမယ်

ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန် လက်နက်ချတာ နှစ် ၈၀ ပြည့်တဲ့ အခမ်းအနားမှာလည်း သောင်းနဲ့ချီတဲ့ စစ်သားတွေ တီယန်နန်မင် ရင်ပြင်မှာ ချီတက်ကြမှာ ဖြစ်ပါတယ်။

မိနစ် ၇၀ ကြာတဲ့ ဒီစစ်ရေးပြပွဲမှာ ရာနဲ့ချီတဲ့ လေယာဉ်ပျံတွေ၊ တင့်ကားတွေနဲ့ ဒရုန်းရန် ကာကွယ်ရေးစနစ်တွေ အပါအဝင် တရုတ်ရဲ့ နောက်ဆုံးပေါ် လက်နက်ဆန်းတွေကို ထုတ်ပြနိုင်ပါတယ်။ နောက်ပြီး ဒါက တရုတ်ရဲ့ စစ်အင်အားပုံစံသစ်ကို အပြည့်အစုံ ထုတ်ပြတဲ့ ပွဲ ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ဆန့်ကျင်ပြီး ပူတင်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်ထားကြတဲ့ အနောက်နိုင်ငံ ခေါင်းဆောင်အများစုကတော့ ဒီပွဲကို တက်ကြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီပွဲမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် တက်မှာ ဖြစ်လို့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေနဲ့ တရုတ်တို့ ရင်းနှီးမှုကို ပြတဲ့ သက်သေ ဖြစ်နေပါတယ်။

ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖစ်ဇို တယောက်ပဲ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေထဲက ဒီပွဲကို တက်မှာ ဖြစ်ပြီး ဘူလ်ဂေးရီးယားနဲ့ ဟန်ဂေရီက ကိုယ်စားလှယ်တွေ လွှတ်မှာ ဖြစ်ပါတယ်။