ဖိလစ်ပိုင်မှာ ယေရှုသွင်ပြင်ဖျော်ဖြေသူ တစ်ဦး တိုင်တန်းခံထားရ

ကလပ်အချို့ က လူကာရဲံ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, PURA LUKA VEGA/ INSTGRAM

ဖိလစ်ပိုင်မှာ နိုက်ကလပ်၊ ဘားတွေမှာ မိန်းမလိုဝတ်ဆင် ဖျော်ဖြေတဲ့ Drag Queen Dancer တစ်ဦးကို ယေရှုခရစ်လို ဝတ်စားပြင်ဆင်ပြီး သခင့်ဆုတောင်းချက် ဘုရားသီချင်းကို ရော့ခ်ဂီတနဲ့ သရုပ်ဖော်တဲ့ ပုံစံနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က ခရစ်ယာန်ဘာသာရေးအဖွဲ့တွေက အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

စွဲချက်တင်တဲ့ တိုင်ကြားစာမှာ ဖျော်ဖြေသူ အသက် ၃၃ နှစ်အရွယ် ပူရာလူကာဗီဂါဟာ ဘာသာတရားနဲ့ ကိုးကွယ်ရာကိုစော်ကားတယ်လို့ ဖော်ပြထားပါတယ်။

ယေရှုသွင်ပြင်ပုံစံယူပြီး ကျမ်းစာကိုဂီတနဲ့ တွဲဖက်ဖျော်ဖြေနေတဲ့ သူ့ရဲ့တင်ဆက်မှုရုပ်သံဖိုင်ဟာ ဖိလစ်ပိုင်နိုင်ငံတွင်း ပြီးခဲ့တဲ့လက ပျံ့နှံ့သွားခဲ့တာပါ။

လူကာ ကတော့ သူ့ရဲ့ အနုပညာဖျော်ဖြေမှုတစ်ရပ်သာဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေကို ခုခံကာကွယ်ပြောဆိုထားပါတယ်။

ဘားတစ်ခုမှာ ယေရှုပုံစံဖျော်ဖြေတဲ့အဲဒီရုပ်သံဖိုင်ကို လူကာကိုယ်တိုင်က အရင်တွစ်တာလို့လူသိများတဲ့ X မှာတင်ခဲ့တာကနေ လူသိများပြီး ပျံ့နှံ့ခဲ့တာပါ။

ဘာသာရေးကိုင်းရှိုင်းတဲ့နိုင်ငံမှာ သူ့ရဲ့ ဖျော်ဖြေမှုဟာ ဒေါသထွက်စရာဖြစ်စေပြီး ခရစ်ယာန်အသင်းတော်တွေက တာဝန်ရှိသူတွေနဲ့ ဥပဒေပြုရေးအမတ်တွေကတော့ နိုင်ငံရဲ့ဘာသာကို စော်ကားတာလို့ ဆိုပါတယ်။

လူကာနဲ့သူငယ်ချင်းသေဒဏ်ချမှတ်ခံရမယ်ဆိုတဲ့အထိခြိမ်းခြောက်စာတွေရ

ဓာတ်ပုံ ရင်းမြစ်, PURA LUKA VEGA/ INSTGRAM

ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာပဲ ယေရှုလှုပ်ရှားမှုအတွက် ပရိုတက်စတင့်အသင်းတော်ခေါင်းဆောင်တွေ ပါဝင်ခဲ့ပြီး မနီလာတရားရုံးမှာ ရာဇဝတ်မှုနဲ့ လူကာကို စွဲချက်တင်တိုင်ကြားခဲ့ကြတာပါ။

အသင်းတော်တွေရဲ့ စွပ်စွဲချက်မှာ လူကာဟာ နိုင်ငံရဲ့ ရာဇသတ်ကြီးပုဒ်မ ၂၀၁ ဖြစ်တဲ့ စော်ကားတိုက်ခိုက်တဲ့ ထုတ်ဝေဖြန့်ချိမှုနဲ့ မသင့်လျော်တဲ့ တင်ဆက်မှုတွေလုပ်ရင် ပြစ်ဒဏ်ကျနိုင်တဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ပြောထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ထပ် ကက်သလစ်အဖွဲ့ Nazarene Brotherhood ကလည်း အခုသီတင်းပတ်ထဲမှာပဲ ဒုတိယတိုင်ကြားချက်အနေနဲ့ တိုင်ထားပါတယ်။

အစိုးရရှေ့နေတွေကတော့ ဒါကို အမှုစွဲတင်စစ်ဆေးမလားဆိုတာကို မပြောသေးပါဘူး။

စပိန် ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ရိုမန်ကက်သလစ်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပါတယ်။

လူကာရဲ့ ‌ယေရှုသွင်ပြင်ဖျော်ဖြေနေတဲ့ရုပ်သံဖိုင် ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာပဲ မြို့တော် မနီလာအပါအဝင် မြို့အများစုမှာ လူကာ ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုပုံစံတစ်ခုလုပ်ခဲ့ပြီး သူ့ကိုဘယ်သူမှကြိုဆိုထောက်ခံတာမလုပ်တော့ဘူးဆိုတာလည်း ဖော်ပြခဲ့ကြပါတယ်။

