ဖိလစ်ပိုင် - ကက်သလစ်ဘာသာဝင်တွေဆုတောင်းပွဲမှာပေါက်ကွဲမှုဖြစ် ၃ ဦးသေဆုံး

မာရာဝီမြို့က ပြည်နယ်တက္ကသိုလ်တစ်ခုမှာလုပ်တဲ့ ခရစ်ယာန်ကက်သလစ်ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲမှာပေါ်က်ကွဲမှုဖြစ်ခဲ့တဲ့ အခင်းနေရာကို စစ်တပ်တွေရောက်ရှိစစ်‌ဆေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PROVINCIAL GOVERNMENT OF LANAO DEL SUR

ဓာတ်ပုံ ပုံစာ, မာရာဝီမြို့က ပြည်နယ်တက္ကသိုလ်တစ်ခုမှာလုပ်တဲ့ ခရစ်ယာန်ကက်သလစ်ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲမှာပေါ်က်ကွဲမှုဖြစ်ခဲ့တဲ့ အခင်းနေရာကို စစ်တပ်တွေရောက်ရှိစစ်‌ဆေးနေပါတယ်။

ဖိလစ်ပိုင်မှာ ဒီကနေ့ ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်း က ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပြီး ၉ ဦးဒဏ်ရာရထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မာရာဝီမြို့က မင်ဒါနာအိုပြည်နယ်တက္ကသိုလ် ရဲ့ အားကစားရုံမှာပြုလုပ်တဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ အစုအဖွဲ့လိုက်ဝတ်ပြုဆုတောင်းပွဲမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့်သေဆုံးခဲ့သူနဲ့ ဒဏ်ရာရသူတွေရဲ့ အခြေအနေကို အသေးစိတ်သိရတာမရှိပါဘူး။ဒါပေမဲ့ သက်လတ်ပိုင်းအမျိုးသမီးကြီးတွေ အများဆုံးပါဝင်ပြီး လူငယ်အချို့လည်းဒဏ်ရာရတဲ့အထဲပါတယ်လို့ကနဦး သတင်းတွေအရသိထားရပါတယ်။

တက္ကသိုလ်တာဝန်ရှိသူတစ်ဦးကတော့ “ကြောက်မက်ဖွယ်ရာ အသိတရားမဲ့တဲ့လုပ်ရပ် ” ဖြစ်တဲ့ ဒီလိုအကြမ်းဖက်မှုကြောင့် အလွန်ဝမ်းနည်းကြေကွဲရတယ်လို့ပြောပါတယ်။

“အကြမ်းဖက်မှုဆိုတာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ နေရာမရှိဘူး၊ အထူးသဖြင့် MSU တက္ကသိုလ်လိုမျိုး အဆင့်မြင့်ပညာသင်ကြားရေးအဖွဲ့အစည်း နေရာမှာလုပ်တာ စက်ဆုပ်စရာပါပဲ” လို့ ဆက်ပြောပါတယ်။

"ကျွန်တော်တို့ ခရစ်ယာန်အသိုက်အဝန်းအနေနဲ့ ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူတွေအားလုံးနဲ့ တညီတညွတ်တည်း ရပ်တည်နေပါတယ်" လို့ တက္ကသိုလ်တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာ ကျောင်းဝင်းအတွင်းမှာ လုံခြုံရေးတင်းကျပ်စွာချထားပြီး ပညာရေးဆိုင်ရာသင်ကြားမှုနဲ့ လှုပ်ရှားမှုအားလုံးကို နောက်ထပ် အသိပေးချက်မထုတ်မချင်း ဆိုင်းငံ့ထားမယ်လို့ တက္ကသိုလ်ဘက်ထုတ်ပြန်ထားပါတယ်။

မင်ဒါနာအိုက ပြည်နယ်အုပ်ချုပ်ရေးမှူး ကတော့ “အကြမ်းဖက်ဗုံးခွဲမှု” ကို ရှုတ်ချတယ်လို့ပြောပါတယ်။

“ကျွန်တော့်ပြည်နယ်မှာ အခြေခံလူ့အခွင့်အရေးကို လက်ကိုင်ထားပြီး ဘာသာရေးဆိုင်ရာ အခွင့်အရေးလည်း တန်းတူပါဝင်ပါတယ်” လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆေးရုံမှာ ‌ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးနေ

ဓာတ်ပုံ ရင်းမြစ်, PROVINCIAL GOVERNMENT OF LANAO DEL SUR

ဓာတ်ပုံ ပုံစာ, ဆေးရုံမှာ ‌ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပညာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ အဆောက်အဦတွေ၊ လူအများစုဝေးတဲ့နေရာတွေကို ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်တာက မဖြစ်သင့်တဲ့လုပ်ရပ်လို့လည်း ဖိလစ်ပိုင်လူထုကြား ဝေဖန်မှတ်ချက်ပြုမှုတွေကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။

'' ဒီနေရာက ငြိမ်းချမ်းရေးနဲ့ လူ့အဖွဲ့အစည်းအတွင်းက ယဉ်ကျေးမှုကို မြှင့်တင်ပေးပြီး ဒီနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် လူငယ်တွေကို ပုံသွင်းပေးတဲ့ နေရာပါ။ ဒီလိုနေရာကိုအကြမ်းဖက်တာကို ရှုတ်ချရမှာ ဖြစ်ပါတယ်။” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အားကစားရုံအနီးနေထိုင်တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ လျှပ်စစ်ထရန်စဖော်မာတစ်လုံး ပေါက်ကွဲသံနဲ့ ဆင်တူတဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ကြားလိုက်ရတယ်လို့ ပေါက်ကွဲမှုဖြစ်ချိန်ကြားရတဲ့အသံကို ပြောပါတယ်။

လက်ရှိမှာ အခင်းဖြစ်တဲ့ တက္ကသိုလ်ရဲ့ ပင်မပရိဝုဏ်အတွင်းမှာ ရဲတပ်ဖွဲ့က တပ်စွဲထားပြီး လူနာတင်ယာဉ်အများအပြားလည်း ဝင်ထွက်နေတယ်လို့ မျက်မြင်သက်သေကဆက်ပြောပါတယ်။

အဲဒီနေရာဟာ ၂၀၁၇ ခုနှစ်က ဖိလစ်ပိုင်အစိုးရတပ်နဲ့ IS စစ်အုပ်စုနဲ့အဆက်အစပ်ရှိတဲ့လက်နက်ကိုင်အဖွဲ့ကြား ၅ လကြာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာလည်းဖြစ်ပြီး အဲဒီတုန်းက လူပေါင်း ၁,၀၀၀ ကျော်သေဆုံးခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ ပေါက်ကွဲမှုကို IS - အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ကိုလိုလားတဲ့ အဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်ချေလို့ ကနဦးကောက်ချက်ချထားပြီး ပေါက်ကွဲမှုကို ‌အသေးစိတ်စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။