လူကာ ရဲ့ အခုဖြစ်စဥ်ကြောင့် သူနဲ့ အတူ ကလပ်တချို့က စီစဥ်ထားတဲ့ ရှိုးပွဲတွေကို ဖျက်လိုက်ရပါတယ်။ ဒါ့ကြောင့် ကုန်ကျစရိတ်တွေ ဆုံးရှုံးကြတာရှိပါတယ်။ လူကာလို မိန်းမလို ဝတ်ဆင်ဖျော်ဖြေသူအများစုဟာကလပ်တွေမှာ ကပြဖျော်ဖြေကြတဲ့ပုံစံနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တွေအတွင်း ဖိလစ်ပိုင်က Drag Queen မိန်းမလို ဖျော်ဖြေသူတွေ (ပုံမှန်အားဖြင့် အမျိုးသား‌တွေဖြစ်ပြီး အများစုက အမျိုးသမီးပုံစံဝတ်ဆင်ကာတင်ဆက်ကပြသူ)ဟာ အများအားဖြင့် လူရွှင်တော်လို ဖျော်ဖြေမှုတွေ၊ အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေကို တုပ ဖျော်ဖြေမှုတွေ၊ စင်တင် ဟာသပျက်လုံးထုတ် ဖျော်ဖြေမှုတွေကို တင်ဆက်ပြီး ပရိသတ်တွေကိုပါ ဟာသလုပ် အရွှန်းဖောက်တတ်ပါတယ်။

လူကာကလည်း အဲဒီ Drag Queen မျိုးဆက်တွေထဲက တစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီး သူတို့ကိုယ်သူတို့ အနုပညာရှင်အဖြစ် သတ်မှတ်ထားတာပါ။ သူတို့ရဲ့ အနုပညာကနေ လွတ်လပ်စွာပြောဆိုဖန်တီးခွင့်ကိုလည်း သွေးတိုးစမ်း တတ်ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များ ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာသာ Jerome Secillano ကတော့ ဘာသာတရားကိုတင်ဆက်တဲ့အခါ ရိုသေလေးစားမှုရှိသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

'' လူကာက အနုပညာပါလို့ပြောနေတာ သိပါတယ်။ သူတို့လုပ်ခဲ့တာက ငါတို့ရဲ့ ယုံကြည်သက်ဝင်မှုကို ပျက်ရယ်ပြုနေတာပဲ။”

အဲဒါကို အမျိုးသား၊ အမျိုးသမီး နဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQ အသိုင်းအဝိုင်း က ဘယ်သူပဲလုပ်လုပ် “ ဒီလုပ်ရပ်ကို စော်ကားတဲ့လုပ်ရပ်လို့ ပဲပြောချင်တယ် ” လို့ ဘီဘီစီကို ပြောပါတယ်။

လူကာကတော့ သူ့ရဲ့ယေရှုသွင်ပြင်‌ဖျော်ဖြေခဲ့မှုကို တောင်းပန်ခဲ့ပြီး သူ့ရဲ့ ယုံကြည်သက်ဝင်မှုအပေါ် ထုတ်ဖော်ပြသခွင့်ကိုတော့ ကာကွယ်ပြောဆိုပါတယ်။

"လူကာက ဘာသာရေးနောက်ခံနဲ့ ကြီးပြင်းလာတာကို လူတွေ နားမလည်ကြတာပါ။ အားလုံးက ကိုယ့်ယုံကြည်​ချက်​ကို ကိုယ့်​နည်းကိုယ့်​ဟန်​နဲ့ ကျင့်​သုံး​နေကြတာပါပဲ'' လို့ လူကာနဲ့ အလုပ်အတူတွဲလုပ်နေတဲ့ Dulcinea Zulueta ကပြောပါတယ်။

လူကာ ကတော့ ဘီဘီစီကို တစ်စုံတစ်ခုတုံ့ပြန်ဖို့ ငြင်းဆိုထားပါတယ်။

Zulueta အပြောအရသူတို့နှစ်ဦးလုံး အသက်အန္တရာယ် ခြိမ်းခြောက်မှုကိုခံနေရတယ်လို့ ဆိုပါတယ်။

'' လူကာကို ထောက်ခံတဲ့အတွက်ကြောင့်ကြံရာပါတစ်ယောက်လို့ ခေါ်ပါတယ်။ သင်းအုပ်ဆရာတွေဆီကနေ နင်တို့ငရဲကျမယ်လို့ပြောထားတဲ့ မက်ဆေ့ချ်တွေ ရခဲ့ပါတယ်" လို့ ပြောပါတယ်။

အရင်ကလည်း အလားတူပြဿနာအချို့ ဖိလစ်ပိုင်မှာရှိခဲ့တာပါ။ ဖိလစ်ပိုင် အနုပညာရှင်အချို့က ခရစ်ယာန်ဘာသာ ရဲ့ ယုံကြည်ခြင်းကို စော်ကားတယ်လို့ ထင်မြင်စေတဲ့ ဖျော်ဖြေပွဲ ဒါမှမဟုတ် အနုပညာ ‌ဖန်တီးမှုတခုကို ဖျော်ဖြေကြလို့ ပြောစရာဆိုစရာဖြစ်ခဲ့တာပါ။